အိန္ဒိယတွင် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ ပြောင်းလဲစိုက်ပျိုးမှုကြောင့် ဝါစိုက်ဧရိယာကျဆင်းဖွယ်ရှိ

အိန္ဒိယတွင် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ ပြောင်းလဲစိုက်ပျိုးမှုကြောင့် ဝါစိုက်ဧရိယာကျဆင်းဖွယ်ရှိ

USDA India Post ၏ ခန့်မှန်းချက်အရ ၂၀၂၅-၂၆ ရောင်းဝယ်ရေးနှစ်တွင် အိန္ဒိယနိုင်ငံ၏ ဝါစိုက်ဧက ဟက်တာ ၁၁ ဒသမ ၄ သန်းအထိ လျော့နည်းသွားမည်ဖြစ်ပြီး ၎င်းမှာ ပဲမျိုးစုံနှင့် ဟင်းသီး ဟင်းရွက်၊ ဆီထွက်သီးနှံများကဲ့သို့ အမြတ်အစွန်းပိုမိုရရှိသည့် သီးနှံများသို့ ပြောင်းလဲစိုက်ပျိုးခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။  

ဝါဂွမ်းထုတ်လုပ်မှုမှာ ပေါင် ၄၈၀ ပါ ဝါဂွမ်းထုပ် ၂၅ သန်းအထိ ပမာဏတွင် တည်ငြိမ်လျက်ရှိမည်ဟု ခန့်မှန်းရပြီး ရေသွင်းစိုက်ပျိုးနိုင်သောဒေသများတွင် အထွက်နှုန်း ပိုမိုကောင်းမွန်မည်ဖြစ်သည်။ သို့ရာတွင် ပန်ဂျာ့ဘ်ပြည်နယ်တွင် စိုက်ဧက တည်ငြိမ်လျက်ရှိစဉ် ဟာရီယာနာတွင် ၅ ရာခိုင်နှုန်း၊ ရာဂျက်စသန်တွင် ၂ ရာခိုင် နှုန်း၊ ဂူဂျာရတ်တွင် ၃ ရာခိုင်နှုန်း အသီးသီးလျော့နည်းမည်ဖြစ် ကြောင်း တွေ့ရှိရသည်။  

တယ်လန်ဂန်နာ၊ ကနာတာကာ၊ အန်ဒရာပရာဒက်ရှ်နှင့် တမီလ်နာဒူးပြည်နယ်များတွင် အစိုးရ၏ အီသနောလောင်စာအစီအစဉ်များကြောင့် ဝါစိုက်ဧက ၇ ရာခိုင်နှုန်းခန့် လျော့ နည်းကာ ပြောင်းနှင့် ဆန်စပါးစိုက် ပျိုးမှုသို့ ပြောင်းလဲမည်ဖြစ်ကြောင်း သိရသည်။  

 ၂၀၂၅-၂၆ ရောင်းဝယ်ရေးနှစ်အတွက် စက်ရုံသုံးဝါထုပ် ၂၅ ဒသမ ၇ သန်းအထိ ရှိမည်ဟု ခန့်မှန်းထားပြီး တင်ပို့မှုမှာ ၁ ဒသမ ၅ သန်း၊ သွင်းကုန်မှာ ၂ ဒသမ ၅ သန်းအထိ ရှိမည်ဖြစ်သည်။ အထူးသဖြင့် Extra Long Staple (ELS) ဝါသုံးစွဲမှု တိုးတက်လာမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှ အဓိကတင်သွင်းလေ့ရှိကြောင်း တွေ့ရှိရသည်။  

အိန္ဒိယနိုင်ငံတွင် ELS ဝါကို ဟက်တာ ၂ သိန်းခန့်တွင် စိုက်ပျိုးသော်လည်း အထွက်နှုန်း နိမ့်ကျမှု၊ ကုန်ကျစရိတ်မြင့်မားမှုနှင့် ပိုးမွှားကျရောက်မှုများကြောင့် ထုတ်လုပ်မှုတိုးတက်ရန် အခက်အခဲရှိနေဆဲဖြစ်ကြောင်း USDA Post ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ချည်မျှင်ရှည် ဝါအမျိုးအစားဖြစ်သော ELS ဝါကို အမေရိကန်ပြည်ထောင်စု၊ အီဂျစ်နှင့် အစ္စရေးနိုင်ငံတို့မှ တင်သွင်းလျက်ရှိသည်ကို တွေ့ရှိရပြီး၊ မြန်မာနိုင်ငံအတွက် အဆိုပါ အရည်အသွေးမြင့် ဝါအမျိုးအစားကို စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက အိန္ဒိယနိုင်ငံတွင် ဈေးကွက်ရရှိနိုင်မည်ဖြစ်သော်လည်း ဈေးနှုန်းနှင့် အရည်အသွေးတို့တွင် အဆိုပါနိုင်ငံများနှင့် ယှဉ်ပြိုင်ရန် စိန်ခေါ်မှုများရှိနိုင်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ကောင်းထွဋ်အောင်

The Hindu Businessline, ‘India’s cotton area may see a dip in 2025-26 as farmers seen shifting to pulses, oilseeds’, March 31, 2025