ဗီယက်နမ်မှ အုန်းသီးနှင့် အေးခဲထားသော ဒူးရင်းသီးများ တရုတ်ဈေးကွက်သို့ ဝင်ရောက်ခွင့်ရလုနီးပြီဖြစ်

ဗီယက်နမ်မှ အုန်းသီးနှင့် အေးခဲထားသော ဒူးရင်းသီးများ တရုတ်ဈေးကွက်သို့ ဝင်ရောက်ခွင့်ရလုနီးပြီဖြစ်

Việt Nam News ၏ အစီရင်ခံစာအရ လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ တရုတ်နိုင်ငံသို့ တင်ပို့ရန် အရည်အချင်းပြည့်မီ၍ တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့မှ ကုဒ်နံပါတ် များ ထုတ်ပေးထားသည့် ဒူးရင်းစိုက်ပျိုးရေးခြံနှင့် ထုပ်ပိုးမှုလုပ်ငန်းများ (၈၇၆)ခုရှိပြီး ဗီယက်နမ်အနေဖြင့် တရုတ်နိုင်ငံနှင့် ဒူးရင်းသီးကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပိုမိုကောင်း မွန်သော အခြေအနေများ ဖန်တီးပေးထားကြောင်း သိရှိရပါသည်။ 

ဗီယက်နမ်ဒူးရင်းသီးများသည် တရုတ်နိုင်ငံသို့ သယ်ယူပို့ဆောင်ချိန်တိုတောင်းသည့်အပြင် အထွက်နှုန်းမြင့်မားပြီး တစ်နှစ်ပတ်လုံးရရှိနိုင်ကြောင်း၊ ဗီယက်နမ်မှ လတ်ဆတ်သော ဒူးရင်းသီးများ ကို ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းများမှတစ်ဆင့် တရုတ်နိုင်ငံသို့ စျေးကွက်ဝင်ရောက်ခွင့်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ခွင့်ပြုပေးခဲ့ပြီး ပထမအကြိမ် တင်ပို့မှုကို စက်တင်ဘာလတွင် စတင်နိုင်ခဲ့ကြောင်း၊ ထိုအချိန်ကတည်းက ဗီယက်နမ်ဒူးရင်းသီးတင်ပို့မှု မြင့်တက်လာပြီး ၂၀၂၂ ခုနှစ်တွင် အမေရိကန် ဒေါ်လာ(၂၈၈)သန်းမှ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၂.၁)ဘီလီယံအထိ မြင့်တက်လာခဲ့ ကြောင်း၊ ယင်းအနက် တရုတ်နိုင်ငံသို့ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ(၂.၀၃)ဘီလီယံအထိ မြင့်တက် လာခဲ့ကြောင်း၊ ဒူးရင်းသီးကုန်သွယ်မှုသည် ဗီယက်နမ်၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်း ရွက် ကဏ္ဍ တစ်ခုလုံးအပေါ် သိသိသာသာ အကျိုးသက်ရောက်မှုရှိခဲ့ပြီး စုစုပေါင်းပို့ကုန်တန်ဖိုးသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၅.၆)ဘီလီယံအထိရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ်(၆၆.၇) ရာခိုင် နှုန်း မြင့်တက်လာခဲ့ကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ သိရှိရပါ သည်။

၂၀၂၄ ခုနှစ် ပထမနှစ်လတွင် ဗီယက်နမ်၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုသည် (၇၀)ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၉၇၀) သန်းသို့ ရောက်ရှိခဲ့ ကြောင်း၊ အဓိက တင်ပို့သည့် ကုန်ပစ္စည်းများမှာ ဒူးရင်းသီး၊ အုန်းသီး၊ နဂါးမောက်သီး၊ ဂရိတ်ဖရုသီး၊ ငှက်ပျောသီး၊ သံပုရာသီး၊ စပျစ်သီးနှင့် သရက်သီးများပါဝင်ပြီး ဒူးရင်းသီးသည် တန်ဖိုးအရ အဓိက ပို့ကုန်အဖြစ် ရပ်တည်နေကြောင်း သိရှိရပါသည်။

လက်ရှိတွင် ဗီယက်နမ်အုန်းသီးနှင့် အေးခဲဒူးရင်းများကို တရုတ်ဈေးကွက်သို့ဝင်ရောက်ရန် ညှိနှိုင်းမှုမှာ ပြီးစီးလုနီးပါးဖြစ်ကြောင်း၊ အဆိုပါပစ္စည်းနှစ်ခုပါဝင်ပါက ဗီယက်နမ်၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၆.၅)ဘီလီယံအထိ မြင့်တက် လာမည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။

ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ အပင်ကာကွယ် ရေးဌာန၏ အဆိုအရ နိုင်ငံ၏ တောင်ပိုင်းပြည်နယ်များတွင် ဒူးရင်းသီးစိုက်ဧရိယာသည် ၂၀၂၄ ခုနှစ် အစပိုင်းတွင် (၆၂,၁၇၃)ဟက်တာအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်အစနှင့် နှိုင်းယှဉ်ပါက ဟက်တာ (၁၅,၀၀၀)တိုးလာကြောင်း သိရှိရပါသည်။ ထို့အပြင် တောင်ဘက်ရှိကမ်းရိုးတန်းဒေသနှင့် အလယ် ပိုင်းကုန်းမြင့်ဒေသရှိ ပြည်နယ်များတွင် ယခုအခါ ဒူးရင်းစိုက်ဧရိယာ (၅၇,၁၀၁)ဟက်တာရှိပြီး တစ်နှစ် ထက်တစ်နှစ် ဟက်တာ (၁၉,၂၀၀)ကျော် တိုးလာခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၅ ခုနှစ်တွင် တရုတ်ဈေးကွက်ရှိ ဒူးရင်းသီးလိုအပ်ချက်သည် အမေရိကန်ဒေါ်လာ (၂၀) ဘီလီယံအထိ မြင့်တက်လာမည်ဟု ခန့်မှန်းရပြီး ကမ္ဘာ့ဈေးကွက်ဝယ်လိုအားမှာ အမေရိကန်ဒေါ်လာ (၂၈.၆)ဘီလီယံအထိ ရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရေရှည်တည်တံ့စွာ စိုက်ပျိုးနိုင်လျှင် ဗီယက် နမ်ဒူးရင်းကဏ္ဍအတွက် သိသာထင်ရှားသော အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း၊ ဗီယက် နမ်နိုင်ငံ၏ ဒူးရင်းသီးဈေးကွက်ကို ကျယ်ပြန့်စေရန်အတွက် စိုက်ပျိုးသူများနှင့် ကုမ္ပဏီများအား ၎င်းတို့၏ စိုက်ပျိုးဧရိယာများ တိုးချဲ့ရုံသာမက အရည်အသွေးနှင့် ရိတ်သိမ်းပြီးနောက်ပိုင်း စီမံခန့် ခွဲမှုတွင် ပိုမိုကောင်းမွန်စေရေး ဦးစားပေးလုပ်ဆောင်ရန်နှင့် တန်ဖိုးမြှင့်ဒူးရင်းထုတ်ကုန်များ ထုတ် လုပ်နိုင်ရေး နည်းလမ်းများကို ရှာဖွေရန် လုပ်ငန်းရှင်များအား တိုက်တွန်းထားကြောင်း သိရှိရ ပါသည်။ 

ကေခိုင်ကျော်၊ စီးပွားရေးသံမှူး
နန်နင်းမြို့                

Source: https://www.producereport.com/article/vietnamese-coconuts-frozen-durians-nearing-china-market-access