ကမ္ဘောဒီးယား၏ ကုန်စိမ်း တင်ပို့မှု ၅၈ ရာခိုင်နှုန်း တိုးလာ

ကမ္ဘောဒီးယား၏ ကုန်စိမ်း တင်ပို့မှု ၅၈ ရာခိုင်နှုန်း တိုးလာ

ကမ္ဘောဒီးယား၏ ကုန်စိမ်းကဏ္ဍသည် ယခုနှစ်အစောပိုင်းတွင် သိသိသာသာ တိုးတက်လာခဲ့ပြီး အဓိက ပို့ကုန်များဖြစ်သည့် သစ်သီးနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုမှာ အားကောင်းနေခဲ့သည်။ ပြည်ပသို့ အဓိကတင်ပို့သည့် ကုန်စိမ်းများမှာ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ပြောင်း၊ ငရုတ်ကောင်း နှင့် လောင်ဂန်သီး တို့ဖြစ်သည်။

ဇန်နဝါရီမှ မေအထိ သီဟိုဠ်စေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၃၉ သန်းရရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ထက် ၅၈ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ ငှက်ပျောတင်ပို့မှုမှာ  ၂၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၆ သန်းရှိခဲ့သည်။ သရက်သီးစိမ်း တင်ပို့မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၉၅ သန်းရှိပြီး ၁ ရာခိုင်နှုန်း လျော့ကျသွားကြောင်း သိရှိရသည်။

ပီလောပီနံတင်ပို့မှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၁၇ သန်းရှိပြီး ကာလတူထက် ၁၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ပြောင်း၊ ငရုတ်ကောင်း၊ လောင်ဂန်နှင့် အခြားသော ကုန်ကြမ်း များတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ဒေါ်လာ ၈၃  သန်းခန့် ရရှိခဲ့သည်။

စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး ဒစ်တီနာက ကမ္ဘောဒီးယား၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရာတွင် ကုန်စိမ်းထုတ်ကုန် ကဏ္ဍ၏အရေးပါမှု၊  ၎င်းကဏ္ဍ၏ လိုက်လျောညီထွေရှိစွာ ရေရှည်ထိန်းသိမ်းထားနိုင်စွမ်းနှင့်  စားနပ်ရိက္ခာဖူလုံမှု၊ ပို့ကုန်တိုး တက်မှုတို့တွင် အဓိကအခန်းကဏ္ဍတွင်တည်ရှိနေမှုကို မီးမောင်းထိုးပြခဲ့သည်။

တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းတို့သည် ကမ္ဘောဒီးယား၏ ကုန်စိမ်းထွက်ကုန်များ တင်ပို့မှုအတွက် ထိပ်တန်းနိုင်ငံများအဖြစ် ရပ်တည်လျက်ရှိသည်။ စိုက်ပျိုးရေးသည် ကမ္ဘောဒီးယားနိုင်ငံစီးပွားရေး၏ အဓိက မဏ္ဍိုင်လေးရပ် အနက်မှ တစ်ခုဖြစ်သည်။

စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် အစိုးရက စိုက်ပျိုးရေးလုပ်ငန်းဖြင့် သမရိုးကျ အသက်မွေးဝမ်းကြောင်းပြုခြင်းမှ စီးပွားဖြစ်လယ်ယာကဏ္ဍသို့ ကူးပြောင်း ရန် ရည်ရွယ်သည့် မဟာဗျူဟာမူဝါဒသစ် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး တန်ဘိုးမြင့်ထုတ်ကုန်များမှ တစ်ဆင့် တောင်သူများ၏ ၀င်ငွေ တိုးမြင့်ရေးကို အဓိကထား ဆောင်ရွက်လျက်ရှိသည်။

ဤမူဝါဒ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ်များ ခိုင်မာစေရန်အတွက် နိုင်ငံတစ်ဝှမ်းရှိ ခရိုင်များတွင် စိုက်ပျိုးရေးအရာရှိများကို တာဝန်ချထားခဲ့သည်။ ၎င်းအရာရှိများသည် သမဝါယမများဖွဲ့စည်းခြင်း၊ ထုတ်လုပ်မှုကွင်းဆက်များ ချောမွေ့စေရေးနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ လျှော့ချရေးတို့တွင် လယ်သမားများအား ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရှိရသည်။

အေးအေးခိုင်

https://www.freshplaza.com/asia/article/9744353/cambodia-fresh-produce-exports-up-58/