မော်ရိုကိုက ထောပတ်သီးတန်ချိန် ၄၅,၀၀၀ တင်ပို့နိုင်ခဲ့

မော်ရိုကိုက ထောပတ်သီးတန်ချိန် ၄၅,၀၀၀ တင်ပို့နိုင်ခဲ့

မော်ရိုကိုထောပတ်သီးကဏ္ဍ လှုပ်ရှားဆောင်ရွက်မှု အခြေအနေသည် မျှော်မှန်းထား သည်ထက် ပိုမို၍ ငြိမ်သက်နေသော်လည်း ပို့ကုန်ပမာဏမှာ စံချိန်ချိုးနိုင်လောက်သည်အထိ ရလဒ်ကောင်းများ ရရှိနေသဖြင့် အောင်မြင်မည့်လမ်းကြောင်းပေါ်တွင်ရှိနေကြောင်း မော်ရိုကို  ထောပတ်သီးအသင်း၏ ဥက္ကဌဖြစ်သူ Abdellah Elyamlahi က ပြောကြားခဲ့သည်။

၂၀၂၃-၂၀၂၄ ရာသီအတွက် မော်ရိုကိုနိုင်ငံ၏ ထောပတ်သီး တင်ပို့မှုသည် ဇန်နဝါရီ ၇ ရက်နေ့အထိတွင် တန်ချိန်ပေါင်း ၃၀,၀၀၀တင်ပို့ခဲ့ပြီးဖြစ်ကြောင်း၊ ဇန်နဝါရီ ဒုတိယ သီတင်းပတ်မှစ၍ ၎င်းတို့၏ ထုတ်လုပ်နိုင်မှု နှင့် ဝယ်လိုအားသည် ထိပ်ဆုံးအခြေအနေသို့ ရောက်ရှိ ခဲ့ပြီးဖြစ်ကြောင်း၊ ထောပတ်သီးကဏ္ဍ လှုပ်ရှားမှုပြီးနောက် ၂ လခန့်ကြာသည့် ယခုအချိန်တွင် တန်ချိန် ၄၂,၀၀၀ - ၄၅,၀၀၀ တင်ပို့ပြီးဖြစ်၍ တင်ပို့ရန်ရည်မှန်းထားသည့် ပန်းတိုင်တန်ချိန် ၆၀,၀၀၀ ၏ ၇၀ရာခိုင်နှုန်းအား တင်ပို့ပြီးဖြစ်ကြောင်း၊ ယင်းသည် အချိန်နှင့် အမျှမှတ်တမ်းတင်ခဲ့သည့် ပို့ကုန်ပမာဏအသစ်တစ်ခုကို ကိုယ်စားပြုသည့်အပြင် မော်ရိုကို ထောပတ်သီးကဏ္ဍ၏ စွမ်းဆောင်ရည်နှင့် မော်ရိုကိုနိုင်ငံတည်ရှိမှုကိုပါ သင်္ကေတတစ်ရပ်သဖွယ် ဖြစ်စေသဖြင့် အဆိုပါသီးနှံရာသီတွင် အစွမ်းကုန်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း Elyamlahi က ပြောကြားခဲ့သည်။

ယခုနှစ် သီးနှံရာသီအစကပင် သဘာဝတရား နှင့် စီးပွားရေးအခြေအနေ ၂ ရပ်တို့၏ တစ် လှည့်စီ ရိုက်ခတ်သည့် အခြေအနေဆိုးများကြောင့် ယခုရာသီ၌ ထောပတ်သီးတန်ချိန် ၆၀,၀၀၀ တင်ပို့ရန်အတွက်မှာ မဖြစ်နိုင်ကြောင်း၊ အောက်တိုဘာလ၌ Bernard မုန်တိုင်းသည် အတ္တလန္တိတ် ကမ်းရိုးတန်းအား ဝင်ရောက်ခဲ့ပြီး မော်ရိုကိုထောပတ်သီး စိုက်ပျိုးရာအချက်အချာ ဖြစ်သည့် Larache ဒေသအား အပြင်းထန် အဆိုးရွားဆုံး တိုက်ခတ်ခဲ့သည်။ အဆိုပါ မုန်တိုင်း တိုက်ခတ် မှုကြောင့် သီးနှံအားလုံး မဟုတ်သော်လည်း တန်ချိန် ၆,၀၀၀ ခန့် ဆုံးရှုံးခဲ့ရကြောင်း၊ ထို့အပြင် အသီးအရွယ်အစား ၁၂-၂၂ ကဲ့သို့ ဈေးကွက်မဝင်သည့် အရွယ်အစားပြဿနာတစ်ရပ်လည်း ရှိသေး ကြောင်း၊ သီးနှံ၏ စုစုပေါင်းပမာဏ ကွာဟချက်များ နှင့် မုန်တိုင်းအတွင်း သီးနှံများ သိသိသာသာ ဆုံးရှုံးခဲ့ရခြင်းတို့ကြောင့် သီးနှံတင်ပို့နိုင်မှုအ‌ခြေအနေ ကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

လက်ရှိတွင် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ဥရောပဈေးကွက်၌ စပိန် နှင့် အစ္စရေးထွက်ကုန်များကို ယှဉ်ပြိုင်နေရကြောင်း၊ ထိုသို့ ယှဉ်ပြိုင်နေစဉ် ဈေးနှုန်းအနည်းအများနှင့် ပတ်သက်၍ ပြဿနာ တစ်စုံတစ်ရာမရှိကြောင်း၊ သို့သော်လည်း စားသုံးသူများအနေဖြင့် ထောပတ်သီးအပေါ် စိတ်ဝင်စားမှုမရှိခြင်းကြောင့် ယခင်နှစ်ကာလတူဝယ်လိုအား လျော့နည်းရခြင်းဖြစ်သည်ကို တွေ့ရှိ ရကြောင်း ကုန်သည်တစ်ဦးက ထပ်လောင်းပြောကြားခဲ့သည်။

ကျန်ရှိသည့်သီးနှံရာသီတွင် မော်ရိုကိုထောပတ်သီးအတွက် အဓိကအားထားရာ ပန်းတိုင်မှာ ဂျာမနီ နှင့် ပြင်သစ်ပြီးလျှင် နယ်သာလန် နှင့် စပိန်ဖြစ်သည်မှာ အံ့ဩဖွယ် တစ်စုံတစ်ရာမရှိကြောင်း၊ Elyamlahi ၏ အဆိုအရ ၎င်းသည် နှစ်ပေါင်းများစွာ ပြောင်းလဲမှုမရှိသည့် စျေးကွက်ပုံစံတစ်ခု ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်အဖြစ် လူကြိုက်အများဆုံးဖြစ်သည့် အသီးအရွယ်အစား ၂၀-၂၂ အတွင်း Hass အမျိုးအစား ထောပတ်သီးများသည်လည်း ပြောင်းလဲမှုအနည်းငယ်မျှ မရှိကြောင်း၊ ဒေသတွင်း မော်ရိုကို ဈေးကွက်၌ ဈေးကွက်လိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန်အတွက် လုံလောက်သော ထုတ် လုပ်မှု ကွာဟချက် ပမာဏရှိသည်ကို တင်ပို့သူတစ်ဦး၏ ထပ်လောင်း ပြောကြားခဲ့ကြောင်းကို ၁၃. ၂. ၂၀၂၄ ရက်တွင် ထုတ်ပြန်သည့် www.freshplaza.com သတင်းအရ သိရှိရသည်။

ဖုန်းမြတ်ဝင်းမောင်မောင်

https://www.freshplaza.com/north-america/article/9598677/so-far-this-season-morocco-has-exported-45-thousand-tonnes-of-avocados/