ဂျပန်နိုင်ငံတွင် အသစ်ရိတ်သိမ်းထားသည့် ဆန်ဈေးနှုန်းများ စံချိန်တင် မြင့်တက်လျက်ရှိ
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ၌ ဂျပန်နိုင်ငံတွင် အသစ်ရိတ်သိမ်းထားသည့် ဆန်ဈေးနှုန်းများ မှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်း ယှဉ်ပါက ၆၃ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဂျပန် စိုက် ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း ၂၂-၁၀-၂၀၂၅ ရက်နေ့ထုတ် The Asahi Shimbun သတင်းစာတွင် “Trading price for newly harvested rice reaches record high” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။
အဆိုပါ သတင်းတွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ၌ ဆန်လုံးညို ၆၀ ကီလိုဂရမ်၏ ဈေးနှုန်းမှာ အခွန်အပါအဝင် ၃၆,၈၉၅ ယန်း (အမေရိကန်ဒေါ်လာ ၂၄၃ ဒေါ်လာ) ရှိခဲ့ပြီး၊ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၄,၁၉၅ ယန်း မြင့်တက်ခဲ့ကြောင်း၊ ဂျပန်စိုက်ပျိုးရေးသမဝါယမနှင့် အခြားသော ဆန်စပါးဝယ်ယူ စုဆောင်းသူများအနေ ဖြင့် လက်ကားဖြန့်ဖြူးသူများထံ ပြန်လည်ရောင်းချသည့် ပျမ်းမျှဈေးနှုန်းကို ဆန်စပါးပေါက်ဈေး ဟု သတ်မှတ်ကြပြီး၊ ရိတ်သိမ်းပြီး ဆန်စပါးများ ဈေးကွက်အတွင်းရောက်ရှိသည့် စက်တင်ဘာမှစတင်၍ လစဉ်ဈေးကွက်ပေါက်ဈေး အသစ် သတ်မှတ်လေ့ရှိကြောင်း ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်၊ မေတွင် ရိတ်သိမ်းခဲ့သည့် ဆန်စပါးဈေးနှုန်းများမှာ ၆၀ ကီလိုဂရမ်လျှင် ယန်း ၂၇,၆၄၉ ရှိခဲ့ပြီး၊ အမြင့်ဆုံး ဖြစ်ခဲ့ကြောင်းနှင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာတွင် အဆိုပါ ဈေးနှုန်းထက် ယန်း ၉,၂၄၆ (သို့မဟုတ်) ၃၃ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင်ရောင်းချခဲ့သည့် ဆန်ပမာဏမှာ တန်ချိန် ၁၆၀,၀၀၀ ရှိခဲ့ပြီး၊ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ် ပါက ၉၃,၀၀၀ တန် (သို့မဟုတ်) ၃၆ ရာခိုင်နှုန်း လျော့ နည်းခဲ့ကြောင်း ဖော်ပြထားပါသည်။
၂၀၂၄ ခုနှစ်၊ နွေရာသီတွင် ဂျပန်နိုင်ငံ၌ ဆန်ပြတ်လပ်မှုများ ဖြစ်ပွားခဲ့ပြီး၊ ဆန်ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းကြောင့် ယခုအခါ ပုဂ္ဂလိကဆန်ဝယ်ယူသူများအနေဖြင့် လယ်သမားများထံမှ ဆန် အပြိုင်အဆိုင် ဝယ်ယူလျက်ရှိကြသဖြင့် ဂျပန်နိုင်ငံ၏ ဆန်ဈေးနှုန်းမှာမြင့်တက်လျက်ရှိကြောင်း၊ ထိုသို့ မြင့်တက်ခဲ့မှုကြောင့် ဂျပန်စိုက်ပျိုးရေးသမဝါယမအနေ ဖြင့်လည်း ဈေးကွက်ပေါက်ဈေးကို တိုးမြှင့်သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဈေးကွက်ပေါက်ဈေးမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင် နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း၊ ဆန်အများအပြား စိုက်ပျိုးထုတ်လုပ်မှုကြောင့် ဆန် ဈေးနှုန်းများ ကျဆင်းလာမည်ကိုလည်း ဆန်စိုက်ပျိုးသူများအနေဖြင့် စိုးရိမ်လျက်ရှိကြကြောင်း၊ ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆန်စပါးတန်ချိန် ၇ ဒသမ ၁၅ သန်း ထွက်ရှိနိုင်ပြီး၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက တန် ချိန် ၆၃၄,၀၀၀ များပြားနိုင်ကြောင်းဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာန က ခန့်မှန်းထားကြောင်း ဖော်ပြ ထားပါသည်။
ဂျပန်နိုင်ငံတွင် ၂၀၂၃ ခုနှစ်၌ ရာသီဥတု ပူပြင်းခဲ့သည့်အတွက် ၂၀၂၄ ခုနှစ်၊ ဆန်စပါးရိတ် သိမ်းချိန်တွင် ဆန်အထွက်နှုန်း ကျဆင်းခဲ့သည်။ ထိုသို့ ဆန်အထွက်နှုန်း ကျဆင်းချိန်တွင် ဂျပန် နိုင်ငံ၌ ယန်းငွေတန်ဖိုး အလွန်အမင်းကျဆင်းခဲ့မှုကြောင့် နိုင်ငံခြားသားခရီးသွားများ အများအပြား လာရောက်ခဲ့သည့် အတွက် ဆန်ဝယ်လိုအား မြင့်တက်ခဲ့ကာ ရောင်းလိုအားဝယ်လိုအား မမျှတမှု ဖြစ် ပေါ်ခဲ့ပြီး ဆန်တန်ချိန် ၄ သိန်း ပြတ်လပ်မှုဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် စားသောက်ဆိုင်လုပ်ငန်း ကြီးများနှင့် ဆန်နှင့်ဆက်စပ်သည့် ထုတ်ကုန်များ ထုတ်လုပ်သူများအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များ ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကြိုတင်စာချုပ်များ ချုပ်ဆိုကာ လယ်သမားများထံမှ ဆန် အပြိုင် အဆိုင် ဝယ်ယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိခြင်းကြောင့် ဆန်ဈေးနှုန်းများမှာ ဆက် လက်မြင့်တက်လျက်ရှိကြောင်း သုံးသပ်ရပါသည်။
သူဇာဖြိုး