၂၀၂၄ တွင် ဓာတ်မြေဩဇာထုတ်လုပ်မှုနှင့် တင်ပို့မှုကို ရုရှားမြှင့်တင်မည်

၂၀၂၄ တွင် ဓာတ်မြေဩဇာထုတ်လုပ်မှုနှင့် တင်ပို့မှုကို ရုရှားမြှင့်တင်မည်

၂၀၂၃ ခုနှစ် ရလဒ်များကိုအခြေခံ၍ ရုရှားနိုင်ငံသည် ဓာတ်မြေသြဇာ ထုတ်လုပ်မှုနှင့် တင်ပို့မှု ကို ၂၀၂၄ ခုနှစ်တွင် တိုးမြှင့် ထုတ်လုပ်နိုင်ကြောင်း၊ ထုတ်လုပ်မှုတန်ချိန်အနေဖြင့် ၆၄ သန်းကျော် ရှိလာနိုင်ပြီး ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်း တိုးမြှင့်လာနိုင်ကြောင်း ရုရှားဓာတ်မြေသြဇာထုတ်လုပ် သူများအသင်း(RAFP) ဥက္ကဋ္ဌ Mr. Andrey Guryev မှ ပြောကြား ခဲ့သည်။

အဆိုပါအသင်း၏ ခန့်မှန်းချက်အရ ဓာတ်မြေသြဇာထုတ်လုပ်မှုနှုန်းသည် ၂၀၂၃ ခုနှစ်ထက် ၁၀ ရာခိုင်နှုန်းအထိ တိုးလာနိုင်ပြီး မက်ထရစ်တန်ချိန် ၆၄ သန်းကျော်အထိ ရှိလာမည်ဖြစ်၍ ပြည်ပ သို့ တင်ပို့မှုလည်း တိုးလာမည်ဖြစ်ကြောင်း သိရှိရသည်။ အချက်အလက်များအရ ၂၀၂၃ ခုနှစ် ၁၁ လတာအတွင်း ရုရှားနိုင်ငံ၏ ဓာတ်သတ္တုမြေသြဇာ ထုတ်လုပ်မှုသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တန်ချိန် ၅၃ သန်းကျော်ရှိကြောင်း သိရှိရသည်။

ရုရှားဓာတ်မြေဩဇာထုတ်လုပ်သူများသည် ပိတ်ဆို့အရေးယူမှုကြားမှ ရင်းနှီးသော မိတ်ဆွေ နိုင်ငံများ၏ ဈေးကွက်သို့ ဓာတ်မြေဩဇာ ပိုမိုတိုးမြှင့်တင်ပို့ခဲ့ကာ ပြီးခဲ့သည့်နှစ်တွင် အဆိုပါနိုင်ငံ များသို့ ဓာတ်မြေသြဇာတင်ပို့မှုသည် ၇၀ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ယခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။ ထို့အပြင် ယခုနှစ်ကုန်တွင် ပို့ကုန်ပမာဏ တိုးတက်မှုနှုန်း သည် ၂၀၂၁ ခုနှစ်က အဆင့်သို့ ပြန်လည်ရောက်ရှိရန်  မျှော်လင့်ထားကြောင်း အသင်းဥက္ကဋ္ဌမှ ပြောကြားသည်။

၂၀၂၂ ခုနှစ်တွင် ဖော်ရွေမှုမရှိသော နိုင်ငံများသို့ ရုရှားဓာတ်မြေဩဇာ တင်ပို့မှုပမာဏသည် တန်ချိန် ၁၀ သန်းအထိ ကျဆင်းသွားခဲ့ပြီး ၂၅-၃၀ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ၁၅-၂၀ ရာခိုင်နှုန်းအထိ ထပ်မံကျဆင်းသွားနိုင်ကြောင်း၊ လက်ရှိ တင်ပို့မှုအများစု သည် ကမ္ဘာ့တောင်ဘက် နိုင်ငံများသို့ ဦးစားပေး ပေးပို့လျက်ရှိပြီး အိန္ဒိယနှင့် ဘရာဇီးတို့သည် ထိပ်တန်းရောင်းချရာ ဈေးကွက်များ ဖြစ်ကြောင်း သိရှိရပါသည်။

ရုရှားအစိုးရသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်အထိ နိုက်ထရိုဂျင်ဓာတ်မြေဩဇာများ(ယူရီးယား၊ ယူရီးယား-အမိုနီယမ် အရောအနှော၊ အမိုနီယမ်နိုက် ထရိတ်) တန်ချိန် ၉.၈၁ သန်း အပါအဝင် စုစုပေါင်း ဓာတ်မြေသြဇာပို့ကုန်ခွဲတမ်း ပမာဏကို တန်ချိန် ၁၆.၉၅ သန်း သတ်မှတ်ထားသည်။

ရုရှားအစိုးရသည် ပြည်တွင်းဈေးကွက်ကို ကာကွယ်ရန်အတွက် ကုန်စည်အချို့အပေါ် လိုက် လျောညီထွေရှိသော ပို့ကုန်ခွန်များကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ သတ် မှတ်ကျင့်သုံးခဲ့ပြီး ၎င်းကုန်စည်များအနက်  ဓာတ်မြေသြဇာလည်း အပါအဝင်ဖြစ်ကာ ဒေါ်လာငွေ လဲလှယ်နှုန်းအပေါ် မူတည်၍ ဓာတ်မြေသြဇာပို့ကုန်ခွန်များ တိုးမြင့်မည်ဖြစ်သဖြင့် ရုရှားနိုင်ငံမှ နိုင်ငံတကာသို့ တင်ပို့သော ဓာတ်မြေသြဇာများ၏ ဈေးနှုန်းများသည် မြင့်တက်လာနိုင်ကြောင်း သုံးသပ်ရပေသည်။

ခွန်မျိုးသူ