ပဲပုပ်၊ နေကြာစေ့နှင့် အခြားသီးနှံများအပေါ် လယ်ယာပို့ကုန်ခွန် လျှော့ချရန် အာဂျင်တီးနားစီစဉ်

ပဲပုပ်၊ နေကြာစေ့နှင့် အခြားသီးနှံများအပေါ် လယ်ယာပို့ကုန်ခွန် လျှော့ချရန် အာဂျင်တီးနားစီစဉ်

အာဂျင်တီးနားအစိုးရသည် ပဲပုပ်၊ နေကြာစေ့နှင့် အခြားသီးနှံများအပေါ် လယ်ယာပို့ကုန်ခွန် လျှော့ချမည့်အစီအစဉ်ကို ကြေညာခဲ့ကြောင်း Buenos Aires Herald က ဇန်နဝါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ Manuel Adorni နှင့် စီးပွားရေးဝန်ကြီး Luis Caputo က ဇန်နဝါရီ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အဆိုပါကိစ္စအား ဇန်နဝါရီ ၂၇ ရက်မှ ဇွန်ကုန်အထိ ယာယီဆောင်ရွက်မည်ဖြစ်ကြောင်း၊ အရင်းအမြစ်များ မရှိ၍ အပြောင်းအလဲကို အမြဲတမ်း မပြုလုပ်နိုင်သေးကြောင်း Caputo ကပြောသည်။

အဆိုပါ အစီအစဉ်တွင် ပဲပုပ်တင်ပို့မှုအကောက်ခွန်နှုန်းထားကို ၃၃မှ ၂၆ ရာနှုန်းသို့၊ ပဲပုပ်ထုတ်ကုန်ပစ္စည်းများကို ၃၁  မှ ၂၄ ဒသမ ၅ ရာနှုန်း၊ ဂျုံကို ၁၂ မှ ၉ ဒသမ ၅ ရာနှုန်း၊ မုယောစပါးကို ၁၂ မှ ၉ ဒသမ ၅ ရာနှုန်း၊ နှံစားပြောင်းကို ၁၂ မှ ၉ ဒသမ ၅ ရာနှုန်းသို့၎င်း၊ ပြောင်းကို ၁၂ မှ ၉ ဒသမ ၅ ရာနှုန်းနှင့် နေကြာစေ့ကို ၇ မှ ၅ ဒသမ ၅ ရာနှုန်းသို့လျှော့ချမည်ဖြစ်ကြောင်း Buenos Aires Herald က သတ်မှတ်ခဲ့ပါသည်။

သမ္မတ Javier Milei ၏အစိုးရသည် အခွန်လျှော့ချရန် ရည်ရွယ်ထားသော်လည်း ပို့ကုန်ခွန်များအပြီး တိုင်ဖယ်ရှားရန် ပိုငွေအမေရိကန်ဒေါ်လာ ၈ ဘီလီယံ လိုအပ်မည်ဖြစ်ကြောင်း Caputo က ပြောကြားခဲ့ပါသည်။

အခွန်လျှော့ချရန် ဆုံးဖြတ်ချက်သည် တိုင်းပြည်တွင် ဆက်လက်ဖြစ်ပေါ်နေသော မိုးခေါင်ရေရှားမှုနှင့် ကုန်စည်ဈေးနှုန်းများ ကျဆင်းခြင်း၏ နောက်ကွယ်မှ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပါသည်။

ဘေးအန္တရာယ်ကျရောက်မှုနှင့် အလွန်ဆိုးရွားသောချေးငွေအစဉ်အလာ၏ရလဒ်ကြောင့်  အာဂျင်တီးနားသည် အခွန်လျှော့ချရန်အတွက် ဘဏ္ဍာရေး ပိုငွေလိုအပ်နေကြောင်း Caputo မှပြော ကြားခဲ့ပါသည်။

သမိုင်းကြောင်းအရ ပို့ကုန်ခွန်များ ပပျောက်ရေးသည် ရှေးယခင်ကတည်းက ကျေးလက်ကဏ္ဍ၏ အဓိကတောင်းဆိုချက်တစ်ခုဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ တိုင်းတာမှုကို ကြိုဆိုသည့်အနေဖြင့် Rosario စတော့အိတ်ချိန်းဥက္ကဋ္ဌ Miguel Simioni က ဆုံးဖြတ်ချက်သည် မှန်ကန်သောလမ်းကြောင်းတွင်ရှိကြောင်း ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားထားသည်။

ပို့ကုန်ခွန်များ လျှော့ချခြင်းဖြင့် ထုတ်လုပ်သူများအား ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်နိုင်စေမည်ဖြစ်ပြီး ၎င်းသည် အာဂျင်တီးနားစီးပွားရေးအတွက် တန်ဖိုးမြင့်ထုတ်လုပ်ခြင်း၊ အလုပ်အကိုင်နှင့် နိုင်ငံ ခြားငွေရရှိရေး ဆက်လက်ဆောင်ရွက်ရန် မရှိမဖြစ်လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

လျှော့ချထားသော အခွန်အခများကို ရယူရန်အတွက် ပို့ကုန်လုပ်ငန်းရှင်များသည် “နိုင်ငံရပ်ခြားတွင် ရောင်းချကြောင်း ကျမ်းကျိန်လွှာ” အပြီး ၁၅ ရက်အကြာတွင် ၎င်းတို့၏ ဒေါ်လာများကို ဗဟိုဘဏ်သို့ ရောင်းချရမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားကြောင်း ၂၉ ရက်နေ့ထုတ် Ofi magazine website ၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။

ဟေမာန်အောင်မင်း

https://www.ofimagazine.com/news/argentina-to-lower-agricultural-export-duties-on-soyabean-sunflowerseed-and-other-crops