ဗီယက်နမ်နှင့်ထိုင်းမှဆန် ဂျပန်သို့ တိုးမြှင့်တင်ပို့နိုင်ရေးကြိုးပမ်း

ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး ၃ နိုင်ငံတွင် ပါဝင်သည့် ဗီယက်နမ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့သည် ဂျပန်နိုင်ငံသို့ ဆန်တိုးမြှင့်တင်ပို့နိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း ၁၇-၆-၂၀၂၅ ရက်နေ့ ထုတ် The Japan News သတင်းစာတွင် “Vietnam, Thailand Aim to Grow Rice Exports to Japan” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။
အဆိုပါ သတင်းတွင် ဂျပန် ဆန်လုံးတို အမျိုးအစားနှင့်တူညီသည့် ဂျပွန်နီ ကာဆန်ကို ဗီယက်နမ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့တွင် စိုက်ပျိုးထုတ်လုပ်ကာ ဂျပန်နိုင်ငံသို့ တင်ပို့ရောင်း ချလျက်ရှိကြောင်းနှင့် အဆိုပါ ဆန်ကို ဂျပန်ရိုးရာဟင်းလျာများတွင် အသုံး ပြုလျက်ရှိကာ လူကြိုက်များလျက်ရှိကြောင်း ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ဂျပန်တွင် ဆန်ဈေးနှုန်း မြင့်တက်လျက်ရှိခြင်းကို စီးပွားရေးဆိုင်ရာအခွင့်အလမ်းများအဖြစ် မှတ် ယူကာ ဂျပန်နိုင်ငံသို့ ဆန်များ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံရှိ လက်လီ အရောင်းဆိုင်ကြီးတစ်ခုတွင်နိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်ထားသည့် ဂျပွန်နီကာဆန်ကို ၅ ကီလို ဂရမ် ၁ အိတ်လျှင် ၂၇၅ ဘတ် (ယန်း ၁,၂၀၀) နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် အဆိုပါ ဈေးနှုန်းမှာ ဂျပန်နိုင်ငံတွင် ရောင်းချသည့်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါကများစွာဈေးနှုန်းသက်သာလျက် ရှိကြောင်း ဖော်ပြထားသည်။
ထိုင်းနိုင်ငံရှိ ဂျပန်စတိုးဆိုင်များတွင် နိုင်ငံအတွင်း စိုက်ပျိုးထွက်ရှိသည့် Sasanishiki နှင့် အခြားသော ဂျပန်ဆန်အမျိုးအစားများကိုလည်း ၅ ကီလိုဂရမ် ၁ အိတ်လျှင် ၂၇၅ ဘတ်နှုန်းဖြင့်ပင် ရောင်းချလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံတွင် အင်ဒီကာအမျိုးအစား ဆန်လုံးရှည်ကို အဓိက စိုက်ပျိုးလျက်ရှိသော်လည်း လတ်တလောတွင် ဂျပွန်နီကာ ဆန်အမျိုးအစားကို အများအပြား တိုးချဲ့ စိုက်ပျိုးလာလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံတွင် ဂျပန်ဆန်အမျိုးအစားဖြစ်သည့် ဂျပွန်နီကာဆန်ကို ရောင်းချရသည့် အမြတ်ငွေမှာ အင်ဒီကာဆန်ရောင်းချရသည့် အမြတ်ငွေထက် ၂ ဆ များပြားလျက်ရှိကြောင်း ဖော်ပြ ထားသည်။
၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ဂျပန်နိုင်ငံသို့ ဆန်တင်ပို့မှုပမာဏမှာ လွန်ခဲ့သော ၁၀ နှစ်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၃ ဆများပြားခဲ့ပြီး၊ အမေရိကန်ဒေါ်လာ ၁၈၃ သန်း (ယန်း ၂၆ ဒသမ ၅ ဘီလီယံ) ရှိခဲ့ကြောင်း၊ လက်ရှိတွင် အင်ဒီကာအမျိုးအစားဆန်ကို အများဆုံးတင်ပို့လျက်ရှိကြောင်းနှင့် ထိုင်းနိုင်ငံတွင် အများအပြားထွက်ရှိသည့် ဂျပွန်နီကာဆန်ကို ထိုင်းနိုင်ငံအတွင်း၌သာ အဓိက ရောင်းချလျက်ရှိကြောင်း၊ ထိုင်းအစိုးရအနေဖြင့် ဂျပန်နိုင်ငံ၏ ဆန်ဈေးကွက်အခြေအနေကို အလေး ထား စောင့်ကြည့်လျက်ရှိကြောင်းနှင့် ထိုင်းဆန်ကို ဈေးကောင်းရရှိမည့် ဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၅ ခုနှစ်၊ မေတွင် အမေရိကန်စိုက်ပျိုးရေးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၄ တွင် ကမ္ဘာ့ဆန်တင်ပို့မှုပမာဏမှာ ၆၁ ဒသမ ၄ သန်းတန် ရှိခဲ့ကြောင်း၊ ဆန်အများဆုံး တင်ပို့ခဲ့ သည့် နိုင်ငံများမှာ အိန္ဒိယနိုင်ငံ (၄၀ ရာခိုင်နှုန်း)၊ ဗီယက်နမ်နိုင်ငံ (၁၃ ရာခိုင်နှုန်း)နှင့် ထိုင်းနိုင်ငံ(၁၁ ရာခိုင် နှုန်း)တို့ ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ဗီယက်နမ်ဆန်လုပ်ငန်းရှင်များအသင်းအနေဖြင့် ဂျပွန်နီကာ အမျိုးအစားဆန် တန်ချိန် ၅၀၀ ကို “ကာဗွန်ထုတ်လုပ်မှုနည်းသည့် ဗီယက်နမ်ဆန် အမျိုးအစားသစ်” ဟူသည့် အမှတ်တံဆိပ်ဖြင့် ပထမဆုံးအကြိမ်တင်ပို့ရောင်းချခဲ့ကြောင်း နှင့် အဆိုပါဆန်ကို စိုက်ပျိုးရာတွင် ဖန်လုံအိမ်ဓာတ်ငွေ့လျော့ကျစေသည့် နည်းလမ်းများဖြင့် စိုက်ပျိုးထုတ် လုပ်ခဲ့သည်ဟုဆိုကာ ဈေးကွက်ထိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
အဆိုပါ ဆန်အမျိုးအစားအသစ်ကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးနှင့် အရည်အသွေးစံနှုန်းများကို အလေးထားသည့် ဂျပန်ဈေးကွက်သို့ရောင်းချနိုင်ရေး ရည်ရွယ်စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံတွင် ဆန်ပြတ်လပ်လျက်ရှိခြင်းသည် ဗီယက်နမ်နိုင်ငံထုတ် ဆန်ကို တန်ဖိုးမြင့်ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါ သည်။
ဂျပန်နိုင်ငံအနေဖြင့် အကောက်ခွန်လွတ် တင်သွင်းခွင့်ပြုသည့် ပမာဏ (Minimum Access) ထက် ကျော်လွန်တင်သွင်းလာသည့် ဆန်များကို ၁ ကီလိုဂရမ်လျှင် ၃၄၁ ယန်းနှုန်း အခွန်ကောက်ခံလျက်ရှိကြောင်း၊ သို့သော် ထိုသို့အခွန်ပေးဆောင်ပြီး တင်သွင်းရသည့်တိုင် တင်သွင်းလာသည့် ဆန်ဈေးနှုန်းမှာ ဂျပန်ပြည်တွင်း၌ ထွက်ရှိသည့် ဆန်ဈေးထက် များစွာသက်သာလျက်ရှိကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံမှ ဆန်တင်သွင်းသူများအနေဖြင့် ပြည်ပမှ ဆန်များကို တိုးမြှင့်တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ မှ မေအတွင်း တရုတ်(တိုင်ပေ)မှ ဂျပန်နိုင်ငံသို့ ဆန်တင်ပို့မှုပမာဏမှာ ၇,၇၅၉ တန် ရှိခဲ့ပြီး၊ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆ ဆကျော် မြင့်တက်ခဲ့ကြောင်း၊ တရုတ်(တိုင်ပေ) ဆန်နှင့် ဂျပန်ဆန်မှာ အရသာတူညီသည့်အပြင် ဆန်စိုက်ပျိုးသည့် နည်းပညာလည်း တူညီ ကြကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများမှ ဆန်တင်သွင်းမှု ပိုမိုများ ပြားလာနိုင်မည်ဖြစ်ကြောင်း၊ သို့သော် ပြည်ပမှ တင်သွင်းသည့် ဆန်ဈေးနှုန်းနှင့် ပြည်တွင်းထုတ် ဆန်ဈေးများစွာကွာဟလာမည်ဆိုပါက ဂျပန်နိုင်ငံမှ တောင်သူများအပေါ် ဆိုးကျိုးသက်ရောက်စေ နိုင်မည် ဖြစ်သည့်အတွက် ဂျပန်အစိုးရအနေဖြင့် ပြည်ပမှ ဆန်တင်သွင်းမှု လျှော့ချသွားနိုင်ဖွယ်ရှိကြောင်းလည်း ဖော်ပြထားပါသည်။
သူဇာဖြိုး