ဘင်္ဂလားဒေ့ရှ်တွင် ကြက်သွန်နီများ လှိုင်လှိုင်ထွက်ရှိချိန် ဖြစ်သော်လည်း ဈေးနှုန်းများ မြင့်တက်နေ

ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မီးဖိုချောင်အတွက် မရှိမဖြစ်လိုအပ်သော ဆန်၊ ပဲပုပ်ဆီနှင့် ဟင်းသီး ဟင်းရွက်များနှင့်အတူ ကြက်သွန်နီများ လှိုင်လှိုင်ထွက်ရှိနေသည့် အချိန် ဖြစ်သော်လည်း ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။
ဒါကာမြို့၏ စားဖိုချောင်ဈေးကွက်တွင် ပြည်တွင်းထွက် ကြက်သွန်နီများသည် လွန်ခဲ့သည့် တစ်ပတ်ကထက် အမေရိကန်ဒေါ်လာ သုညဒသမ ၅၀ မှ သုညဒသမ ၅၅ အထိမြင့်တက်ခဲ့ပြီး တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ သုညဒသမ ၆၄ ဝန်းကျင်ဖြင့်ရောင်းချနေသည်။
ဘင်္ဂလားဒေ့ရှ်ကုန်သွယ်မှုကော်ပို ရေးရှင်း (TCB)မှ အချက်အလက်များအရ မြို့တော်ရှိ လက်လီစျေးနှုန်းများသည် တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ သုညဒသမ ၃၆ မှ သုညဒသမ ၅၉ အကြားရှိကာ အစောပိုင်းလနှင့် နှိုင်းယှဉ်ပါက ၂၃ ဒသမ ၅ ရာခိုင်နှုန်း တိုးလာကြောင်း ညွှန်ပြနေသည်။
TCB ၏ အချက်အလက်များအရ လွန်ခဲ့သော တစ်ပတ်က စျေးနှုန်းများသည် တစ်ကီလို ဂရမ်လျှင် အမေရိကန်ဒေါ်လာ (သုညဒသမ ၃၆-သုညဒသမ၅၀) ကြားရှိခဲ့သည်။
Pabna နှင့် Faridpur ကဲ့သို့သော ကြက်သွန်နီအဓိကစိုက်ပျိုးသည့်ခရိုင်များမှ တောင်သူများနှင့်အတူ ဒါကာရှိ လက်လီရောင်းချသူများနှင့်လက်ကားရောင်းချသူများက လွန်ခဲ့သည့် သုံးပတ်ခန့်အထိ စိုက်ကွင်းများမှ ကြက်သွန်နီများကို တိုက်ရိုက်ရောင်းချနေဆဲဖြစ်ကြောင်း အစီရင်ခံခဲ့သည်။
သို့သော်လည်း ယခုအခါ သီးနှံများအားလုံး ရိတ်သိမ်းပြီးဖြစ်၍ အရည် အသွေးမြင့်သောထွက်ကုန်များကို သိုလှောင်သိမ်းဆည်းလျက်ရှိသည်။
အစောပိုင်းတွင် တောင်သူအများအပြားသည် စိုက်ပျိုးစရိတ်များ ပြန်လည်ကာမိစေရန်အတွက် ကြက်သွန်နီများကို ဈေးကွက်သို့ အလျင်အမြန်တင်ပို့ခဲ့ကြပြီး ခေတ္တအားဖြင့် ရောင်းလိုအား များလာခဲ့ကာ ဈေးနှုန်းများ လျော့ကျခဲ့သည်။
ယခုအခါ တောင်သူများသည် သီးနှံအားလုံးရိတ်သိမ်းပြီးသောအခါ အရည်အသွေးမြင့် ကြက်သွန်နီများကို အချိန်ကြာရှည်စွာ သိုလှောင်ထားခြင်းဖြင့် ရောင်းချချိန်ကို ပိုမိုလွယ်ကူချောမွေ့ စေသည်။
ပြည်တွင်းစိုက်ပျိုးသူများ မျှတသောဈေးနှုန်းရရှိစေရန်အတွက် အစိုးရက ကြက်သွန်နီ တင်သွင်းမှုကို မတ်လမှစတင်၍ ရပ်ဆိုင်းထားကြောင်း စိုက်ပျိုးပညာပေးရေးဦးစီး ဌာန ညွှန်ကြားရေးမှူး Md Abdur Rahim က မှတ်ချက်ပြု ပြောကြားသည်။
ကြက်သွန်နီကို ဒီဇင်ဘာလတွင် စိုက်ပျိုးကြပြီး မတ်လ သို့မဟုတ် ဧပြီလဝန်းကျင်တွင် ဈေးကွက်သို့ ရောက်ရှိကြသည်။
အစောပိုင်းတွင် လယ်သမားများက စျေးကွက်ပေါက်ဈေးသည် ထုတ်လုပ်မှုစရိတ်အောက် ကျဆင်းသွားခြင်းအပေါ် စိုးရိမ်ပူပန်ခဲ့ကြောင်း ထုတ်ဖော်ခဲ့ကြသည်။
စိုက်ပျိုးရေးအတွင်းရေးမှူး Mohammad Emdad Ullah Mian ၏ ပြောကြားချက်အရ လယ်သမားများသည်ယခုရာသီတွင် ကြက်သွန် နီ တစ်ကီလိုဂရမ်ထွက်ရှိစေရန် အမေရိကန်ဒေါ်လာ သုညဒသမ ၃၂ မှ သုညဒသမ ၄၄ ကြား သုံးစွဲခဲ့ကြသည်။
DAE မှ စုစုပေါင်းအထွက်မှာ တန်ချိန် ၃၉ သိန်းကျော်ရှိမည်ဟု ခန့်မှန်းထားပြီး ရိတ်သိမ်းချိန်လွန်ကာလ ဆုံးရှုံးမှုကို ကာမိစေရန် နောက်ထပ်တန်ချိန် ၆ သိန်းမှ ၇ သိန်းအထိ တင်သွင်းရန် လိုအပ်သည်ဟု ခန့်မှန်းထားသည်။
စိုက်ပျိုးရေးအတွင်းဝန် Mian မှ မျှတသောလက်လီစျေးနှုန်းသည် ထုတ်လုပ်မှုကုန်ကျ စရိတ်ထက် (၁၅-၂၀ ရာခိုင်နှုန်း) အတွင်းကိုထည့်သွင်းစဉ်းစားပြီး တစ်ကီလို ဂရမ်လျှင် အမေရိကန်ဒေါ်လာ သုညဒသမ ၅၅ ဝန်းကျင်ဖြစ်သင့်သည်ဟု ပြောကြားခဲ့သည်။
"ကြက်သွန်နီကို လက်လီဈေးမှာ အမေရိကန်ဒေါ်လာ သုညဒသမ ၅၅ အောက် ရောင်းချတုန်းက လယ်သမားများ အကြီးအကျယ် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတယ်" ဟု Mian က ပြောကြားသည်။
ဖုန်းမြတ်ဝင်းမောင်မောင်
https://www.freshplaza.com/europe/article/9725803/onion-prices-surge-in-bangladesh%20-despite-peak-harvest-season/