အိန္ဒိယအစိုးရသည် ကုန်သည်များအနေဖြင့် မြန်မာနိုင်ငံမှ ပဲမျိုးစုံဝယ်ယူတင်သွင်းသည့်အခါ လွယ်ကူစွာပေးချေမှုပြုနိုင်ရန် ရူပီး/ကျပ် တိုက်ရိုက်ပေးချေမှုစနစ်အားဆောင်ရွက်

အိန္ဒိယအစိုးရသည် ကုန်သည်များအနေဖြင့် မြန်မာနိုင်ငံမှ ပဲမျိုးစုံဝယ်ယူတင်သွင်းသည့်အခါ လွယ်ကူစွာပေးချေမှုပြုနိုင်ရန် ရူပီး/ကျပ် တိုက်ရိုက်ပေးချေမှုစနစ်အားဆောင်ရွက်

အိန္ဒိယအစိုးရသည် ၎င်း၏ ကုန်သည်များအနေဖြင့် မြန်မာနိုင်ငံမှ ပဲမျိုးစုံဝယ်ယူ တင်သွင်း သည့်အခါ လွယ်ကူစွာပေးချေမှုပြုနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၎င်းတို့သည် ရူပီး/ကျပ် တိုက် ရိုက်ပေးချေမှုစနစ်ခေါ် အထူးပေးချေမှုစနစ်ကို ပန်ဂျပ်နေရှင်နယ်ဘဏ် (Punjab National Bank) မှ တစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါစနစ်ကို အထူးရူပီးဗိုစတိုစာရင်း (Special Rupee Vostro Account-SRVA) ဟု ခေါ်ကြောင်း The Economic Times သတင်းဌာနမှ ယခုလ ၁၃ ရက်နေ့က ဖော်ပြသည်။

အိန္ဒိယစားသုံးသူရေးရာ အတွင်းဝန် Nidhi Khare သည် မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေကြေး လဲလှယ်နှုန်း အပြောင်းအလဲများဖြစ်ပေါ်နေပြီး ကုန်သည်များက ကုန်များကို လက်ဝယ်ထိန်းသိမ်း ကာ ရောင်းချနေသည့်အတွက် သွင်းကုန်ပဲဈေးနှုန်းများ တည်ငြိမ်မှုမရှိသည့်ကိစ္စနှင့် စပ်လျဉ်း၍ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ငွေပေးချေမှုစနစ်နှင့်စပ်လျဉ်း၍ အိန္ဒိယအစိုးရက ယခုလ ၁၃ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် ပဲမျိုးစုံကို ပြည်တွင်း၌ လိုအပ်ချက်ပြည့် မှီအောင် မထုတ်လုပ်နိုင်သည့်အတွက် ပဲစင်းငုံနှင့် မတ်ပဲကဲ့သို့ ပဲများကို မြန်မာနိုင်ငံမှတင်သွင်း လျက်ရှိသည်။ အိန္ဒိယနိုင်ငံ စားသုံးသူရေးရာဝန်ကြီးဌာနက ကုန်သည်များအနေဖြင့် ကုန်သွယ်မှုကို ပိုမိုလွယ်ကူမြန်ဆန်အောင် အဆိုပါ ပေးချေမှုစနစ်သစ်အား အသုံးပြုရန်လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

အဆိုပါ ပေးချေမှုစနစ်အသစ်ကို ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှစတင် မိတ်ဆက်ခဲ့ ကြောင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၎င်းနှင့်စပ်လျဉ်းသော လမ်းညွှန်ချက်များကိုလည်း ဇန်န ဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးမှ အိန္ဒိယ အစိုးရထံ ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းသို့ ပေးချေမှုစနစ်ကို အသုံးပြုခြင်းအားဖြင့် ကုန်သည်များအနေဖြင့် ငွေကြေးများကို အကြိမ်ကြိမ်ပြောင်းလဲရန်မလိုအပ်သည့်အတွက် ကုန်သွယ်မှုကို ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထို့အပြင် အိန္ဒိယအစိုးရက ကုန်သည်လုပ်ငန်းရှင်များကို ပဲမျိုးစုံကုန်လက်ကျန်နှင့် ပတ် သက်၍ အစိုးရဝက်ဘ်ဆိုက်တွင် အပတ်စဉ်ထုတ်ဖေါ်ကြေညာသွားရန်လည်း တိုက်တွန်းပြောကြား ထားသည်။ အကယ်၍ မည်သူမဆို အဆိုပါကိစ္စနှင့်ပတ်သက်၍ မဟုတ်မမှန်ဖေါ်ပြခြင်း၊ ထိန်ချန်ဖုံး ကွယ်ထားခြင်းမျိုးရှိကြောင်း စစ်ဆေးပေါ်ပေါက်ပါက ထိရောက်စွာအရေးယူသွားမည်ဟု အစိုးရက သတိပေးထားသည်။ ထို့အပြင် ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေအသီးသီးရှိ တာဝန်ရှိသူများကို လည်း အဆိုပါကိစ္စရပ်အပေါ် တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယအစိုးရသည် ပြည်တွင်း၌ ပဲမျိုးစုံဖူလုံရေးအတွက် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဩစတေးလျ၊ အာဖရိကနိုင်ငံတစ်ချို့နှင့် မြန်မာနိုင်ငံတို့မှ ပဲမျိုးစုံကို ဝယ်ယူတင်သွင်းလျက်ရှိပါ သည်။ ၎င်းနှင့်ပတ်သက်၍ အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာနက အစဉ်အမြဲစောင့်ကြည့်ထိန်း ကျောင်းလျက်ရှိကာ ပဲမျိုးစုံကုန်လက်ကျန်အခြေအနေအား အစိုးရထံ အပတ်စဉ် သတင်းပေးပို့ရန် သက်ဆိုင်သူများအားလုံးကို ညွှန်ကြားချက်ထုတ်ပြန်ထားပါသည်။ ယခုအခါ အဆိုပါကိစ္စနှင့်စပ် လျဉ်း၍ စားသုံးသူရေးရာဝန်ကြီးဌာန အတွင်းဝန်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၊ တာဝန် ရှိသူများနှင့် ဆွေးနွေးခဲ့ပြီးနောက် အိန္ဒိယကုန်သည်များအနေဖြင့် အထူး ရူပီးဗိုစတိုစာရင်း (Special Rupee Vostro Account-SRVA) အသုံးပြု၍ ရူပီး/ကျပ် တိုက်ရိုက် ပေးချေမှုစနစ်ဖြင့် ပေးချေမှုများ ပြုလုပ်ရန် ဧပြီလ ၁၃ ရက်နေ့က အသိပေးထုတ်ပြန်ခဲ့ပါသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့်လည်း မြန်မာနိုင်ငံမှ စီဘီဘဏ်နှင့် ယူအေဘီဘဏ်၊ အိန္ဒိယနိုင်ငံမှ ပန်ဂျပ်နေရှင်နယ်ဘဏ်တို့နှင့် ချိတ်ဆက်၍ ယင်းသို့ ရူပီး/ကျပ်တိုက်ရိုက်ပေးချေမှု ပြုလုပ်နိုင်ရန် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရှိရပါသည်။ သို့သော် နှစ်နိုင်ငံကုန်သည်များ အနေဖြင့် အဆိုပါစနစ်ကို အမှန်တကယ်အသုံးပြုခြင်းရှိမရှိနှင့် ယနေ့အထိ ငွေပေးချေလက်ခံမှု (Transaction) မည်မျှကို အောင်မြင်စွာဆောင်ရွက်နိုင်ပြီဆိုသည်ကို စောင့်ကြည့်ကာ အခက်အခဲ များရှိပါက နှစ်ဖက် ဗဟိုဘဏ်များအကြား ဆက်လက်၍ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်သင့်ပါ ကြောင်း လေ့လာသုံးသပ်၍ အကြံပြုတင်ပြအပ်ပါသည်။

ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး 
ကော်လ်ကတ္တား           

ရည်ညွှန်း။    The Economic Times, Payment mechanism for traders importing pulses from Myanmar simplified: Govt,