စားတော်ပဲအား အကောက်ခွန်လွတ် တင်သွင်းခွင့် အိန္ဒိယရပ်ဆိုင်း
စိုက်ပျိုးသူများ ပိုမိုကောင်းမွန်သော ဈေးနှုန်းများ ရရှိစေရန် ရည်ရွယ်သည့် လုပ်ဆောင်ချက် တစ်ရပ်အနေဖြင့် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ဈေးကွက်တွင် ပဲမျိုးစုံဈေးနှုန်းများ သိသိသာသာကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းအဖြစ် သတ်မှတ်ခံထားရသော စားတော်ပဲအား အကောက်ခွန်ကင်း လွတ်ခွင့်ဖြင့် တင်သွင်းမှုကို ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ အဆိုပါ လုပ်ဆောင်ချက်သည် ခါရစ် (မိုးရာသီ) သီးနှံများ ဈေးကွက်သို့ ရောက်ရှိလာမှုအမြင့်ဆုံးအနေအထားသို့ ရောက်ရှိနေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း The Hindu Businessline သတင်းဌာနက အောက်တိုဘာ ၂၉ ရက်နေ့က ဖော်ပြသည်။
ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ၂၉ ရက်နေ့) ညနေပိုင်းက ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာတစ်ရပ်တွင် ယခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှစ၍ စားတော်ပဲ တင်သွင်းမှုအပေါ် ၁၀ ရာခိုင်နှုန်း တင်သွင်းခွန်နှင့် ၂၀ ရာခိုင်နှုန်း စိုက်ပျိုးရေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး အခွန် (AIDC) တို့ကို ကောက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းသို့ ပြည်ပမှ စားတော်ပဲတင်သွင်းမှုများကို အခွန်ကင်းလွတ်ပြုလုပ်ပြီး ၇ လအတွင်း ယခု ကဲ့သို့ အကောက်ခွန်ပြန်လည်ကောက်ခံရန် လုပ်ဆောင်ချက်သည် Telangana၊ Odisha၊ Mahara- shtr နှင့် Madhya Pradesh ပြည်နယ်များရှိ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံတို့ကို ၎င်းတို့၏ သက်ဆိုင် ရာ အနိမ့်ဆုံးပံ့ပိုးဈေးနှုန်းများ (MSPs) ဖြင့် ဝယ်ယူရန် အစိုးရ၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်းဖြစ် သည်။ ပဲပုပ်များ အပါအဝင် အဆိုပါ ဝယ်ယူမှုသည် ခန့်မှန်းခြေအားဖြင့် အစိုးရ ၏ အသုံးစရိတ် ရူပီး ၁၅,၀၉၅ ဒသမ ၈၃ ကုဋေကို ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။
စားတော်ပဲတင်သွင်းခွန်ကို ပြန်လည်ကောက်ခံရန် ဆုံးဖြတ် ချက်သည် အိန္ဒိယစိုက်ပျိုးသူများ အား ပိုမိုကောင်းမွန်သော ဈေးနှုန်းများ ရရှိစေရန် ကူညီပေးမည်ဖြစ်သည်။ လက်ရှိတွင် ၎င်းတို့သည် အစိုးရက သတ်မှတ်ထားသော အနိမ့်ဆုံးပံ့ပိုးဈေးနှုန်းများ (MSPs) ထက် လျော့နည်းသောနှုန်းထား များကိုသာ ရရှိနေခြင်းကြောင့်ဖြစ်သည်။ ပဲစင်းငုံဈေးနှုန်းများသည် ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၇,၅၅၀ MSP သတ်မှတ်ထားသော်လည်း ရူပီး ၇,၀၀၀ အောက်တွင် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ မတ်ပဲဈေးနှုန်းမှာ ရူပီး ၇,၄၀၀ MSP သတ်မှတ်ထားသော် လည်း ရူပီး ၆,၁၅၀ တွင် ရှိနေကြောင်း သိရသည်။ ပဲတီစိမ်းဈေးနှုန်းမှာမူ ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၈,၆၈၂ MSP သတ်မှတ်ထားသော်လည်း ရူပီး ၆,၅၅၇ ဖြင့် ဈေးခေါ်နေကြောင်း သိရသည်။
ထို့အပြင် ကနေဒါနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဩစတေးလျနှင့် ရုရှားနိုင်ငံတို့ကဲ့သို့သော နိုင်ငံများတွင် သီးနှံအထွက်နှုန်း ကောင်းမွန်မှုကြောင့် ကမ္ဘာ့ဈေးကွက်ရှိ ပဲမျိုးစုံဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။ အာဖရိကနိုင်ငံများတွင်လည်း ပဲစင်းငုံ (Tur) အထွက်နှုန်း ကောင်းမွန်ခဲ့ကြောင်း သိရသည်။
ကမ္ဘာလုံးဆိုင်ရာ ပဲမျိုးစုံအဖွဲ့ချုပ် (Global Pulses Confederation) မှ အချက်အလက်များအရ ပဲမျိုးစုံ၏ ဈေးနှုန်းများသည် လွန်ခဲ့သော ၃ လအတွင်း ၁၀ ရာခိုင်နှုန်းမှ ၁၂၀ ရာခိုင်နှုန်းအထိ ကျ ဆင်းခဲ့ကြောင်း တွေ့ရှိရသည်။ ဥပမာအားဖြင့် ပဲနီလေး (Green Lentils) ဈေးနှုန်းများသည် ဩဂုတ်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၆၅-၇၈၅ ရှိခဲ့သော်လည်း လက်ရှိတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၁၀-၆၄၀ အထိ ကျဆင်းခဲ့ကြောင်း သိရသည်။
အာဖရိကမှ ပဲစင်းငုံ ဈေးနှုန်းများသည် ဩဂုတ်တွင် အမေရိကန်ဒေါ်လာ ၆၀၀ ကျော်မှ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၀ အထိ သိသိသာသာ ကျဆင်းခဲ့သည်။ အလားတူပင် ကုလားပဲဈေးနှုန်းများ သည် ဩဂုတ်တွင် အမေရိကန်ဒေါ်လာ ၇၀၀ ဝန်းကျင်မှ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၀ အောက်သို့ ထိုးဆင်းသွားခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ အိန္ဒိယနိုင်ငံက စားတော်ပဲအား အကောက်ခွန်လွတ်တင်သွင်းမှုကို ရပ်ဆိုင်းလိုက်ပြီး စုစုပေါင်းအခွန် ၃၀ ရာခိုင်နှုန်းအထိ ပြန်လည်ကောက်ခံလိုက်ခြင်းကြောင့် မြန်မာနိုင်ငံမှ စားတော်ပဲ တင်ပို့သူများအနေဖြင့် ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းမည်ဖြစ်ပြီး အိန္ဒိယဈေးကွက်သို့ တင်ပို့ မှုပမာဏ လျော့ကျသွားနိုင်ကြောင်း တွေ့ရှိရပါသည်။ သို့သော် အိန္ဒိယအစိုးရက ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံတို့အား အနိမ့်ဆုံးပံ့ပိုးဈေးနှုန်း (MSPs) ဖြင့် ဝယ်ယူပံ့ပိုးနေခြင်းသည် မြန်မာနိုင်ငံအတွက် အဆိုပါ ပဲအမျိုးအစားများ တင်ပို့မှုတည်ငြိမ်ရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်မည့် အခွင့်အလမ်း ရှိကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။
ကောင်းထွဋ်အောင်
The Hindu Businessline, India ends duty-free yellow peas imports, October 29, 2025.