နွေပဲတီစိမ်းနှင့် မတ်ပဲတို့ကို အနည်းဆုံး ပံ့ပိုးဈေးနှုန်းဖြင့် ဝယ်ယူရန် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနအတည်ပြု

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနသည် နွေပဲတီစိမ်းနှင့် မတ်ပဲတို့ကို Madhya Pradesh ပြည်နယ်မှလည်းကောင်း၊ မတ်ပဲကို Uttar Pradesh ပြည်နယ်မှလည်းကောင်း အနည်းဆုံးပံ့ပိုးဈေးနှုန်း (MSP) ဖြင့် ဝယ်ယူရန် အတည်ပြုခဲ့ကြောင်း The Hindu Businessline က ယခု ၂၄ ရက်တွင် ဖော် ပြသည်။
အိန္ဒိယ ဗဟိုအစိုးရ စိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan သည် အဆိုပါ ပြည်နယ် နှစ်ခုမှ စိုက်ပျိုးရေးဝန်ကြီးများနှင့် အစည်းအဝေးကျင်းပခဲ့ပြီး ဈေးနှုန်းပံ့ပိုးမှုအစီအစဉ် (Price Support Scheme -PSS) အောက်တွင် အဆိုပါဝယ်ယူမှုကို အတည်ပြုခဲ့ကြောင်း တရားဝင်ထုတ် ပြန်ချက်အရ သိရသည်။
Chouhan သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ဝယ်ယူရေးဆိုင်ရာ ထောက်ပံ့ပို့ဆောင်မှုများကိုလည်း ဆွေးနွေးခဲ့ပြီး NAFED၊ အိန္ဒိယနိုင်ငံ အမျိုးသားသမဝါယမစားသုံးသူများအဖွဲ့ချုပ် (NCCF) နှင့် ပြည်နယ်အရာရှိများသို့ လိုအပ်သော ညွှန်ကြား ချက်များကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ NAFED နှင့် NCCF တို့သည် ပြည်ထောင်စုအစိုးရကိုယ်စားသီးနှံများကို ဝယ်ယူကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးအတွင်း Chouhan က ပဲတီစိမ်းနှင့် မတ်ပဲတို့ကို ဝယ်ယူရန် ဆုံးဖြတ်ချက်သည် ဗဟိုအစိုးရအပေါ် သိသာထင်ရှားသော ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်စေမည် ဖြစ်သော်လည်း ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ ဦးဆောင်မှုအောက်တွင် အစိုးရသည် တောင်သူလယ်သမားများ ရည်ရွယ်ထားသော အကျိုးကျေးဇူးများကို ရရှိစေရန် ကတိပြုထားကြောင်း ပြောကြားခဲ့သည်။ ၎င်းက ဝယ်ယူရေးလုပ်ငန်း စဉ်ကို စနစ်တကျ ဆောင်ရွက်ရန် အရေးကြီးကြောင်း အလေးထားပြောကြားခဲ့သည်။ တောင်သူလယ်သမားများထံမှ တိုက်ရိုက်ဝယ်ယူခြင်းဖြင့် ကြားခံလူများ၏ သြဇာလွှမ်းမိုးမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး အမှန်တကယ် အကျိုးကျေးဇူးကို တောင်သူလယ်သမားများထံ ရောက်ရှိစေမည်ဖြစ်ကြောင်း သိရသည်။
၎င်းက တောင်သူလယ်သမားများ မှန်ကန်စွာမှတ်ပုံတင်နိုင်ရန် နောက်ဆုံးပေါ်နှင့် အထိရောက်ဆုံးနည်းပညာများကို အသုံးပြုရန် တောင်းဆိုခဲ့ပြီး လိုအပ်ပါက ဝယ်ယူရေးဗဟိုဌာနများ အရေအတွက် တိုးမြှင့်ရန်နှင့် လုပ်ငန်းစဉ်တစ်ခုလုံးကို တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ရန် အရာရှိများ ကို အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။
ဝန်ကြီးများနှင့် အရာရှိများကို သိုလှောင်မှုဆိုင်ရာ မူမမှန်မှုများနှင့်စပ်လျဉ်းသော စိုးရိမ်ပူပန်မှုများအား ထုတ်ဖော်ပြောကြားရာတွင် ပြဿနာကို ဖြေရှင်းရန် ခိုင်မာသော အစီအမံများ ပြုလုပ်ကြဖို့ Chouhan က တိုက်တွန်းခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ Madhya Pradesh ပြည်နယ် တောင်သူလယ်သမား၊ လူမှုဖူလုံရေးနှင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး Aidal Singh Kansana၊ Uttar Pradesh ပြည်နယ် စိုက်ပျိုးရေးဝန်ကြီး Surya Pratap Shahi၊ ပြည်ထောင်စု စိုက်ပျိုးရေးအတွင်းဝန် Devesh Chaturvedi နှင့် အခြားအကြီးတန်းအရာရှိများတက်ရောက် ခဲ့ကြကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ၏ ဗဟိုအစိုးရမှ မတ်ပဲနှင့် ပဲတီစိမ်းတို့ကို ပြည်နယ်နှစ်ခုမှ အနည်းဆုံးပံ့ပိုးဈေးနှုန်း (MSP) ဖြင့် ဝယ်ယူရန် အတည်ပြုလိုက်ခြင်းသည် မြန်မာ့ပဲဈေးကွက်အပေါ် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ အကယ်၍ အိန္ဒိယနိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုနှင့် ဝယ်ယူမှုများ တိုးမြှင့်လာပါက မြန်မာနိုင်ငံမှ တင်ပို့သည့် ပဲအမျိုးမျိုးအတွက် အိန္ဒိယဈေးကွက်၏ ဝယ်လိုအား အနည်းငယ်လျော့ကျသွားနိုင်ပါသည်။ သို့ရာတွင် အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်သည် ကြီးမားသည့်အတွက် မြန်မာ့ပဲများအတွက် ဈေးကွက်အခွင့်အလမ်းများ ဆက်ရှိနေဦးမည်ဟု သုံးသပ်ရပါသည်။
ကောင်းထွဋ်အောင်
The Hindu Businessline, Centre approves procurement of summer moong, urad in MP, urad in UP, June 24, 2025.