ဗီယက်နမ် ဒူးရင်းသီးနှင့် ဆန်တင်ပို့မှု ၂၀၂၄ ခုနှစ်တွင် စံချိန်တင်

ဗီယက်နမ် ဒူးရင်းသီးနှင့် ဆန်တင်ပို့မှု ၂၀၂၄ ခုနှစ်တွင် စံချိန်တင်

၂၀၂၄ ခုနှစ်တွင် ဒူးရင်းသီး၊ ဆန်၊ ကော်ဖီနှင့် သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်မှု၊ စျေးကွက်ချဲ့ထွင်မှုနှင့် စျေးနှုန်းမြင့်တက်ခြင်းတို့စံချိန်တင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေထွက်ပစ္စည်း တင်ပို့မှုမှ ၀င်ငွေသည် ကန်ဒေါ်လာ ၆၂ ဒသမ ၄ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက် ၁၈ ဒသမ ၅ ရာနှုန်း တိုးလာကာ အစိုးရက ချမှတ် ထားသည့် ကန်ဒေါ်လာ ၅၄-၅၅ ဘီလီယံကို ကျော်လွန်သွားခဲ့ပါသည်။

တင်ပို့မှုအများဆုံးမှာ သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဖြစ်ပြီး အများအားဖြင့် ဒူးရင်းသီး ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းသီးတင်ပို့မှုမှ အမေရိကန်ဒေါ် လာ ၇ ဒသမ ၂ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၎င်းပမာဏသည် ဗီယက်နမ်သမိုင်းတွင် စိုက်ပျိုးရေးပို့ကုန်ကဏ္ဍ၌ အမြဲဦးဆောင်ခဲ့သော ဆန်တင်ပို့မှုကို ကျော်လွန်စေခဲ့သည်။ စုစုပေါင်း သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက် တင်ပို့မှု၀င်ငွေ၏ ၄၀-၄၂ ရာနှုန်း ရရှိခဲ့သည်။

ဒူးရင်းသီးမှ အမြတ်အစွန်းရရှိမှုရှိနေသော်လည်း ဆန်သည် ဗီယက်နမ် နိုင်ငံပို့ကုန်၏ အုတ်မြစ်အဖြစ် ဆက် လက်တည်ရှိနေပြီး ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံနီးပါး ရရှိကာ ၂၁ ရာနှုန်း တိုးလာခဲ့ပါသည်။

ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၉ သန်းကို ပျမ်းမျှတစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၆၂၀နှုန်းဖြင့် ပြိုင်ဘက်ထိုင်းနှင့်အိန္ဒိယတို့ကို ကျော်လွန်၍ ဈေးနှုန်းမြင့်ဖြင့် တင်ပို့ခဲ့သည်။

အဓိကဝယ်လက်များမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံတို့ဖြစ်ပြီး အင်ဒိုနီးရှားသည် တင်သွင်းမှု နှစ်ဆတိုးလာခဲ့ပါသည်။ မဲခေါင်မြစ် ဝကျွန်းပေါ်ဒေသမှ အရည်အသွေးမြင့် လယ်ယာထွက်ကုန်များနှင့် ရေ ရှည်တည်တံ့သောလယ်ယာစိုက်ပျိုး ရေး အလေ့အကျင့်များဖြင့် ပံ့ပိုးပေးထားသည့် ၂၀၂၅ ခုနှစ်အထိ ဆန်တင်ပို့မှု တိုးတက်မှုကို စိုက်ပျိုး ရေးဝန်ကြီးဌာနကမျှော်မှန်းထားသည်။

ကော်ဖီကဏ္ဍသည် ဝင်ငွေ ဒေါ်လာ ၅ ဒသမ ၅  ဘီလီယံအထိ ရောက်ရှိ ခဲ့ပြီး ၃၂ ရာနှုန်းတိုးမြင့်လာခဲ့သည်။ ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုများကြောင့် ထုတ်လုပ်မှု ၁၅ ရာနှုန်း ကျဆင်းခဲ့သော်လည်း ပျမ်းမျှဈေးသည် ၅၇ ရာနှုန်း မြင့်တက်ခဲ့ပြီး တစ်တန်လျှင် ဒေါ်လာ ၄,၀၃၇ သို့ ရောက်ရှိကာ စံချိန်တင် အမြင့်ဆုံးဖြစ်ခဲ့ပါသည်။ ဂျာမနီ၊ အမေရိကန်နှင့် အီတလီတို့သည် အကြီးမားဆုံး စျေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး တောင်ကိုရီးယားနှင့် ဂျပန်တို့ထံမှလည်းဝယ်လိုအားတိုးလာနေပါသည်။

သီးနှံစိုက်ပျိုးထုတ်လုပ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး Nguyen Quoc Manh က အရည် အသွေးမြှင့်တင်ရန်အတွက် နိုင်ငံ တကာစံနှုန်းများနှင့် ကိုက်ညီပြီး စျေးကွက်ဝေစုကို တိုးချဲ့ရန် အတွက် စိုက်ပျိုးထုတ်လုပ်မှုအခန်းကဏ္ဍကို အလေးပေးပြောကြားခဲ့သည်။

သစ်တောထွက်ပစ္စည်းများတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၃ ဘီလီယံရှိခဲ့ပြီး ၁၉ ဒသမ ၄ ရာနှုန်း တိုးမြင့်ခဲ့ပါသည်။ သစ်အချောထည်ပစ္စည်းများနှင့် ပရိဘောဂများကို အမေရိကန်၊ ဥရောပ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့မှ ၀ယ်လိုအားကောင်းနေပါသည်။ရေရှည်တည်တံ့သော ထုတ်လုပ်မှုနှင့် ဂေဟစနစ် သဟဇာတ သုံးပစ္စည်းများအပေါ် အလေးထားမှု သည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့တွင် အခွင့်အလမ်းများ ပွင့်စေခဲ့ပါသည်။

အာရှသည် ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေထွက် ပစ္စည်း ထုတ်ကုန်များကို အများဆုံးဝယ်ယူသူဖြစ်ပြီး စုစုပေါင်း ပို့ကုန်ဝင်ငွေ၏ ၄၈ ဒသမ၂ ရာနှုန်း၊ အမေရိက ၂၃ ဒသမ ၇ ရာနှုန်းနှင့် ဥရောပ ၁၁ ဒသမ ၃ ရာနှုန်းတို့ ဖြစ်ပါသည်။ ဥရောပသို့ တင်ပို့မှုမှာ ၃၀ ဒသမ ၄ ရာနှုန်းဖြင့် အမြင့်ဆုံးဖြစ်ပြီး အမေရိက ၂၃ ဒသမ ၆ နှင့် အာရှ ၁၆ ဒသမ ၁ ရာနှုန်းတို့ဖြစ် သည်။ အမေရိကန်သို့ တင်ပို့မှုမှ ဝင်ငွေသည် ၂၄ ဒသမ ၆ ရာနှုန်းတိုးလာပြီး တရုတ်နှင့် ဂျပန်တို့က ၁၁ နှင့် ၅ ဒသမ ၅ ရာနှုန်းအသီးသီး တိုးလာခဲ့ပါသည်။

စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သတင်းအချက်အလက်စင်တာ (Agroinfo)သည် ကော်ဖီ၊ သီဟိုဠ်စေ့၊ ငရုတ် ကောင်းနှင့် အပူပိုင်းဒေသ သစ်သီး ဝလံများအတွက် ခိုင်မာသော ဝယ် လိုအားရှိပြီး ဗီယက်နမ်ထုတ်ကုန်များအတွက် အလားအလာအရှိဆုံး စျေးကွက်များအဖြစ် အမေရိကန်နှင့် တရုတ်ကိုသီးခြားသတ်မှတ်ထားသည်။

ထို့အပြင် ဂျပန်နိုင်ငံသည် အော်ဂဲနစ်နှင့် ရေရှည်တည်တံ့သော ထုတ်ကုန်များအတွက် သိသာထင်ရှားသော အလားအလာများကို အသိအမှတ်ပြုပြီး တိုးတက်ပြောင်းလဲနေသော    ကမ္ဘာ့စံချိန်စံညွှန်းများကို ဖြည့်ဆည်းရန် ဗီယက်နမ်၏ ကတိကဝတ်ကို အလေးထားကြောင်းသိရှိရပါသည်။

ဟေမာန်အောင်မင်း

https://theinvestor.vn/durian-rice-record-export-break-throughs-in-2024-d14003.html