အိန္ဒိယအစိုးရက ၂၀၂၅-၂၆ ကြံရာသီအတွက် သင့်တင့်မျှတသော ဈေးနှုန်း (FRP) ကို တိုးမြှင့်အတည်ပြု

အိန္ဒိယပြည်ထောင်စုအစိုးရအဖွဲ့သည် ပြီးခဲ့သည့်လ ၃၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ၂၀၂၅-၂၆ ကြံရာသီအတွက် သင့်တင့်မျှတသောဈေးနှုန်း (FRP) ကို အခြေခံ ပြန်လည်ရရှိမှုနှုန်း (basic recovery rate) ၁၀ ဒသမ ၂၅ ရာခိုင်နှုန်းအတွက် ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၃၅၅ အဖြစ် အတည်ပြု ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ် နရန်ဒြာမိုဒီဦးဆောင်သည့် စီးပွားရေးရာကိစ္စဆိုင်ရာ အစိုးရအဖွဲ့ကော်မတီမှ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တရားဝင်ထုတ်ပြန်ချက်အရ အဆိုပါ ပြင်ဆင်သတ်မှတ်ထားသော FRP သည် ကြံစိုက် တောင်သူ ၅ ကုဋေခန့်နှင့် ၎င်းတို့၏ မိသားစုများအပြင် သကြားစက်ရုံများနှင့် ဆက်စပ်ကဏ္ဍများတွင် အလုပ်လုပ် ကိုင်လျက်ရှိသော လုပ်သား ၅ သိန်းခန့်အား အကျိုးကျေးဇူး ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြင်ဆင်သတ်မှတ်ထားသော FRP သည် လက်ရှိရာသီ၏ ဈေးနှုန်းထက် ၄ ဒသမ ၄၁ ရာခိုင် နှုန်း ပိုမိုမြင့်မားပြီး တန်ချိန် ၁၀၀ လျှင် ရူပီး ၁၇၃ ရှိသော ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် နှစ်ဆ ကျော်ပိုမိုမြင့်မားကြောင်း တွေ့ရှိရသည်။ အခြေခံနှုန်းထက် ပြန်လည်ရရှိမှုနှုန်း ၀ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ပါက FRP သည် ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၃ ဒသမ ၄၆ ဖြင့် တိုးမြင့်သွားမည် ဖြစ်ကြောင်း သိရသည်။ အလားတူပင် ပြန်လည်ရရှိမှုနှုန်း ၀ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပါက ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၃ ဒသမ ၄၆ ဖြင့် လျှော့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် သကြားပြန်လည်ရရှိမှုနှုန်း နည်းပါးသော ဒေသများရှိ တောင်သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အိန္ဒိယအစိုးရသည် ပြန်လည်ရရှိမှုနှုန်း ၉ ဒသမ ၅ ရာခိုင်နှုန်းအောက် ကျဆင်းပါက နုတ်ယူမည်မဟုတ်ဟု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခြေ အနေမျိုးတွင် ၎င်းတို့အနေဖြင့် ၂၀၂၅-၂၆ ရာသီ (အောက်တိုဘာမှ စက်တင်ဘာ အထိ) အတွက် ၎င်းတို့၏ ထွက်ကုန်များအတွက် ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၃၂၉ ဒသမ ၀၅ ရရှိမည်ဖြစ်သည်။
FRP ကို စိုက်ပျိုးရေးကုန်ကျစရိတ်နှင့် ဈေးနှုန်းကော်မရှင် (CACP) ၏ အကြံပြုချက်များနှင့် ပြည်နယ်အစိုးရ များ၊ အခြားအကျိုးသက်ဆိုင်သူများနှင့် တိုင်ပင်ဆွေးနွေး ပြီးနောက် ယခုကဲ့သို့ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရားဝင်အချက်အလက်များအရ ၂၀၂၃-၂၄ ဘဏ္ဍာနှစ် သကြားရာသီတွင် သကြားစက်များမှ ကြံစိုက်တောင်သူများအတွက် ပေးရန် ကျန်ငွေ ရူပီး ၁ ဒသမ ၁၁ သန်း ကုဋေ အနက် ၉၉ ဒသမ ၉၂ ရာခိုင်နှုန်းကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၈ ရက်နေ့အထိ ရှင်းလင်းပြီး ဖြစ်ကြောင်း သိရသည်။ လက်ရှိ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ရာသီတွင် ရူပီး ၉၇ ဒသမ ၂၇ ကုဋေအနက် ရူပီး ၈၅ ဒသမ ၀၉၄ ကုဋေကို ယခုအချိန်အထိ ပေးချေပြီးဖြစ်ကာ စုစုပေါင်း၏ ၈၇ ရာခိုင်နှုန်းခန့်ရှိကြောင်း တွေ့ရှိရသည်။
သင့်တင့်မျှတသောဈေးနှုန်း (FRP) ဆိုသည်မှာ အိန္ဒိယနိုင်ငံရှိ သကြားစက်ရုံများကကြံစိုက် တောင်သူ များအား ဥပဒေအရပေးရန် လိုအပ်သော အနိမ့်ဆုံးဈေးနှုန်းဖြစ်ကြောင်း သိရသည်။ ၂၀၂၅-၂၆ ရာသီအတွက် FRP သည် အခြေခံပြန်လည်ရရှိမှုနှုန်း ၁၀ ဒသမ ၂၅ ရာခိုင်နှုန်းအတွက် ၁ ကွင်တယ် (၁၀၀ ကီလို ဂရမ်) လျှင် ရူပီး ၃၅၅ အဖြစ် သတ်မှတ်ထား ကြောင်း သိရသည်။ တောင်သူများအနေဖြင့် ပြန်လည် ရရှိမှုနှုန်းမြင့်မားပါက အပိုဆုငွေရရှိပြီး ပြန်လည်ရရှိမှု နှုန်းနည်းပါးပါက လျှော့ပေးရသော်လည်း ပြန်လည် ရရှိမှုနှုန်း ၉ ဒသမ ၅ ရာခိုင်နှုန်းအောက် ကျဆင်းသည့်တိုင် အနိမ့်ဆုံးဈေးနှုန်းကို အာမခံပေးထားကြောင်း သိရသည်။
အဆိုပါ FRP ကို စိုက်ပျိုးရေးကုန်ကျစရိတ်နှင့် ဈေးနှုန်းကော်မရှင် (CACP) ၏ အကြံပြုချက်များကို ထည့်သွင်းစဉ်းစားပြီးနောက် ဗဟိုအစိုးရမှ သတ်မှတ်ပေးခြင်းဖြစ်ကာ တောင်သူလယ်သမားများအား တရား မျှတသော လုပ်အားခပေးရန်၊ ဈေး ကွက်အတက်အကျများမှ ကာကွယ်ရန်နှင့် သကြားပြန်လည် ရရှိမှုနှုန်း ပိုမိုမြင့်မားစေရန် ရည်ရွယ်ကြောင်း သိရှိရသည်။
ကောင်းထွဋ်အောင်
ddnews.gov.in, Cabinet approves higher sugarcane FRP for 2025–26 season, April 30, 2025.