ရုရှား၏ ဆန်တင်ပို့မှုတားမြစ်ချက်ကို ၂၀၂၅ ဇွန် ၃၀ ရက်အထိ သက်တမ်းတိုးမည်

ရုရှား၏ ဆန်တင်ပို့မှုတားမြစ်ချက်ကို ၂၀၂၅ ဇွန် ၃၀ ရက်အထိ သက်တမ်းတိုးမည်

ရုရှားနိုင်ငံမှ ဆန်နှင့် ဆန်စပါးများ တင်ပို့မှုတားမြစ်ချက်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ၆ လ ထပ်မံ သက်တမ်းတိုးရန် ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာနက အစိုးရထံ အဆိုပြုထားကြောင်း ၎င်းသက်ဆိုင်ရာဥပဒေမူကြမ်းကို အစိုး ရ၏တရားဝင် Website ပေါ်တွင် ဖော်ပြထားသည်။

အဆိုပါတားမြစ်ချက်သည် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံမှုရရှိစေရန်၊ ပြည်တွင်းဈေးကွက်တွင် ဆန်စပါးပြတ်လပ်မှုအန္တရာယ်ကို ရှောင်ရှားရန်နှင့် စားသုံးသူများအတွက် ကုန် ဈေးနှုန်းတည်ငြိမ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။ 

ယင်းဥပဒေမူကြမ်းတွင် ရုရှားမှ ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အဖွဲ့ဝင်နိုင်ငံများနှင့် အစိုးရချင်း သဘောတူညီချက်ဖြင့် ပြည်ပနိုင်ငံများသို့ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီများအတွက် တင်ပို့သည့် ဆန်စပါးများအပေါ် သက် ရောက်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။

ရုရှားတွင် ဆန်နှင့် ဆန်စပါးတင်ပို့မှုယာယီတားမြစ်ချက်ကို Krasnodar နယ်မြေ(ရုရှားတွင် ဆန်အဓိကထွက်ရှိသောဒေသ)ရှိ Fedorovsky ရေအားလျှပ်စစ်စက်ရုံ မတော်တဆမှုဖြစ်ပွားပြီး နောက် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁ ရက်တွင် စတင်ခဲ့ပြီး ပို့ကုန်ကန့်သတ်ချက်အား ၆ လတစ်ကြိမ် ပုံမှန် သက်တမ်းတိုးခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ သက်တမ်းရှိခဲ့သည်။ 

ရုရှားတွင် ဆန်စပါးထုတ်လုပ်နိုင်မှု သည် နှစ်စဉ် တန်ချိန် ၁ သန်းကျော်ရှိသည်။ ၂၀၂၃ ခုနှစ် တွင် စပါးတန်ချိန် ၁. ဒသမ ၂ သန်းနီးပါး ရိတ်သိမ်းနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင်လည်း အလားတူ ပမာဏကို ရိတ်သိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသော ဆန်စပါးများသည် ဆန်လုံးတို(short grain rice) သာ ဖြစ်ပြီး ပြည်တွင်းစားသုံးရန်အတွက် လုံလောက်စွာထွက်ရှိသော်လည်း ဆန်လုံးရှည် (Long grain rice)သည် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်း မရှိသဖြင့် ပြည်ပနိုင်ငံများမှ တင်သွင်းနေရကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံသို့ ဆန်အဓိကတင်သွင်းခဲ့သည့် နိုင်ငံများမှာ အိန္ဒိယ(တန်ချိန် ၁၃၂,၇၈၀)၊ တရုတ် (တန်ချိန် ၂၄,၆၈၁)၊ ကာဇက်စတန် (တန်ချိန် ၂၈,၃၀၉)၊ ထိုင်း(တန်ချိန် ၂၁,၆၇၅) နှင့် တူကီယဲ(တန်ချိန် ၅,၆၂၉) တို့ဖြစ်သည်။      

 ခွန်မျိုးသူ

https://www.kommersant.ru/doc/7311077