အိန္ဒိယတွင် မုတ်သုံမိုး စောစီးစွာ ရွာသွန်းမှုကြောင့် မိုးပဲတီစိမ်း စိုက်ဧက ၁၁ ရာခိုင်နှုန်းကျော် တိုးတက်

အိန္ဒိယနိုင်ငံတွင် ယခုနှစ် မုတ်သုံမိုးစောစီးစွာ ရွာသွန်းမှုကြောင့် Rajasthan၊ Karnataka နှင့် Maharashtra ပြည်နယ်များအပါ အဝင် ပဲတီစိမ်းအဓိကထုတ်လုပ်သည့် ပြည်နယ်များတွင် မျိုးစေ့ချ ခြင်းကို အထောက်အကူပြုခဲ့ရာ ယခုလ ၂၁ ရက်နေ့အထိ ပဲတီစိမ်းစိုက်ဧက ၁၁ ရာခိုင်နှုန်းကျော် တိုးတက်လာပြီး ဟက်တာ ၂၇ ဒသမ ၃၁ သိန်း အထိ ရောက်ရှိခဲ့ကြောင်း The Hindu Businessline သတင်းဌာနက ဖော်ပြသည်။
အစိုးရ၏ ကြမ်းခင်းဈေး (Minimum support price-MSP) တိုးမြှင့်ပေးမှုနှင့် ယခင်စိုက်ပျိုး ရာသီ များတွင် အစိုးရ၏ ဝယ်ယူမှုများကြောင့် တောင်သူများသည် ပဲတီစိမ်းစိုက်ဧကကို တိုးချဲ့လျက် ရှိကြောင်း တွေ့ရှိရသည်။ ပဲတီစိမ်းစိုက်ဧကသည် ပဲစင်းငုံနှင့် မတ်ပဲကဲ့သို့သော အခြားအဓိက ကာ ရစ် (မိုးရာသီ) ပဲမျိုးရင်းဝင်များထက် ပိုမိုများပြားကြောင်း သိရသည်။ အစိုးရသည် ၂၀၂၅-၂၆ ရာသီ အတွက် ပဲတီစိမ်း၏ MSP ကို ယခင်နှစ်က ရူပီး ၈,၆၈၂ မှ ၁ ရာခိုင်နှုန်း တိုးမြှင့်၍ ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၈,၇၆၈ အထိ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။
ပဲစိုက်ဧရိယာတိုးချဲ့မှုတွင် Rajasthan ပြည်နယ်သည် အခြားပြည်နယ်များထက် ဦးဆောင်နေ ကြောင်း တွေ့ရှိရသည်။ ယခုလ ၂၃ ရက်နေ့အထိ Rajasthan ရှိ ပဲတီစိမ်းစိုက်ဧက ၁၆ ရာခိုင်နှုန်း တိုးလာပြီး ဟက်တာ ၂၂ ဒသမ ၁၉ သိန်းအထိ ရှိကြောင်း သိရသည်။ ယခုလ ၁၈ ရက်နေ့အထိ Karnataka ပြည်နယ်ရှိ ပဲတီစိမ်းစိုက်ဧကသည် ဟက်တာ ၄ ဒသမ ၁ သိန်းတွင် ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေသော်လည်း Gujarat ပြည်နယ်တွင် ၃၂,၉၉၀ ဟက်တာ (ယခင်နှစ်က ၂၇,၄၀၈ ဟက်တာ) အထိ တိုးတက်ခဲ့ကြောင်း တွေ့ရှိရသည်။ Telangana ပြည်နယ်တွင် ပဲတီစိမ်းစိုက်ဧက သည် ယခုလ ၂၃ ရက်နေ့အထိ ၄၉,၈၁၅ ဟက်တာ (ယခင်နှစ်က ၅၇,၈၅၃ ဟက်တာ) ဖြင့် လျော့နည်းခဲ့ကြောင်း သိရသည်။ Maharashtra ပြည်နယ်တွင် ပဲတီစိမ်းကို ဟက်တာ ၂ ဒသမ ၀၂ သိန်းခန့် စိုက်ပျိုးထားကြောင်း သိရ
သည်။
"ဒီနှစ် ပဲတီစိမ်းစိုက်ပျိုးမှုက ပဲစင်းငုံ ဒါမှမဟုတ် မတ်ပဲထက် အများကြီး ပိုကောင်းပါတယ်။ MSP မြင့်မားခြင်း၊ မုတ်သုန်ရာသီ စောစီးစွာရောက်ရှိခြင်းနဲ့ ပဲတီစိမ်းက ရက် ၆၀ ကနေ ၈၀ လောက် ပဲ ကြာတဲ့သီးနှံဖြစ်ခြင်းစတဲ့ အချက်တွေက တောင်သူတွေကို စိတ်ဝင်စားမှု မြင့်တက်စေခဲ့ပါတယ်" ဟု အိန္ဒိယ ပဲမျိုးစုံနှင့် သီးနှံအသင်း (India Pulses and Grains Association -IPGA) ၏ အတွင်းရေးမှူး Satish Upadhyay က ပြောကြားခဲ့သည်။
"Rajasthan ပြည်နယ်မှာ ပဲတီစိမ်းစိုက်ပျိုးမှုက အရမ်းကောင်းပါတယ်။ ဒါပေမဲ့ တစ်ခုပဲ စိုးရိမ်တာက အချို့ဒေသတွေမှာ မိုးတွေအရမ်းများနေတာပါပဲ။ Maharashtra နဲ့ Karnataka ပြည် နယ်တွေမှာလည်း မိုးရွာနေတာက စိုးရိမ်စရာပါပဲ" ဟု Upadhyay က ပြောကြားခဲ့သည်။
Ahmedabad မြို့မှ ကြိတ်ခွဲထုတ်လုပ်သူ Punit Bachhawat က Rajasthan ပြည်နယ်တွင် စိုက်ပျိုးမှုကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။ "သီးနှံက ကောင်းပါတယ်။ မိုးရပ်သွားရင် အထွက်နှုန်းက ၂၀ ရာခိုင်နှုန်း ပိုများလာပါလိမ့်မယ်" ဟု Bachhawat က ပြောကြားခဲ့သည်။
iGrain India မှ Rahul Chauhan က MSP တိုးမြှင့်ခြင်းအပြင် မိုးစောစီးစွာရွာသွန်းခြင်းနှင့် ပြီးခဲ့သည့်နှစ်က အစိုးရ၏ ဝယ်ယူမှုတို့သည် ယခုနှစ် ပဲတီစိမ်းစိုက်ဧက တိုးတက်မှုကို အထောက် အကူပြုနေကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ပဲတီစိမ်းထုတ်လုပ် မှုသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃၈ ဒသမ ၁၉ သိန်းအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း အစိုးရ၏ တတိယအကြိမ် ကြိုတင်ခန့်မှန်းချက်များအရ သိရသည်။ ယခင်နှစ်က တန်ချိန် ၃၁ ဒသမ ၀၃ သိန်းသာ ရှိခဲ့ကြောင်း တွေ့ရှိရသည်။ အဆိုပါ တိုးတက်မှုသည် အဓိကအားဖြင့် နွေရာသီထုတ်လုပ်မှု တန်ချိန် ၁၉ ဒသမ ၇၄ သိန်းအထိ မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ ခါရစ် (မိုးရာသီ) ပဲတီစိမ်း ထုတ်လုပ်မှုသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၇ ဒသမ ၄၇ သိန်း ရှိခဲ့ကြောင်း သိရသည်။ ပဲတီစိမ်းကို အိန္ဒိယနိုင်ငံ တစ်ဝှမ်း စိုက်ပျိုးရာသီ သုံးခုစလုံးတွင် စိုက်ပျိုးကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၏ ပဲတီစိမ်းစိုက်ပျိုးမှု တိုးတက်လာသော်လည်း ပြည်တွင်းလိုအပ်ချက်နှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပဲမျိုးစုံတင်သွင်းမှုမှာ ဆက်လက်လိုအပ်နေဦးမည် ဖြစ်သည်။ အထူးသဖြင့် မိုးများခြင်းစသည့် ရာသီ ဥတုဆိုင်ရာ စိန်ခေါ်မှုများကြောင့် အထွက်နှုန်းအပေါ် သက်ရောက် မှုရှိနိုင်သဖြင့် မြန်မာနိုင်ငံမှ အရည်အသွေး ကောင်းမွန်သောပဲမျိုးစုံကို ဆက်လက် တင်ပို့နိုင်သည့် အခွင့်အလမ်းများ ရှိနေကြောင်း သုံးသပ်မိပါသည်။
ကောင်းထွဋ်အောင်
The Hindu Businessline, Early rains, hike in MSP boost kharif moong acreage, July 23, 2025