ကမ္ဘာ့ဆန်ဈေးကွက်တွင် ပါကစ္စတန်သည် အိန္ဒိယအတွက် အဓိကပြိုင်ဖက်ဖြစ်လာ

ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်ဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းကျဆင်းခဲ့ရာမှ မကြာသေးခင်က ပြန်လည်မြင့်တက်ခဲ့ပြီးနောက် ပါကစ္စတန်နိုင်ငံသည် အိန္ဒိယနိုင်ငံအတွက် အဓိကပြိုင်ဖက်ဖြစ်လာကြောင်း သိရသည်။ ထိုင်းနိုင်ငံမှ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ ဆန်ဖြူ ၁ တန်လျင် ကန်ဒေါ်လာ ၅၁၆၊ ဗီယက်နမ်နိုင်ငံမှ ၁ တန်လျင် ၅၂၄ ဖြင့် တင်ပို့ရောင်းချလျက်ရှိစဉ် ပါကစ္စတန်ဆန်ကို ၁ တန်လျင် ကန်ဒေါ်လာ ၄၅၅ မှ ၄၅၉ အတွင်း၌ သတ်မှတ်၍ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
အိန္ဒိယမှ ဆန်ဖြူဈေးနှုန်း ၁ တန်လျင် ကန်ဒေါ်လာ ၄၅၃ မှ ၄၅၇ အတွင်း ၁၀ ဒေါ်လာခန့် မြင့်တက်လာခဲ့ကြောင်း၊ မကြာမီရောက်ရှိလာမည့် ဆန်သစ်များအတွက် သင်္ဘောပေါ်အရောက်ဈေး ၁ တန်လျင် ကန်ဒေါ်လာ ၄၆၀ ဖြင့် ကမ်းလှမ်းထားကြောင်း စိုက်ပျိုးရေးပို့ကုန်လုပ်ငန်းရှင်များအသင်း (Agri Commodities Exporters Association - ACEA)၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ Prakash က ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံ၏ ရူပီးတန်ဖိုးမှာ အိန္ဒိယနှင့် နှိုင်းယှဉ်လျင် နိမ့်ကျသည့်အတွက် ၎င်းအတွက် အနည်းငယ် အသာစီးရရှိစေကြောင်း၊ အိန္ဒိယနိုင်ငံသည် ဆန်ဖြူကို ၁ လ လျင် ၁ သန်းမှ ၁ ဒသမ ၃ သန်းခန့်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ သို့သော် ဖိလစ်ပိုင်နိုင်ငံရှိ ဝယ်သူအချို့က ပါကစ္စတန် ဆန်နှင့် ပတ်သက်၍ အရည်အသွေးပိုင်း စိတ်မချရကြောင်း ပြောကြားခဲ့သည်။
တစ်ဖက်တွင် ပါကစ္စတန်နိုင်ငံသည် ကုန်တင်စရိတ်သက်သာသည့် အားသာချက်ရှိကြောင်း၊ အထူးသဖြင့် ကရာချိဆိပ်ကမ်းမှ မောရိသျှနိုင်ငံ လူးဝစ်ဆိပ်ကမ်း (Louis) သို့ တင်ပို့ရာ လမ်းကြောင်းအတွက် ကုန်သေတ္တာ ၁ လုံးလျင် ကန်ဒေါ်လာ ၄၅ ခန့်သာကုန်ကျပြီး၊ အိန္ဒိယနိုင်ငံ မူဒရာ (Mundra) ဆိပ်ကမ်းမှ အဆိုပါဆိပ်ကမ်းသို့အရောက် ကန်ဒေါ်လာ ၉၀ ခန့် ကုန်ကျကြောင်း သိရသည်။ ၎င်းအနေဖြင့် တရုတ်နိုင်ငံမှ သွင်းကုန်အမြောက်အများတင်သွင်းလျက်ရှိပြီး၊ အဆိုပါ ကုန်သေတ္တာ အလွတ်များကို အသုံးပြု၍ ပြန်လည် တင်ပို့လျက်ရှိသည့်အတွက် ကုန်သေတ္တာစရိတ် သက်သာရခြင်းဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ၂၀၂၂ ခုနှစ် စက် တင်ဘာမှစတင်၍ ပြည်ပဆန်တင်ပို့မှု ကန့်သတ်ပိတ်ပင်ခဲ့ကာ ဆန်ကွဲတင်ပို့မှု ပိတ်ပင်ခဲ့ပြီး၊ ဆန်ဖြူအပေါ် ပို့ကုန်ခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံခဲ့သည်။ သို့သော် နိုင်ငံအနေဖြင့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်က ဆန်မက်ထရစ်တန်ချိန် ၁၃၅ ဒသမ ၇၅ သန်းနှင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်က ဆန်မက်ထရစ်တန်ချိန် ၁၃၇ ဒသမ ၈၂ သန်း ထုတ် လုပ်နိုင်ခဲ့သည်ကိုကြည့်ခြင်းအားဖြင့် ဆန်ဈေးကွက်တွင် လွှမ်းမိုးထားနိုင်သည့် အခြေအနေကို တွေ့ရှိရကြောင်း သိရသည်။
နိုင်ငံအတွင်း အီသနောထုတ်လုပ်မှုအတွက် အသုံးပြုလျက်ရှိသော ဆန်ကွဲကို ပြည်ပသို့ တင်ပို့မှု ဆက်လက်ပိတ်ပင်ခဲ့သော်လည်း၊ ပြည်တွင်းရှိ ဆန်ဂိုဒေါင်များ၌ ဆန်များပိုလျှံလျက်ရှိသည့်အတွက် ယခုနှစ် စက်တင်ဘာလတွင် ပြည်ပသို့ ဆန်ဖြူတင်ပို့မှု ပြန်လည်ခွင့်ပြုပေးခဲ့သည်။ သို့သော် ပါကစ္စတန်နိုင်ငံမှ ဈေးနှုန်းပိုမိုသက်သာသော ဆန်များကို တင်ပို့ရောင်းချလျက်ရှိခြင်းက အိန္ဒိယနိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်စေကြောင်း သိရသည်။
ကောင်းထွဋ်အောင်
The Hindu Businessline, Pakistan offers India stiff competition as global rice prices rise after sharp fall, November 29, 2024