အိန္ဒိယနိုင်ငံတွင် သုံးနှစ်နီးပါးအချိန်အတွင်း သဘာဝရော်ဘာဈေးနှုန်းများ စတင်မြင့်တက်လာ

အိန္ဒိယနိုင်ငံတွင် သုံးနှစ်နီးပါးအချိန်အတွင်း သဘာဝရော်ဘာဈေးနှုန်းများ စတင်မြင့်တက်လာ

အိန္ဒိယနိုင်ငံတွင် သုံးနှစ်နီးပါးအချိန်အတွင်း သဘာဝရော်ဘာဈေးနှုန်းများ စတင်မြင့်တက် လျက်ရှိပြီး၊ မှိုင်းခံရော်ဘာ အဆင့်-၄ (RSS IV) အရည်အသွေးအဆင့်ရှိ သဘာဝရော်ဘာ ၁ ကီလို ဂရမ်လျင် ရူပီး ၁၈၂ ရှိကြောင်း သိရသည်။ ယင်းသို့ ရော်ဘာဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ ရော်ဘာအဓိက ထုတ်လုပ်သော နိုင်ငံတစ်ခုဖြစ်သော ထိုင်းနိုင်ငံတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ကာ ဆောင်းရာသီသို့ဝင်ရောက်လာသောကြောင့်ဟု Hindu Businessline သတင်းဌာနက မတ်လ ၂၈ ရက်နေ့က ဖော်ပြသည်။ 

၂၀၂၁ ခုနှစ်က ကုန်ကြမ်းရှားပါးမှုနှင့် အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွင် ဝယ်လိုအား မြင့် တက်လာခြင်းကြောင့် သဘာဝရော်ဘာဈေးနှုန်းမှာ ရူပီး ၁၉၁ အထိ စံချိန်တင်မြင့်တက်သွား ခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်ဈေးကွက်တွင် ယခုနှစ် မတ်လ ၁၈ ရက်နေ့က မှိုင်းခံ ရော်ဘာ အဆင့်-၃ (RSS 3) ၏ ဈေးနှုန်း ရူပီး ၂၃၁ အထိမြင့်တက်ခဲ့ပြီး နောက်ပိုင်းတွင် ရူပီး ၂၁၁ သို့ ပြန်လည် ကျဆင်းသွားခဲ့သည်။

အိန္ဒိယနိုင်ငံရှိ မော်တော်ကားတာယာထုတ်လုပ်ရေး ကုမ္ပဏီများသည် အပြည်ပြည်ဆိုင်ရာ ဈေးနှုန်းများမြင့်တက်လာသည့်အတွက် သဘာဝရော်ဘာကို ပြည်တွင်းဈေးကွက်မှ ပြောင်းလဲဝယ် ယူလျက်ရှိကြောင်း၊ လတ်တလောတွင် လုပ်ငန်းများရပ်နားထားသည့်အချိန် (off-season) နှင့်တိုက် ဆိုင်နေပြီး၊ ရောင်းလိုအားလည်း ခိုင်မာနေသည့်အတွက် ပြည်တွင်းရော်ဘာဈေးနှုန်းများ တည်ငြိမ်ရန် မျှော်လင့်ထားသည်ဟု အိန္ဒိယရော်ဘာရောင်းချသူများအသင်းချုပ် (Indian Rubber Dealers Federation) ဥက္ကဌက ပြောကြားခဲ့သည်။ 

ပြည်တွင်း ရာဘာထုတ်လုပ်မှုအနေဖြင့် လက်ရှိတွင် အပူချိန်မြင့်မားမှုကြောင့် လျှော့ကျ လျက်ရှိပြီး ယခုဘဏ္ဍာနှစ်ကုန်တွင် ၈၅၀၀၀၀ တန်သို့ ရောက်ရှိရန်မျှော်မှန်းထားကြောင်းနှင့် ဈေး ကွက်အတွင်းရော်ဘာရရှိနိုင်မှု ဆက်လက်လျှော့ကျလာဖွယ်ရှိပြီး၊ ယင်းအချက်ကြောင့် ဧပြီလအ တွင်း ဈေးနှုန်းများပြန်လည် မြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။

သို့သော် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာဈေးကွက်၌ ကုန်ကြမ်းပစ္စည်းရှားပါးလာမှု ကြောင့် လတ်တလောတွင် ဈေးနှုန်းကျဆင်းမှုသည် ရေရှည်တောင့်ခံထားနိုင်ဖွယ်မရှိကြောင်းနှင့် RSS အဆင့် သဘာဝရော်ဘာများ ပြည်ပသို့တင်ပို့ခြင်းကို အမှတ်တံဆိပ်မြှင့်တင်ပေးမည့် အိန္ဒိယရော် ဘာဘုတ်အဖွဲ့ (Rubber Board) ၏ မက်လုံးပေးအစီအစဉ်ကြောင့်လည်း ကာလတိုအတွင်း ဈေး နှုန်းများမြင့်တက်ဖွယ်ရှိကြောင်း သိရသည်။

သို့ပါ၍ အိန္ဒိယနိုင်ငံတွင် အပူချိန်မြင့်မားမှု၊ ကုန်ကြမ်းရှားပါးမှုစသည့် အကြောင်းရင်းများ ကြောင့် သဘာဝရော်ဘာဈေးနှုန်းများမြင့်တက်လာသည့်အခြေအနေကို သိရှိပြီး၊ မြန်မာ့ရော်ဘာ စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအနေဖြင့် အိန္ဒိယနိုင်ငံဈေးကွက်သို့ ပိုမိုတိုးမြှင့်တင်ပို့ ရောင်းချနိုင်ရန် ပြင်ဆင်သင့်ပါကြောင်း တင်ပြအပ်ပါသည်။

ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး 
ကော်လ်ကတ္တား           

ရည်ညွှန်း။    The Hindu Businessline, Natural rubber prices head north after 3 years on global cues