ရုရှားနှင့် ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုပမာဏ ၂၀၂၃ တွင် ၁၆ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့

တောင်အာရှတွင် ရုရှား၏ ဒုတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် ရုရှားတို့ကြား ကုန်သွယ်မှုပမာဏသည် လျင် မြန်စွာတိုးတက်လာခဲ့ကြောင်း၊ နှစ်နိုင်ငံအစိုးရများနှင့် စီးပွားရေး အ သိုင်းအဝိုင်းများ၏ ပူးပေါင်းကြိုးပမ်းမှုများသည် ကုန်သွယ်မှုပမာဏကို အဆမတန် တိုးမြှင့်နိုင်စေခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် လက်ရှိ ကမ္ဘာလုံးဆိုင်ရာ အတားအဆီးများရှိနေသော် လည်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ၁၆ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ရုရှားသံ အမတ်ကြီး Mr. Alexander Mantytsky က ပြောကြားခဲ့သည်။
စွမ်းအင်နှင့် စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးသည် အဓိကနယ်ပယ်များ ဖြစ်ပြီး ရုရှားသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မိတ်ဖက်များနှင့်အတူ အပြန်အလှန်အကျိုး စီးပွားရှိသော နယ်ပယ်များကို ဆက် လက်ချဲ့ထွင်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ စီးပွားရေးအသိုင်းအဝိုင်းများကြား တိုက်ရိုက်ဆက်ဆံမှုများ ထူထောင်ရန် ကြိုးပမ်းသင့်ကြောင်း၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အပြုသဘောဆောင်သော တိုးတက် မှုကို ထိန်းသိမ်းရန် B2B ဆက်ဆံရေးကို အထူးအာရုံစိုက်ရန် လိုအပ်မည်ဖြစ်ကြောင်း ရုရှားသံအမတ်ကြီးက အလေးပေးပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်မှ ရုရှားနိုင်ငံသို့ အဓိကတင်ပို့သောကုန်စည်များမှာ အဝတ်အထည်၊ စိုက်ပျိုးရေးထုတ် ကုန်များသည့် အာလူးနှင့် ပန်းဂေါ်ဖီများဖြစ်ပြီး ရုရှားမှ ဘင်္ဂလားဒေ့ရှ်သို့ အဓိကတင်သွင်း သော ကုန်စည်များမှာ နျူကလီးယားဓာတ်ပေါင်းဖိုဆိုင် ရာ စက်ကိရိယာများ၊ လျှပ်စစ်စက် ပစ္စည်းကိရိယာများ၊ သံသတ္တုများနှင့် ဂျုံများဖြစ်ကြောင်း သိရှိရသည်။
ခွန်မျိုးသူ
https://tass.ru/ekonomika/20939937