တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ၂၀၂၄ ပထမနှစ်ဝက်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့
တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ယခုနှစ် ပထမနှစ်ဝက်တွင် အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး စီးပွားရေးပြန်ဦးမော့လာစေရန် အထောက်အပံ့ဖြစ်စေခဲ့ကြောင်း တရားဝင်အချက်အလက်များ၌ ဖော်ပြထားသည်ဟု သိရှိရသည်။
ဇန်နဝါရီလမှ ဇွန်လအထိ ကုန်စည်ကုန်သွယ်မှုပမာဏသည် ၆ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာ ကာ ပို့ကုန် ၆ ဒသမ ၉ ရာခိုင်နှုန်းနှင့် သွင်းကုန် ၅ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင် အဖွဲ့(GACC)၏ အချက်အလက်များအရ သိရှိရသည်။
ကိန်းဂဏန်းများအရ နိုင်ငံခြားကုန်သွယ်မှုတွင်အပြုသဘောဆောင်သောလမ်းကြောင်းသည် ပိုမိုခိုင်မာလာကြောင်း လေ့လာသူများက သုံးသပ်ကြပြီး ယခုနှစ် ဒုတိယသုံးလပတ်တွင် သွင်း ကုန်နှင့် ပို့ကုန်စုစုပေါင်းမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၄ ရာခိုင်နှုန်းတိုးလာပြီး ယခုနှစ် ပထမ သုံးလပတ်၏ တိုးတက်မှု ၄ ဒသမ ၉ ရာခိုင်နှုန်းနှင့် ယမန်နှစ် စတုတ္ထသုံးလပတ်၏ တိုး တက်မှု ၁ ဒသမ ၇ ရာ ခိုင်နှုန်းထက် ပိုမိုမြင့်တက်လာကြောင်းသိရသည်။
ကုန်သွယ်မှုသည် အရည်အသွေးနှင့် အရေအတွက် နှစ်မျိုးစလုံးတွင် ဆက်လက်တိုးတက်နေပြီး စီးပွား ရေးတိုးတက်မှုကိုလည်း အထောက် အကူဖြစ်စေသည်ဟု GACC မှ ပြောကြားခဲ့ကြောင်း သိရှိရသည်။
အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ဆက်လက်ရပ်တည်နေပြီး နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ပထမနှစ် ဝက်တွင် ယွမ် ၃ ဒသမ ၃၆ ထရီလီယံရှိကာ လွန်ခဲ့သည့်နှစ်က ထက် ၁၀ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာကာ နိုင်ငံ၏ စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုပမာဏ၏ ၁၅ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း၊ ထို့နောက်တွင် ဥရောပသမဂ္ဂမှ ကုန်သွယ်မှုပမာဏ ယွမ်၂ ဒသမ ၇၂ ထရီလီယံ၊ အမေရိကန်က ယွမ် ၂ ဒသမ ၂၉ ထရီလီယံနှင့် ကိုရီးယားသမ္မတနိုင်ငံမှ ယွမ် ၁ ဒသမ ၁၃ ထရီလီယံ အသီးသီး ရှိကြောင်း သိရှိရသည်။
Belt and Road Initiative တွင် ပါဝင်သည့် နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုသည် ပထမခြောက်လအတွင်း ၇ ဒသမ ၂ ရာ ခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ကုန် သွယ်မှုပမာဏသည် ယွမ် ၁၀ ဒသမ ၀၃ ထရီလီယံအထိ ရှိခဲ့ကြောင်း သိရသည်။
စက်ယန္တရားများနှင့် လျှပ်စစ်ပစ္စည်းများသည် တရုတ်နိုင်ငံ ပို့ကုန်စုစုပေါင်း၏ ၆၀ ရာခိုင် နှုန်းနီးပါးရှိကြောင်း၊ အထူးသဖြင့် ပထမနှစ် ဝက်တွင် အလိုအလျောက် ဒေတာစီမံ ဆောင်ရွက်ပေးသည့် စက်ကိရိ ယာများနှင့် အစိတ်အပိုင်းများ တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ၁၀ ဒသမ ၃ ရာခိုင်နှုန်း တိုးလာကာ integrated circuits များသည် ၂၅ ဒသမ ၆ ရာခိုင်နှုန်းနှင့် မော်တော် ယာဉ်များသည် ၂၂ ဒသမ ၂ ရာ ခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည်လာမည့်လများအတွင်း အပြု သဘောဆောင်သော အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းနိုင်လိမ့်မည်ဟု လေ့လာသူများက မျှော်လင့်လျက်ရှိသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဝယ်လိုအား ကျဆင်းနိုင်သော်လည်း အာဆီယံ၊ လက်တင်အမေရိကနှင့်BRICS နိုင်ငံ များ အပါအဝင် ထွန်းသစ်စနိုင်ငံများသည် အဆိုပါကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း Citigroup China ၏ စီးပွားရေးပညာရှင် အကြီးအကဲ Yu Xiangrong က ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ ပို့ကုန်တိုးတက်မှုသည် တည်ငြိမ်နေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
တရုတ်နိုင်ငံ၏ နည်းပညာတိုးတက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းနှင့် ပြီးပြည့်စုံသော ထောက်ပံ့ရေးနှင့် စက်မှုလုပ်ငန်းကွင်းဆက်များသည် ၎င်း၏ကုန်ထုတ်လုပ်မှုစွမ်းအားကို အား ကောင်းစေပြီး ပို့ကုန်လုပ်ငန်းရှင်များအားနိုင်ငံ တကာ ဈေးကွက်များတွင် အားသာချက်များ ရရှိစေခဲ့သည်ဟု လေ့လာသူများကပြောကြားခဲ့သည်။
ကုန်သွယ်မှုကာကွယ်ရေးဝါဒ မြင့်တက်လာသည်နှင့်အမျှ ကျွမ်းကျင်သူများက ၎င်း၏ အကျိုး သက် ရောက်မှုကို အနီးကပ်စောင့်ကြည့်ရန် တောင်းဆိုခဲ့ပြီး အလယ်အလတ်ကုန်စည်များ ကုန်သွယ် မှုကို တိုးချဲ့ရန်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးကို မြှင့်တင်ရန် ပိုမိုကြိုးပမ်းအားထုတ်ရန်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ကေခိုင်ကျော်
https://english.news.cn/