၂၀၂၄ တွင် သွင်းကုန်၊ ပို့ကုန်များအပေါ် စည်းကြပ်ခွန်များ တရုတ်ချိန်ညှိမည်

တရုတ်နိုင်ငံသည် သွင်းကုန်နှင့် ပို့ကုန်များအပေါ် ကောက်ခံသည့်အခွန်နှုန်းထားများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ စတင်၍ ချိန်ညှိမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၏ အကောက်ခွန်ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရှိရသည်။
ကော်မရှင်က ထုတ်ပြန်သည့် ကြေညာချက်အရ တရုတ်နိုင်ငံသည် ကုန်စည် (၁၀၁၀)မျိုး အပေါ်တွင် Most-Favored Nation Rates (MFN) ထက်နည်းသော သွင်းကုန်ခွန်များကို ကောက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။
ဥပမာအားဖြင့် တရုတ်နိုင်ငံသည် နိုင်ငံအတွင်း၌ ရှားပါးသော ကုန်ကြမ်းများ၊ အဓိကျသည့် စက်ကိရိယာများနှင့် အစိတ်အပိုင်းများ၊ ကင်ဆာရောဂါအချို့နှင့် ရှားပါးရောဂါများကို ကုသရန် အတွက် ဆေးဝါးများနှင့် ကုန်ကြမ်းများ၊ ကျန်းမာရေးအထောက်အကူပြု အစားအစာနှင့် စိုက်ပျိုး ရေးထွက်ကုန်အချို့ကို သွင်းကုန်ခွန်လျှော့ချမည် သို့မဟုတ် ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် တရုတ်နိုင်ငံသည် သန့်စင်ပြီးအလူမီနီယံအပေါ် ပို့ကုန်ခွန် လျှော့ချမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ဝင်ရောက်စဉ်က ကတိ ကဝတ်ဘောင်အတွင်းမှ ethylene၊ propylene နှင့် liquid crystal glass substrates အချို့အပေါ် သွင်းကုန်ခွန်များကို တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။
လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်နှင့် ဦးစားပေးကုန်သွယ်မှုအစီအစဉ်များအရ ဈေးကွက်ပိုမိုဖွင့်လှစ်နိုင်ရန် ကြိုးပမ်းသည့် အနေဖြင့် တရုတ်နိုင်ငံသည် နိုင်ငံပေါင်း (၃၀)မှ အချို့ သော ကုန်ပစ္စည်းများအပေါ် လာမည့်နှစ်တွင် သမရိုးကျအကောက်ခွန်နှုန်း (conventional tariff rates) ကို ကောက်ခံမည်ဖြစ်ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံနှင့်သံတမန်ဆက်ဆံရေးထူထောင်ပြီး စာလွှာဖလှယ်မှုပြီးမြောက်သော ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများကို လာမည့်နှစ်တွင် အကောက်ခွန်သက်သာကင်းလွတ်ခွင့်များ ဆက်လက်ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။
ကေခိုင်ကျော်