ထိုင်းမှ သစ်သီးဝလံတင်သွင်းရန် စစ်ဆေးရေးဂိတ်သစ်တစ်ခု ယူနန်ပြည်နယ်တွင် ဖွင့်လှစ်

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နယ်စပ်ရှိ မဲခေါင်မြစ်ပေါ်တွင် တည်ရှိသည့် Guanlei Port ၌ စစ်ဆေးရေးဂိတ်သစ်ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၅ ရက်နေ့က ကျင်းပခဲ့ကြောင်း၊ အဆိုပါဆိပ် ကမ်းသည် ယူနန်ပြည်နယ်၌ သစ်သီး တင်သွင်းရန်အတွက် သတ်မှတ်ထားသော ၁၁ ခုမြောက် စစ်ဆေးရေးဂိတ်ဖြစ်လာပြီး အရှေ့တောင်အာရှမှ သစ်သီးတင်ပို့မှုများအတွက် ရေလမ်းသစ်ကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖွင့်ပွဲအခမ်းအနားပြီးနောက် မွန်းလွဲပိုင်းတွင် Xishuangbanna Jinggu Agricultural Deve-lopment Company မှ ပထမအကြိမ် တင်သွင်းလာသော ဒူးရင်းသီးနှင့် အခြားသစ်သီးဝလံများကို Guanlei ဆိပ်ကမ်း၌ အကောက်ခွန်ရှင်းလင်းရေး အောင်မြင်စွာဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုင်းနိုင်ငံ၊ Chiang Saen ဆိပ်ကမ်းမှ သြဂုတ် (၃)ရက်နေ့တွင် မြစ်ကြောင်းဖြင့် တင်ပို့သည့် သစ်သီးများသည် Guanlei Port သို့ နှစ်ရက်အတွင်း ရောက်ရှိခဲ့ကြောင်း၊ ထိုလမ်းကြောင်းသစ်သည် ထိုင်းနိုင်ငံနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများမှ သစ် သီးတင်သွင်းမှုများအတွက် အချိန်နှင့် ကုန်စရိတ်များကို သိသိသာသာလျှော့ချရန် ရည်ရွယ်ပြီး တင်သွင်းလာသော သစ်သီးဝလံများသည် တရုတ်ဈေးကွက်သို့အချိန်တိုအတွင်း ဈေးနှုန်းသက်သာစွာဖြင့် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ဆိပ်ကမ်း၌ ကုန်ပစ္စည်းစစ်ဆေးခြင်း၊ အကောက်ခွန်ရှင်းလင်းခြင်း (သို့မဟုတ်) အခြားလို အပ်သည့်လုပ်ငန်းစဉ်တစ်ခုကို စောင့်ဆိုင်းနေချိန်တွင် တင်သွင်းလာသော သစ်သီး ဝလံများကို ယာယီသိမ်းဆည်းနိုင်သည့် အအေးခန်းများ ပါဝင်ကြောင်း၊ ပြင်ပဧရိယာတွင် အအေးခန်းသို လှောင်ရုံ များနှင့် ပေ ၂၀ နှင့် ပေ ၄၀ အအေးခန်းကွန်တိန်နာများထားရှိနိုင်သော အားသွင်းရုံ ၂၅ ခု တပ် ဆင်ထားကြောင်း၊ ထို့အပြင် အဆိုပါနေရာသည် တန် ၅၀၀ ဆံ့ ကုန်တင်သင်္ဘောများ ဆိုက်ကပ်နိုင်ရန် လို အပ်သည့်အထောက်အကူပြုပစ္စည်းများလည်း ပါဝင်ကြောင်း သိရှိရသည်။
ကုမ္ပဏီများသည် မကြာသေးမီက ဒူးရင်းသီး၊ သရက်သီး၊ ဖရဲသီးနှင့်ငှက်ပျောသီးစသည့် သစ်သီးတန်ချိန် ၂၀,၀၀၀ ခန့်အတွက် အကောက် ခွန်အာဏာပိုင်များထံ လျှောက်လွှာများတင်သွင်းခဲ့ကြကြောင်း၊ Guanlei ဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းသည့် သစ်သီးဝလံပမာဏသည် ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၁၅၀,၀၀၀ အထိ ရောက်ရှိမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် တန်ချိန် ၃၀၀,၀၀၀ အထိ မြင့် တက်လာမည်ဟု သက်ဆိုင်ရာဌာနများက ခန့်မှန်းထားကြောင်း သိရှိရသည်။
ကေခိုင်ကျော်
https://www.producereport.com/article/new-river-checkpoint-thai-fruit-imports-opens-yunnan