အိန္ဒိယ၏ ပဲမျိုးစုံတင်သွင်းမှုသည် 2023-24 တွင် နှစ်ဆနီးပါးတိုးလာကာ ယခုနှစ်တွင် ပိုမိုမြင့်တက်လာနိုင်

အိန္ဒိယ၏ ပဲမျိုးစုံတင်သွင်းမှုသည် 2023-24 တွင် နှစ်ဆနီးပါးတိုးလာကာ ယခုနှစ်တွင် ပိုမိုမြင့်တက်လာနိုင်

အိန္ဒိယသည် လယ်သမားများအတွက် မက်လုံးအမျိုးမျိုး အပါအဝင် အစီအစဉ်များစွာ ချမှတ် ဆောင်ရွက်လျှက်ရှိသော်လည်း ၎င်း၏ပြည်တွင်းလိုအပ်ချက်အတွက် ပဲမျိုးစုံတင်သွင်းမှု အပေါ်မှီခို နေရဆဲဖြစ်ပြီး 2023-24 တွင် ပဲမျိုးစုံတင်သွင်းမှုသည် နှစ်ဆနီးပါး မြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ 3.74 ဘီလီယံအထိ ရှိခဲ့ကြောင်းသိရသည်။

အိန္ဒိယအစိုးရသည် တရားဝင်ကိန်းဂဏန်းကို ထုတ်ပြန်ခြင်းမရှိသေးသော်လည်း  ပြီးခဲ့သည့် ၂၀၂၂-၂၃ ခုနှစ်တွင်  ပဲမျိုးစုံတန်ချိန် ၂၄.၅ သိန်းသာ တင်သွင်းမှုရှိခဲ့သော်လည်း ၂၀၂၃-၂၄ ဘဏ္ဍာ ရေးနှစ်တွင် တန်ချိန် ၄၅ သိန်းကျော် တင်သွင်းခဲ့ကြောင်း ခန့်မှန်းတွက်ချက်မှုများအရ သိရသည်။

ပြည်တွင်းဝယ်လိုအားနှင့် စျေးနှုန်းကို ထိန်းညှိရန်အတွက် အစိုးရသည် ပဲမျိုးစုံတင်သွင်းမှု   နှစ်ရှည်စာချုပ်များအတွက် ဘရာဇီးနှင့် အာဂျင်တီးနားကဲ့သို့ ဈေးကွက်သစ်များနှင့် ညှိနှိုင်းနေ ကြောင်း အစိုးရသတင်းရင်းမြစ်များအရသိရှိရပြီး ဘရာဇီးနိုင်ငံမှ မတ်ပဲ တန်ချိန် ၂၀,၀၀၀ ကျော် တင်သွင်းမည်ဖြစ်ကြောင်း၊  အာဂျင်တီးနားမှ ပဲစဉ်းငုံတင်သွင်းရန် စေ့စပ်ညှိနှိုင်းမှုမှာ နောက်ဆုံး အဆင့်နီးပါးဖြစ်နေပြီဖြစ်ကြောင်း သိရသည်။ အိန္ဒိယအစိုးရသည် မိုဇမ်ဘစ်၊ တန်ဇန်းနီးယား၊ မြန်မာ နိုင်ငံတို့နှင့်လည်း ပဲမျိုးစုံတင်သွင်းရန် စာချုပ်များ ချုပ်ဆိုထားသည်။

မကြာသေးမီလများအတွင်း တင်သွင်းမှုများ မြင့်တက်လာခြင်းသည် ပြည်တွင်းရောင်းလို အားကိုမြှင့်တင်ရန်နှင့် ဈေးနှုန်းများကိုထိန်းသိမ်းရန်ဖြစ်ကြောင်း သိရသည်။ အိန္ဒိယအစိုးရက ယခု နှစ် ဇွန်လအထိ စားတော်ပဲ တင်သွင်းခွင့်ကို အခွန်ကင်းလွတ်ခွင့်ပြုထားသကဲ့သို့ မတ်ပဲနှင့် ပဲစဉ်းငုံ တို့ကိုလည်း  ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ အခွန်ကင်းလွတ်ခွင့်ဖြင့်  တင်သွင်းခွင့် ပြုထား သည်။

အိန္ဒိယအစိုးရအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ စတင်နေချိန်တွင် ပဲမျိုးစုံဈေးနှုန်းကြီး မြင့်မှုမှာ  အဓိက စိုးရိမ်စရာဖြစ်နေပြီး  ကိန်းဂဏန်းများအရ ပဲမျိုးစုံဈေးနှုန်း ကြီးမြင့်မှုသည် ယခုနှစ် မတ်လတွင် ၁၇ ရာခိုင်နှုန်းနှင့် ဖေဖော်ဝါရီလက ၁၉ ရာခိုင်နှုန်းထိ ရှိခဲ့ကြောင်း သိရှိရသည်။

ပဲဈေးနှုန်းများ တည်ငြိမ်မှုရှိစေရန်အတွက် အစိုးရက ဧပြီလ ၁၅ ရက် တနင်္လာနေ့တွင် ပဲမျိုး စုံသိုလှောင်ထားရှိမှုအပေါ် ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့ပြီး ပြည်နယ်များကို စောင့်ကြည့်ထိန်း ကြောင်းဆောင်ရွက်ရန် တောင်းဆိုထားသည်။
 

အနိမ့်ဆုံးပံ့ပိုးသတ်မှတ်ဈေးနှုန်းအားတိုးမြှင့်သတ်မှတ်၍ အာမခံဝယ်ယူမှု အစီအစဉ်ကဲ့သို့ အစိုးရမှ တောင်သူများအတွက်  မက်လုံးအမျိုးမျိုးပေးခဲ့သော်လည်း ပြည်တွင်းပဲမျိုးစုံထုတ်လုပ်မှု သည် လွန်ခဲ့သည့် ၂ နှစ်မှ ၃ နှစ်အတွင်း ကျဆင်းနေမှုမှာ စိုးရိမ်စရာဖြစ်နေကြောင်းနှင့် ၂၀၂၂-၂၃ ခု နှစ်တွင် ပဲမျိုးစုံထွက်ရှိမှုမှာ တန်ချိန် ၂၆၁ သန်း ရှိခဲ့သော်လည်း  ၂၀၂၃-၂၄ တွင် ပဲမျိုးစုံထွက်ရှိမှုမှာ တန်ချိန် ၂၃၄ သိန်းသာရှိမည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားကြောင်း သိရသည်။

2019-20 တွင်ပြည်တွင်းပဲမျိုးစုံထွက်ရှိမှုမှာ တန်ချိန် 230.25 သိန်းရှိခဲ့ပြီး 2020-21 တွင် အစိုးရ၏ မက်လုံးပေးအစီအစဉ်များကြောင့်  ထုတ်လုပ်မှုတန်ချိန် 254.63 သိန်းအထိ တိုးလာကာ 2021-22 ခုနှစ်တွင် တန်ချိန် 273.02 သိန်းအထိ မြင့်တက်လာသော်လည်း 2022-2023 ခုနှစ်တွင် တန်ချိန် ၂၆၀.၅၈ သိန်းသို့ ပြန်လည်ကျဆင်းခဲ့သည်။

ယခင်နှစ် မိုးရာသီတွင် ပဲမျိုးစုံထုတ်လုပ်နိုင်မှု    တန်ချိန်  ၇၆.၂၁ သိန်းနှင့် နှုန်းယှဉ်ပါက ယခု နှစ်တွင် တန်ချိန် ၇၁.၁၈ သိန်းသို့ ကျဆင်းမည်ဟု မျှော်မှန်းထားပြီး မတ်ပဲ ထုတ်လုပ်မှု သည်လည်း တန်ချိန် ၁၇.၆၈ သိန်းမှ တန် ၁၅.၁၅ သိန်းသို့ ကျဆင်းမည်ဟု မျှော်မှန်းထားကြောင်း၊  ပဲတီစိမ်း ထုတ်လုပ်မှုမှာလည်း  တန်ချိန် ၁၇.၁၈ သိန်းမှ တန်ချိန် ၁၄.၀၅ သိန်းသို့ ကျဆင်းဖွယ် ရှိကြောင်း သိရသည်။

ပြည်တွင်း ပဲမျိုးစုံထွက်ရှိမှု ကျဆင်းခြင်းသည် အဓိကထုတ်လုပ်သော ဒေသများရှိ ရာသီဥတု အခြေအနေကြောင့်ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြသော်လည်း  စိုးရိမ်စရာအချက်တစ်ခု မှာ နွေရာသီ ပဲမျိုးစုံစိုက်ပျိုးဧရိယာသည်  ပြီးခဲ့တဲ့ ၃-၄ နှစ်အတွင်း ကျဆင်းခဲ့ကြောင်း၊ ၂၀၂၁-၂၂ တွင် ဟက်တာ ၃၀၇.၃၁ သိန်းရှိရာမှ  ၂၀၂၃-၂၄ မှာ ဟက်တာ ၂၅၇.၈၅ သိန်းအထိ လျော့ကျသွားခဲ့ ကြောင်း၊ နှစ်နှစ်အတွင်း မျိုးစေ့ချဧရိယာ ၁၆ ရာခိုင်နှုန်းနှင့် ထွက်ရှိမှု ၁၄ ရာခိုင်နှုန်းနီးပါး လျော့ကျ ခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယသည် ပဲမျိုးစုံ  စိုက်ပျိုးထုတ်လုပ်မှု မြင့်မားသည့် နိုင်ငံဖြစ်သော်လည်း ပြည်တွင်းစား သုံးမှုလုံလောက်ရန်အတွက် ပဲအမျိုးအစားအချို့ကို ပြည်ပတင်သွင်းမှုအား  မှီခိုနေရပြီး ယခုနှစ်များ တွင် စီးပွားရေးတိုးတက်လာမှုနှင့်အညီ ပဲစားသုံးမှု မြင့်တက်လာသကဲ့သို့ အခြားတစ်ဘက်တွင် ပဲစိုက်ပျိုးဧရိယာ ကျဆင်းလာခြင်းနှင့် ရာသီဉတုဖောက်ပြန်ခြင်းများကြောင့် ပဲမျိုးစုံတင်သွင်းမှု ပိုမိုမြင့်မားနေမှုအခြေအနေတို့အား သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး 
နယူးဒေလီမြို့          

Source: India Pulses import almost doubled in 2023-24, it may raise further this year, The Economic Times