ပဲနီလေး အကောက်ခွန်လွတ်တင်သွင်းမှုကို အိန္ဒိယ ထပ်မံသက်တမ်းတိုး

အိန္ဒိယနိုင်ငံသည် ပဲနီလေး အကောက်ခွန်လွတ်တင်သွင်းမှုကို ၂၀၂၅ မတ် ၃၁ ရက် နေ့အထိ တစ်နှစ်ထပ်မံ၍ သက်တမ်းတိုးမြှင့် သတ်မှတ်လိုက်ကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအရသိရသည်။
ယင်းသို့ အစိုးရမှ သွင်းကုန်ခွန်ကင်းလွတ်ခွင့်ဖြင့် ပဲနီလေးတင်သွင်းခွင့်ပြုသည့်အတွက် ငွေဖေါင်းပွကို မြင့်တက်မှုမရှိစေရန် အထောက်အကူပြုနိုင်သည်ဟုဆိုသည်။ ပုံမှန်အချိန်တွင် ၎င်း အပေါ် သွင်းကုန်ခွန် ၃၀ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံကြောင်း သိရသည်။ “ယခုလို အစိုးရက တစ် နှစ်သက်တမ်းတိုးမြှင့်လိုက်သည့်အတွက် သွင်းကုန်သမားများအကျိုးအမြတ်ရရှိကာ ပဲနီလေးရောင်း လိုအားကို မြင့်တက်စေမှာပါ” ဟု အိန္ဒိယပဲမျိုးစုံနှင့် သီးနှံအသင်း ဥက္ကဌ Bimal Kothari က ပြောကြားခဲ့သည်။
မကြာသေးမီလများအတွင်းက အိန္ဒိယစားသုံးသူများသည် ပဲစဉ်းငုံ (ခွဲခြမ်း) စားသုံးရာမှ ပဲနီလေး (ခွဲခြမ်း) သို့ ပြောင်းလဲစားသုံး လာမှုကြောင့် လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲနီလေး တင်သွင်းမှု သိသိသာသာတိုးမြင့်လာကြောင်း သိရသည်။ ယခုနှစ်တွင် မုတ်သုံမိုး မမှန်ခြင်းကြောင့် ပဲစဉ်းငုံ အပါ အဝင် ပဲမျိုးစုံစိုက်ပျိုး ထွက်ရှိမှုအပေါ်ထိခိုက်ခဲ့ပြီး၊ ဈေးနှုန်းများကြီးမြင့်လာမှုကြောင့် စားသောက်ကုန် ဈေးဖေါင်းပွမှုကို ဖြစ်ပေါ်စေခဲ့သည်။ အိန္ဒိယစားသုံးသူများအနေဖြင့် ဈေးနှုန်းကြီးမြင့်သော ပဲစဉ်းငုံအစား အခြားပဲမျိုးစုံကို ပြောင်းလဲ၍ စားသုံးခဲ့သည့်အတွက် ၎င်း၏ ဝယ်လိုအား ၁၅ ရာ ခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းဖွယ်ရှိကြောင်း ခန့်မှန်းချက်များ အရ သိရသည်။
ယခုနှစ် နိုဝင်ဘာလအတွင်း ခန့်မှန်းတင်သွင်းမှုများအပါအဝင် ဧပြီလမှ နိုဝင်ဘာအထိ ပဲနီလေး တင်သွင်းမှု တန်ချိန် ၁၁ ဒသမ ၄၈ သိန်းရှိကြောင်းနှင့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်က တန်ချိန် ၈ ဒသမ ၅၈ သန်းနှင့်နှိုင်းယှဉ်လျင် များစွာမြင့်တက်ခဲ့ကြောင်း iGrain India က ဖော်ပြထားသည်။ “ကုန်သည် အသိုင်းအဝိုင်းက ယခုလိုမျိုးအစိုးရ၏ အကောက်ခွန်ကင်းလွတ်ခွင့်ကို မျှော်လင့်လျက် ရှိကြပါတယ်”ဟု Igrain India မှ Rahul Chauhan က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသည် ပဲနီလေးကို ကနေဒါနှင့် ဩစတေးလျနိုင်ငံကဲ့သို့ ပဲနီလေးအများဆုံး ထုတ် လုပ်သည့်နိုင်ငံများမှ အဓိကတင်သွင်း လျက်ရှိသည်။ အစိုးရက အမေရိကန်ပြည်ထောင်စုမှ ပဲနီလေး တင်သွင်းမှုအပေါ် စည်းကြပ်ကောက်ခံခဲ့သည့် တန်ပြန်ခွန်အား မကြာသေးမီက ဖယ်ရှားရုတ်သိမ်းခဲ့သည်။
ရာဘီ (ဆောင်း) သီးနှံစိုက်ရာသီရှိ ပဲနီလေး စိုက်ပျိုးမှုဧရိယာမှာ ပထမဦးဆုံးအကြိမ်အဖြစ် တိုးတက်မှုလက္ခဏာများရှိခဲ့သည်။ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနမှ နောက်ဆုံးရရှိသော အချက် အလက်များအရ ယခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့အထိ ပဲနီလေးစိုက်ပျိုး ဧရိယာသည် ယခင်နှစ် ကာလတူက ဟက်တာ ၁၇ ဒသမ ၇၇ သိန်းရှိရာမှ ၁၇ ဒသမ ၉၇ သိန်းသို့ မြင့်တက်ခဲ့ကြောင်း သိရသည်။
သို့သော် ရာဘီပဲမျိုးစုံစိုက် ဧရိယာစုစုပေါင်းမှာမူ ယခင်နှစ်က ဟက်တာ ၁၄၈ ဒသမ ၅၃ သိန်း ရှိခဲ့ရာမှ ယခုနှစ်တွင် ၁၃၇ ဒသမ ၁၃ သိန်းသို့ ကျဆင်းခဲ့ကြောင်း သိရသည်။ အဆိုပါ ပဲမျိုးစုံအနက် ကုလားစိုက်ဧရိယာ သိသိသာသာကျဆင်းခဲ့သည်ဟု ဆိုသည်။
သို့သော် Madhya Pradesh နှင့် Uttar Pradesh ပြည်နယ်ကဲ့သို့ ပဲမျိုးစုံ အဓိကစိုက်ပျိုးရာ ဒေသများတွင် ရာသီဥတု ကောင်းမွန်မှုကြောင့် ပဲနီလေးထွက်ရှိမှုမြင့်မားဖွယ်ရှိပြီး အထွက်နှုန်း ၅ ရာ ခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်က ပဲနီလေးထုတ်လုပ်မှု တန်ချိန် ၁၅ ဒသမ ၈ သိန်းရှိပြီး၊ ယခင်ဘဏ္ဍာနှစ်က ၁၂ ဒသမ ၆၉ သိန်းသာ ရှိခဲ့သည့်အတွက် မြင့်တက်လာခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ပဲမျိုးစုံကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သော်လည်း ရောင်းလိုအားနှင့် ဝယ်လိုအား မမျှတသည့်အတွက် ပြည်ပဈေးကွက်များကို အမှီပြု၍ ပြည်တွင်းပဲဈေးကွက် တည်ငြိမ်အောင်ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ ပြည်တွင်း၌ ပဲစဉ်းငုံစိုက်ပျိုးထွက်ရှိမှုကျဆင်းပြီး ဈေးနှုန်းများကြီးမြင့်လျက်ရှိသည့်အတွက် ပဲနီလေးသို့ ပြောင်းလဲ၍ ပိုမိုစားသုံးလာသည့် စားသုံးသူ အလေ့အထပြောင်းလဲမှုကို တွေ့ရှိရပါသည်။ ထို့ကြောင့် အိန္ဒိယအစိုးရအနေဖြင့် ပြည်ပမှ ပဲနီလေး တင်သွင်းမှုအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်အား ၂၀၂၅ ဘဏ္ဍာနှစ်ကုန်အထိ သက်တမ်းထပ်မံ တိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ ပဲစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အနေဖြင့် အိန္ဒိယနိုင်ငံ၏ အဆိုပါ ပဲစားသုံးမှုအလေ့အထပြောင်းလဲလာမှုအခြေအနေနှင့် အစိုးရ၏ ကုန်သွယ်ရေးမူဝါဒအပြောင်းအလဲကို သိရှိပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် သုံးသပ်တင်ပြလိုက်ရပါသည်။
ကောင်းထွဋ်အောင်