ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုပြဿနာများနှင့် ရင်ဆိုင်နေရသည့် အင်ဒိုနီးရှားနှင့် မလေးရှား

သက်တမ်းရင့်ဆီအုန်းပင်များနှင့် ခြောက်သွေ့ရာသီဥတုတို့ကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ ဆီအုန်းခူးဆွတ်နိုင်မှုအလားအလာမှာ နည်းပါးလျက်ရှိကြောင်း၊ ယင်းနှင့်ဆက်စပ်၍ ကမ္ဘာ့ဈေး ကွက်သို့ ဖြန့်ဖြူးနိုင်မှုကို နည်းပါးစေနိုင်ပြီး ဈေးနှုန်းမြင့်တက်မှုများ ဖြစ်လာနိုင်ကြောင်း အင်ဒိုနီးရှားစားအုန်းဆီအသင်း (Indo-nesian Palm Oil Association - GAPKI) က သတင်းထုတ်ပြန်ခဲ့ သည်။
အင်ဒိုနီးရှားစားအုန်းဆီအသင်းနှင့် အင်ဒိုနီးရှားစားအုန်းဆီဘုတ်အဖွဲ့တို့က ၂၀၂၄ ခုနှစ်၊ နှစ်အစပိုင်းတွင် ဆီအုန်းအထွက်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားသော်လည်း ၂၀၂၄ ခုနှစ်တွင် ဆီအုန်း အထွက်နှုန်းမှာ ၂၀၂၃ ခုနှစ်အတိုင်း သို့မဟုတ် ၂၀၂၃ ခုနှစ်ထက် ၅ ရာခိုင်နှုန်းလျော့နည်းမည်ဟု ထပ်မံခန့်မှန်းထားသည်။
မလေးရှားနိုင်ငံသည်လည်း သက် တမ်းရင့်ဆီအုန်းအပင်များနှင့် အလုပ်သမားမလုံလောက်မှုတို့ကြောင့် ထုတ်လုပ်မှုပြဿနာများနှင့် ရင်ဆိုင်နေရသည့်အတွက် ကမ္ဘာ့ဆီအုန်းအရန်ထားရှိသည့် ပမာဏမှာ ၃ နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိလိမ့်မည်ဟု အမေရိကန်နိုင်ငံက ခန့်မှန်းထားပါသည်။
ဩဂုတ်လ အစောပိုင်းအစီရင်ခံစာအရ အမေရိကန်ပြည်ပစိုက်ပျိုးရေး ဝန်ဆောင်မှုက ဇန်နဝါရီလမှ ဇွန်လအထိ အင်ဒိုနီးရှားနိုင်ငံ၏ ဆီအုန်းထုတ်လုပ်မှုသည် ယခင်နှစ်ကာလတူက ထုတ်လုပ်နိုင်ခဲ့သည့် ပမာဏထက် ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း ခန့်မှန်းထားသည်။
အင်ဒိုနီးရှားနိုင်ငံက ၂၀၂၃ ခုနှစ်တွင် ဆီအုန်းတန်ချိန် ၅၄ ဒသမည၈ သန်းထုတ်လုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် တွင် တန်ချိန် ၅၂ သန်းမှ ၅၃ သန်းအထိ ထုတ်လုပ်နိုင်မည်ဟု အင်ဒိုနီးရှားစားအုန်းဆီအသင်းက ခန့် မှန်းထားပါသည်။ အင်ဒိုနီးရှားနိုင်ငံရှိ အဓိကဆီအုန်းစိုက်ပျိုးသည့် ဒေသများ၏ ၃ ပုံ ၁ ပုံတွင် ဇူလိုင် လ၌ ပုံမှန်မိုးရေချိန်ထက်လျော့နည်းခဲ့ပြီး ဩဂုတ်လအထိ မိုးရေချိန်လျော့ နည်းခဲ့ကြောင်း၊ ဆီအုန်း ထုတ်လုပ်မှုသည် ၅ ရာခိုင်နှုန်းလျော့ကျနိုင်ကြောင်း ခန့်မှန်းထားသည်။
“အရွယ်ရောက်ပြီး ဆီအုန်းအပင်များကလည်းဆီအုန်းလုပ်ငန်းအတွက် ကိစ္စရပ်တစ်ခုဖြစ် ကြောင်း၊ အသေးစားစိုက်ပျိုးထုတ်လုပ်သူများ၏ ဆီအုန်းအပင်များမှာ ၂၅ နှစ်ကျော် သက်တမ်းရှိ အပင်များဖြစ်ပြီး အစားထိုးပြန်လည်စိုက်ပျိုးရန် လိုအပ်လျက်ရှိကြောင်း၊ ဆီအုန်းထုတ်လုပ်မှုသည် အချို့သောစိုက်ဧကများတွင် တစ်ဧကလျှင် ၈၃၀ ကီလိုဂရမ်မှ ၇၀၀ ကီလိုဂရမ်နီးပါး ကျဆင်းလျက် ရှိကြောင်း” အင်ဒိုနီးရှားစားအုန်းဆီဘုတ်အဖွဲ့၏ ခေတ္တဥက္ကဋ္ဌ Sahat Sinaga က ပြောကြားသည်။ ဘုတ်အဖွဲ့က ၂၀၂၄ ခုနှစ်အတွက် ဆီအုန်းထုတ်လုပ်မှုမှာ ၃ ရာခိုင်နှုန်းကျဆင်းမည်ဟု ခန့်မှန်းထားပါသည်။
ဆီအုန်းအဓိကစိုက်ပျိုးထုတ်လုပ်တင်ပို့နေသည့် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် ထုတ်လုပ်မှုကျဆင်းလျက်ရှိရာ ကမ္ဘာ့ဈေးကွက်သို့ ဆီအုန်းဝင်ရောက်မှုကျဆင်းမည်ဖြစ်ပြီး ဈေးနှုန်း မြင့်တက်မှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေရှိကြောင်း တင်ပြလိုက်ရပါသည်။
သွယ်သွယ်ဆုတင်
Indonesian Palm Oil Association – GAPKI