ဂျပန်ရေထွက်ကုန်များကို တရုတ်သို့ တစ်စိတ်တစ်ပိုင်း ပြန်လည်တင်သွင်းခွင့်ပြု

ဂျပန်ရေထွက်ကုန်များကို တရုတ်သို့ တစ်စိတ်တစ်ပိုင်း ပြန်လည်တင်သွင်းခွင့်ပြု

ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံအကြား စစ်ရေးအရတင်းမာမှုများ မြင့်တက်လျက်ရှိသော်လည်း နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်လာစေရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများလျော့ နည်းလာစေရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များကို တစ်စိတ်တစ်ပိုင်း ပြန်လည် တင်သွင်းခွင့်ပြုခဲ့ကြောင်း ၃၀-၆-၂၀၂၅ ရက်နေ့ထုတ် The Japan Times သတင်းစာတွင် “China partially lifts ban on Japanese seafood imports in bid to ease frictions” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။ 

အဆိုပါ သတင်းတွင် ဂျပန်နိုင်ငံ၏ အဓိကပို့ကုန်တစ်ခုဖြစ်သည့် ရေထွက်ကုန်များကို တရုတ်နိုင်ငံမှ ပြန်လည်တင်သွင်းခွင့်ပြုခဲ့ခြင်းမှာ ဂျပန်နိုင်ငံအတွက် ကြီးမားသည့် အပြောင်းအလဲတစ်ခုဖြစ် ကြောင်း ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီး Shinjiro Koizumi က ပြောကြားထားကြောင်း၊ ဖူကူရှီးမားအမှတ်(၁)နျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့ စွန့်ပစ်ခဲ့ပြီးနောက် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များအားလုံးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်မှစတင်၍ တင်သွင်းခွင့်ပိတ်ပင်ခဲ့ကြောင်းနှင့် ၂၉-၆-၂၀၂၅ ရက်နေ့မှ စတင်၍ ပထမဆုံးအကြိမ် ပြန်လည်တင်သွင်းခွင့်ပြုခဲ့ကြောင်းဖော်ပြ ထားသည်။

ဂျပန်နိုင်ငံမှ ရေထွက်ကုန်များကို တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့နိုင်ရေးအတွက် နှစ်နိုင်ငံ အကြား နည်းပညာဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံ၏ ဒေသအချို့မှ ရေထွက်ကုန်များကို တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ဖူကူရှီးမား၊ မီရာဂီနှင့် တိုကျိုအပါအဝင် ပြည်နယ် ၁၀ ခုသည် ပြန်လည်တင်သွင်းခွင့်ပြုခဲ့သည့် ပြည်နယ်များတွင် မပါရှိ သေးကြောင်း၊  ဂျပန်နိုင်ငံအနေဖြင့် အဆိုပါကျန်ရှိသည့်ပြည်နယ် ၁၀ ခု အပါအဝင် ဂျပန်နိုင်ငံ၏ အမဲသားကို တရုတ်နိုင်ငံဘက်မှ ပြန်လည်တင်သွင်းခွင့်ပြုရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန် အစိုးရအဖွဲ့ဒုတိယအတွင်းရေးမှူးချုပ်Kazuhiko Aoki က ပြောကြားထားကြောင်း ဆက်လက်ဖော်ပြထားသည်။

ဖူကူရှီးမားအမှတ်(၁) နျူကလီးယား ဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများစွန့်ပစ်ထားမှုကို နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ၏မူဘောင် အရ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားရန် ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာတွင် သဘောတူညီမှု ရရှိခဲ့ကြကြောင်း၊ ဂျပန်နိုင်ငံမှ တရုတ် နိုင်ငံသို့ တင်သွင်းလာမည့် ရေထွက်ကုန်လုပ်ငန်းများ စာရင်းကို တရုတ်နိုင်ငံတွင် မှတ်ပုံတင်ရန်နှင့် မှတ်ပုံ တင်ပြီးသည့်ကုမ္ပဏီများမှ တင်သွင်းလာမည့် ရေထွက်ကုန် များသည် ပိုးမွှားရောဂါကင်းရှင်းကြောင်းနှင့် ရေဒီယိုသတ္တိကြွဓာတ်ပစ္စည်းများဖြစ်သည့် Cesium နှင့် Iodine ကင်းရှင်းကြောင်း စစ်ဆေးချက်အထောက် အထားများနှင့် ပင်ရင်းသက်သေခံလက်မှတ်များ ပူးတွဲတင်ပြလာသည့် ရေထွက်ကုန်များကိုသာ တင်သွင်းခွင့်ပြုသွားရန် ၂၀၂၅ ခုနှစ်၊ မေတွင် တရုတ်နိုင်ငံဘက်မှ သဘောတူညီခဲ့ကြောင်း ပါရှိသည်။

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံအကြားမဟာဗျူဟာမြောက်ယှဉ်ပြိုင်မှုမှာ ပိုမိုပြင်းထန်လာသည့် အတွက် ဂျပန်နိုင်ငံနှင့် ဆက်ဆံရေးကို တည်မြဲစေလို၍လည်းကောင်း၊ ဂျပန်နိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေးအတွက် လည်းကောင်း ဂျပန်နိုင်ငံမှ ရေထွက်ကုန်များကို တရုတ်နိုင်ငံဘက်မှ တစ်စိတ်တစ်ပိုင်းပြန်လည် တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သူဇာဖြိုး