ထိုင်းအုန်းချိုမွှေး တင်ပို့မှု မတ်လလယ်မှ မတ်လနှောင်းပိုင်းအတွင်း ပုံမှန်ပြန်ဖြစ်မည်ဟု ခန့်မှန်းထား

ထိုင်းအုန်းချိုမွှေး တင်ပို့မှု မတ်လလယ်မှ မတ်လနှောင်းပိုင်းအတွင်း ပုံမှန်ပြန်ဖြစ်မည်ဟု ခန့်မှန်းထား

ထိုင်းနိုင်ငံ၏ မူရင်းမျိုးဖြစ်သည့် အုန်းချိုမွှေးသည် ချိုမြိန်သောအရည်၊ နူးညံ့ချောမွေ့သော အုန်းဆန်သားနှင့် သင်းပျံ့သောရနံ့ရှိသဖြင့် လူကြိုက်များရေပန်းစားလျက်ရှိသည်။ ထိုင်းနိုင်ငံတွင် အုန်းချိုမွှေးပျိုးပင်များ ပြည်ပတင်ပို့ခြင်းကို တားမြစ်ထားသည်။ အုန်းချိုမွှေး အပင်နုချိန်တွင် ၂၂-၂၆ ရက် တစ်ကြိမ် အသီးသီးပြီး တစ်နှစ်ပတ်လုံး အသီးထွက်လျက်ရှိသည်။

သို့သော်လည်း မကြာသေးမီက ရာသီဥတုအပြောင်းအလဲ သက်ရောက် မှုများကြောင့် ထိုင်းအုန်းချိုမွှေး ရောင်းဝယ်ဖောက်ကားမှုကို ကာလရှည် ကန့်သတ်ထားခဲ့ပါကြောင်း၊ ထိုင်းအုန်းချိုမွှေး တင်ပို့၊ တင်သွင်းသူ CTF Thailand ၏ အကြီးအကဲ Jason က လက်ရှိ ဈေးကွက်အခြေအနေနှင့် ပတ်သက်ပြီး သိသာမြင်သာရှိစေရန် ရှင်းလင်းပြောကြားခဲ့သည်။

၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များတွင် ထိုင်းနိုင်ငံ၏ အုန်းသီးထွက်ရှိရာ ဒေသများသည် အယ်လ်နီညိုနှင့် လာနီညာ သက်ရောက်မှုကြောင့် အုန်းသီးပြတ်လပ်မှုကို ဆိုးရွားစွာ ကြုံတွေ့ ခဲ့ရသည်။ အဆိုပါ အကျိုးသက်ရောက်မှုများကြောင့် ရောင်းလိုအားကို ဆက်လက် ထိခိုက်စေပါသည်။ ပုံမှန်အားဖြင့် အောက်တိုဘာမှ ဇန်နဝါရီအထိ အုန်းသီးထွက်ရှိမှု ကျဆင်းပြီး ဈေးနှုန်းများသည်လည်း အနိမ့်ဆုံး ဖြစ်နေလျက်ရှိသည်။ သို့သော်လည်း ယခုရာသီတွင် အုန်းသီး ထွက်ရှိမှုမှာ နည်းပါးနေသေးပြီး စိုက်ခင်း ပေါက်ဈေးများမှာလည်း ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက နှစ်ဆပိုများကြောင်း Jason မှ ရှင်းပြသည်။

စျေးကွက်ဈေးနှုန်းများ မြင့်တက်လာသော်လည်း စိုက်ခင်းပေါက်ဈေးများကဲ့သို့ သိသိသာသာ မြင့်တက်ခြင်း မရှိပေ။ ယခုကာလပေါက်ဈေးသည် ယခင်နှစ်များထက် ၄၀-၅၀ ရာခိုင်နှုန်း ပိုများပါသည်။ တရုတ်နိုင်ငံတွင် အုန်းချိုမွှေး ၉ လုံးပါသော ဂျပ်ဖာတစ်ပုံးလျှင် ၉၀ - ၉၅ ယွမ် ခန့်ဖြင့် ရောင်းချသည်။ ထို့အပြင် တရုတ်နိုင်ငံရှိ ဒေသအသီးသီးတွင် အပူချိန်နိမ့်ကျမှုကြောင့် အုန်းသီး စားသုံးမှု အမြင့်ဆုံးရာသီကို နှောင့်နှေးစေခဲ့ပြီး၊ ဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် အရောင်းမသွက်ဘဲ အေးနေခဲ့သည်။

ရာသီဥတုအခြေအနေ တည်ငြိမ်လာသည်နှင့်အမျှ အုန်းသီးထွက်ရှိမှုမှာ မတ်လလယ်မှ မတ်လနှောင်းပိုင်းလောက်တွင် ပုံမှန်ပြန်ဖြစ်လာမည်ဟု မျှော်လင့်ထားပြီး ရောင်းလိုအား သိသိသာသာတိုးလာမည်ဟု မျှော်လင့်ပါကြောင်း၊ထို့အပြင် ယခင် နှစ် ဧပြီလမှ ဇွန်လအထိ ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းအတက်အကျများသည့် အခြေအနေကဲ့သို့ ဖြစ်နိုင်မည်ဟု မမျှော်မှန်းထားကြောင်း၊ ပြီးခဲ့သည့်နှစ်က စျေးကွက်ပြတ်လပ်မှုကြောင့်သာ ထိုင်းအုန်းချိုမွှေး ဈေးနှုန်းသည် သမိုင်းတစ်လျှောက် မြင့်မားသော အဆင့်သို့ တွန်းပို့ခဲ့သော်လည်း ယခုနှစ် ဈေးကွက် အခြေအနေသည် ပိုမိုတည်ငြိမ်မည်ဟု မျှော်လင့်ကြောင်း Jason က ပြောကြားသည်။

မကြာသေးမီက ရောင်းလိုအား စိန်ခေါ်မှုများရှိနေသော်လည်း ထိုင်းအုန်းချိုမွှေး ဝယ်လိုအား ကောင်းနေပြီး ပို့ကုန်ပမာဏသည်လည်း တဖြည်းဖြည်း မြင့်တက်လာသည်။ အုန်းသီး၏ အသုံးဝင်မှုမှာ  ပုံစံအမျိုးမျိုးဖြင့် ရှိနေပါသည်။    အုန်းရည်သည် အားကစားသမားများနှင့် ကျန်းမာ ရေးကို ဂရုစိုက်သော စားသုံးသူများ နှစ်သက်သည့် သဘာဝ အီလက်ထရိုလိုက်ဓာတ် ကြွယ်ဝသော ဖျော်ရည် ဖြစ်ပြီး အုန်းသီးကို အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများတွင် တွင်ကျယ်စွာ အသုံးပြုနေကြောင်း၊ ဤအချက်များသည် ထိုင်းအုန်းချိုမွှေး၏ ဈေးကွက် အလား အလာကို ရေရှည် အထောက်အကူ ဖြစ်စေကြောင်းနှင့် ထိုင်းနိုင်ငံတွင်  အုန်းချိုမွှေးခြံများကို စဉ်ဆက်မပြတ် တိုးချဲ့နေကြောင်း သိရှိရသည်။ 

ဥမ္မာထွန်း

https://www.freshplaza.com/north-america/article/9708116/thai-fragrant-coconut-supply-is-expected-to-normalize-by-mid-to-late-march/