၂၀၂၅ ခုနှစ်တွင် ကမ္ဘောဒီးယားမှ စိုက်ပျိုးရေးထွက်ကုန် တန်ချိန် ၆ သန်း တင်ပို့
စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန (MAFF) အောက်ရှိ စိုက်ပျိုးရေး အထွေထွေညွှန်ကြားမှု ဗဟိုဌာန (GDA) ၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း ကမ္ဘောဒီးယား နိုင်ငံသည် ဆန်မဟုတ်သော စိုက်ပျိုးရေးထွက်ကုန် တန်ချိန် ၆ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၃ ဘီလီယံခန့် ဝင်ငွေ ရရှိခဲ့ကြောင်း သိရသည်။
GDA ၏ ဒုတိယညွှန်ကြားရေးမှူး ချုပ် Sin Sophornက ဆန်မဟုတ်သော သီးနှံများ တင်ပို့ မှုသည် ၂၀၂၄ ခုနှစ် ကာလတူနှိုင်းယှဉ်ပါက တန်ချိန် ၄၆၅,၀၀၀ ခန့် ပိုမိုတိုးတက်လာကြောင်း ပြော ကြားသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ဥယျာဉ်ခြံသီးနှံစိုက်ပျိုးရေးထုတ်ကုန်မျိုးစုံကို တင်ပို့ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ၎င်းတို့အထဲတွင် လတ်ဆတ်သော ပီလောပီနံအစို ၂ ဒသမ ၂၈ သန်း တန်၊ ပီလောပီနံအခြောက် ၁ ဒသမ ၃၈ သန်း တန်၊ သီဟိုဠ်စေ့ ၆၃၄,၀၀၀ တန်၊ လတ်ဆတ်သော သရက်သီး ၂၄၅,၀၀၀ တန်၊ ငှက်ပျော သီး ၃၀၀,၀၀၀ တန်၊ ပြောင်း ၁၇၀,၀၀၀ တန်၊ လောင်ဂန်သီး ၂၃,၇၂၇ တန်၊ အခြားသီးနှံထွက်ကုန် ၉၅ မျိုးအား စုစုပေါင်း တန်ချိန် ၇၀၀,၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံသို့ ဆန်မှလွဲ၍ အခြားသီးနှံများ တင်ပို့မှု၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၆၀ သန်းခန့် ရှိပြီး ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးထွက်ကုန် စုစုပေါင်း တင်ပို့မှုတန်ဖိုး ၏ ၆ ဒသမ ၂၂ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း သိရသည်။
Sophorn က ဆက်လက်ပြောကြားရာတွင် ၂၀၂၅ ခုနှစ်အတွင်း စုစုပေါင်း သီးနှံတင်ပို့မှုသည် ၂၈ ဒသမ ၅၇ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း သီးနှံအချို့တွင် ကျဆင်း မှုရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ လယ်သမားများစွာသည် သိုလှောင်သက် တမ်းပိုရှည်ပြီး ဈေးကွက်တန်ဖိုးပိုမိုရှိသည့် ပီလောပီနံ အခြောက်နှင့် ပီလောပီနံအမှုန့်ထုတ်လုပ်ရာသို့ ပြောင်းလဲခဲ့ကြသောကြောင့် ပီလောပီနံအစိုတင်ပို့မှု ကျဆင်းခဲ့သည်။ ၂၀၂၄ ခုနှစ် ကာလတူနှိုင်းယှဉ်ပါက ပီလောပီနံ အခြောက်တင်ပို့မှု ၆၀ ဒသမ ၉၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ပီလောပီနံအမှုန့်တင်ပို့မှု မှာ ၈၂ ဒသမ ၅၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
ထိုင်းနိုင်ငံက နယ်စပ်ဖြတ်သန်းရာနေရာ အချို့ကို ပိတ်ခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ဇွန် ၂၄ ရက်မှ အောက်တိုဘာကုန်အထိ ထိုင်းနိုင်ငံသို့ ရေကြောင်းမှတစ်ဆင့် သီးနှံထွက်ကုန်များ တန်ချိန် ၂,၃၉၈ တန်တင်ပို့ခဲ့ပြီး ၎င်း၏ တန်ဖိုးမှာ အမေရိ ကန်ဒေါ်လာ ၇ သန်းခန့် ရှိခဲ့သည်။ အောက်တိုဘာတစ်လတည်းတွင် တန်ချိန် ၆၇၀၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ခန့်ရှိသော ကုန်ပစ္စည်းများ တင်ပို့ခဲ့ကြောင်း သိရသည်။ ယင်းသည် စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက၂၇ ဒသမ ၅၂ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရှိရသည်။
အေးအေးခိုင်
https://www.freshplaza.com/asia/article/9784228/cambodia-exports-6-million-tons-of-produce-in-2025/