ဂျပန်နိုင်ငံတွင် မတ်ဆူတာကီမှို ခူးဆွတ်မှုကျဆင်း၍ တင်သွင်းမှုကို အားထားနေရ

ဂျပန်နိုင်ငံတွင် မတ်ဆူတာကီမှို ခူးဆွတ်မှုကျဆင်း၍ တင်သွင်းမှုကို အားထားနေရ

မြေအိုးထဲတွင် ထမင်းနှင့်ရော နှော၍ ပေါင်းလေ့ရှိသော မတ်ဆူတာကီမှိုသည် ဂျပန်နိုင်ငံ၏ ရိုးရာဆောင်းဦးရာသီ အစားအစာတစ်ခုအဖြစ် ရပ်တည်လျက်ရှိသော်လည်း ပြည်တွင်း ထုတ်လုပ်မှုမှာ ဆက်လက် ကျဆင်းလာကာ တင်သွင်းကုန်များအပေါ် မှီခိုမှု မြင့်တက်လာနေသည်။

စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန၏ စာရင်းဇယားများအရ ဂျပန်နိုင်ငံ၏ နှစ်စဉ် မတ်ဆူတာကီမှိုထုတ်လုပ်မှုသည် ၁၉၄၁ ခုနှစ်တွင် တန်ချိန် ၁၂,၀၀၀ ဖြင့် အမြင့်ဆုံးရှိခဲ့ပြီး ၁၉၆၀ ခုနှစ်သို့ရောက်ရှိချိန်တွင် တန်ချိန် ၃,၅၀၀ အထိ ကျဆင်းသွားခဲ့သည်။ ဤကျဆင်းမှုသည် သစ်တောများနှင့် လယ်ယာမြေများကြားရှိ ကျေးလက်ဒေသများ (Satoyama) ဆုံးရှုံးမှု၊ ပိုးမွှား များကြောင့် ပျက်စီးမှုနှင့် ဤလုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်သည့် လူငယ်လုပ်သားအင်အား နည်းပါးမှုတို့ကြောင့် ဖြစ်သည်ဟု သိရသည်။

မကြာသေးမီနှစ်များဖြစ်သော ၂၀၁၀ ခုနှစ်၌ တန်ချိန် ၁၄၀ ထွက်ရှိခဲ့သည်မှလွဲ၍ ပြည်တွင်း ရိတ်သိမ်းမှုများသည် တန်ချိန် ၁၀၀ အောက်သာ ရှိခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ထုတ်လုပ်မှု သည် တန်ချိန် ၁၄ အထိ ကျဆင်းသွားခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၄၅ အထိ ရှိမည်ဟု ခန့်မှန်းရသည်။ အဓိကထုတ်လုပ်သည့် ဒေသများမှာ နာဂနိုနှင့် အီဝတဲခရိုင်များ ဖြစ်ကြသည်။

လက်ရှိတွင် ဂျပန်နိုင်ငံ၏ စုစုပေါင်း မတ်ဆူတာကီမှိုလိုအပ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို တင်သွင်းနေရခြင်းဖြစ်သည်။ ဤတင်သွင်းမူများ၏ (၆၀) ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံမှ ရရှိပြီး ကျန်ပမာဏကို အမေရိကန်နှင့် ကနေဒါနိုင်ငံများမှ ထပ်မံတင်သွင်းနေရသည်။

စိုက်ပျိုးရေးနည်းပညာများ မပြည့်စုံသေးသောကြောင့် မတ်ဆူတာကီမှိုများကို သဘာဝအလျောက်ပေါက်ရောက်သည်ကို ဆက်လက်ခူးယူစုဆောင်းနေရဆဲဖြစ်သည်။ ဤကဲ့သို့ ရှားပါးမှု ကြောင့် ဆောင်းဦးရာသီကာလအတွင်း ၎င်းတို့၏ ဈေး နှုန်းများ မြင့်မားနေရခြင်းဖြစ်သည်။ ပြည် တွင်းထုတ် မတ်ဆူတာကီမှိုများ၏ ဈေးနှုန်းမှာ ၁၀၀ ဂရမ်လျှင် အမေရိကန်ဒေါ်လာ (၃၃-၆၆) ကြား ရှိပြီး တင်သွင်းကုန် မတ်ဆူတာကီမှိုများမှာမူ ၁၀၀ ဂရမ်လျှင် အမေရိကန်ဒေါ်လာ (၆ ဒသမ ၆၀ -၂၀) ကြားသာ ရှိတတ်ကြောင်း သိရှိရသည်။

အေးအေးခိုင်

https://www.freshplaza.com/asia/article/9775053/japan-relies-on-imports-as-matsutake-harvests-decline/