နွားမများ၏ "သားအောင်နိုင်မှု" ကို အကဲဖြတ်သော နည်းလမ်းများ

နွားမွေးမြူရေးလုပ်ငန်း အောင်မြင်ရန်အတွက် အလွန်အရေးပါသောအချက်မှာ မိမိမွေးမြူထားသော “နွားမများ၏ မျိုးပွားမှုဖြစ်စဉ်များကို မှတ်တမ်းထားရှိခြင်း” ဖြစ်ပါသည်။ မှတ်တမ်းတွင် နွားမများ၏နံပါတ်၊ နောက်ဆုံးမွေးခဲ့သောရက်စွဲ၊ နောက်ထပ်သားစပ်သောရက်စွဲများ အပါအဝင် သန္ဓေသားရှိ၊ မရှိ စစ်ဆေးမှုရလဒ်များ ပါဝင်ရပါမည်။ ထိုသို့ မှတ်တမ်းထားရှိသည့်အတွက် နွားမ တစ်ကောင်ချင်းစီအတွက် ဆုံးဖြတ်ချက်ချ ကိုင်တွယ်ဖြေရှင်းရသည့်အခါတွင်သာမက နွားခြံ တစ်ခြံလုံးရှိ နွားမများ၏ သားအောင်နိုင်မှုအခြေအနေ (Fertility Status) နှင့် မျိုးပွားနိုင်မှု စွမ်းပကား (Re-productive Performance)များကို စောင့်ကြည့်သည့်အခါတွင်လည်း များစွာ အကျိုးရှိပါသည်။ နွားမများ၏ သားအောင်နိုင်မှုအခြေအနေကို အကဲဖြတ်ရာတွင် လက်ကိုင်ထားရ မည်မှာ “နွားမ တစ်ကောင်သည် တစ်နှစ်လျှင် တစ်သား မွေးနိုင်ရမည်” ဟူသော စံနှုန်းဖြစ်ပါသည်။
အရွယ်ရောက်ပြီးနွားမများသည် ရာသီမရွေး မြိုင်လာသော တိရစ္ဆာန်များ ဖြစ်ကြပါသည်။ ၎င်း “မြိုင်လာချိန်” တွင် သားစပ်ပေးရသည့် အတွက် “သားတောင်းချိန်” ဟုလည်း သုံးစွဲကြပါသည်။ မျိုးအောင်ရန်အတွက်ဆိုလျင် နွားမများ၏ မြိုင်လာချိန်ကို မလွတ်တမ်းစောင့်ကြည့်ပြီး သဘာဝနည်းအတိုင်း နွားထီးနှင့်သားစပ်ပေးနိုင်သကဲ့သို့ နွားထီး၏မျိုးရည်ချောင်းကိုသုံး၍ မေထုန်မဲ့နည်းဖြင့်လည်း သားစပ်ပေးနိုင်ပါသည်။ နွားမများ မြိုင်လာ/မလာကို အကဲဖြတ်နိုင်သောနည်းလမ်း များစွာရှိသည့်အနက် အရိုးရှင်းဆုံးနှင့် ငွေကုန်ကျေးကျ အသက်သာဆုံးနည်းလမ်းတစ်ခုမှာ မြိုင်ကာလတွင် ပြသော “မြိုင်လက္ခဏာများ” (Oestrus Behaviours) ကို ကြည့်၍ အကဲဖြတ်သောနည်းဖြစ် သည်။ မြိုင်လာနေသောနွားမများတွင် တွေ့ရလေ့ရှိသောလက္ခဏာများမှာ အစားအသောက်ပျက်ခြင်း၊ အုပ်စုမှခွဲထွက်နေတတ်ခြင်း၊ တင်ပါးပိုင်းကို အနီးအနားရှိ ပွတ်တိုက်စရာများတွင်ပွတ်တိုက်နေခြင်း၊အမြီးကိုမြှောက်ထားလေ့ရှိခြင်း၊မကြာခဏဆီးသွားခြင်း၊ ကြောက်ရွံ့ထိတ်လန့်နေခြင်း၊ ဂနာမငြိမ် ဖြစ်ခြင်း၊ ရန်လိုနေခြင်း၊ အတူနေနွားမများအပေါ် နွားသိုးကဲ့သို့တက်ခြင်း၊ ၎င်းအပေါ် တက်ပါကလည်းငြိမ်နေခြင်း၊ နို့ပေးနွားမများတွင် နို့ထွက်နှုန်း ရုတ်တရက်ကျဆင်းသွားခြင်း အစရှိသည်တို့ ဖြစ်ပါသည်။
နွားမများတွင် မြိုင်တစ်ခေါက်လာချိန်နှင့် နောက်တစ်ခေါက်လာချိန် ကြားကာလကို “မြိုင်စက်ဝန်း” ဟု ခေါ်ဝေါ်သုံးစွဲပါသည်။ နွားမများ၏ မြိုင်စက်ဝန်းတစ်ခုသည် အကြမ်းဖျဉ်းအားဖြင့် ရက်၂၀ ရှိပါသည်။ သားစပ်ပြီးနောက် ရက် ၂၀ အကြာတွင် မြိုင်လက္ခဏာများ ထပ်မပြတော့ပါက ၎င်းနွားမသည် မျိုးအောင်သွားသည်ဟု မှတ်ယူနိုင်ပါသည်။ နွားမများ၏ “မြိုင်စက်ဝန်း” နှင့် မြိုင်လက္ခဏာများ ပြချိန်ကိုသိရှိခြင်းသည် ၎င်းတို့၏ သားအောင်နိုင်မှုကို အကဲဖြတ်ရာတွင် အထောက်အကူ ရရှိစေပါသည်။ နွားမများ၏ သားအောင်နိုင်မှုကို အကဲဖြတ်ရာတွင် အသုံးပြုနိုင်သော နည်းလမ်း များစွာရှိသည့်အနက် ကုန်ကျစရိတ်သက်သာပြီး အသုံးများသည့် နည်းလမ်းများမှာ -
နည်းလမ်း(၁) သားတစ်ကြိမ်စပ်ရုံဖြင့် မျိုးအောင်သွားသောနှုန်းအရ အကဲဖြတ်သောနည်းလမ်း
ဤနည်းလမ်းသည် နွားမများကို သားတစ်ကြိမ်စပ်ပြီးနောက် ရက် ၃၀ မှ ရက် ၆၀ (ပျမ်းမျှအား ဖြင့် ၄၉ ရက်)အတွင်း နောက်ထပ်သားစပ်စရာမလိုဘဲ တစ်ကြိမ်စပ်ရုံဖြင့် မျိုးအောင် သွားသောနှုန်းကို တွက်ချက်အကဲဖြတ်သောနည်းဖြစ်ပါသည်။
နည်းလမ်း(၂) တစ်သားမွေးပြီးချိန်မှ အစောဆုံး သားပြန်စပ်နိုင်မည့်ရက် တွက်ချက်ခြင်းနည်းလမ်း
နွားမများ၏သားအိမ်သည် အများအားဖြင့် တစ်သားမွေးပြီးနောက် ပျမ်းမျှ ၄၅ ရက်ခန့် ကြာမှ နောက်တစ်သား ကိုယ်ဝန်ဆောင်ရန်အသင့်အနေအထားသို့ ရောက်ရှိပါသည်။ တစ်သားမွေးပြီးချိန်မှ အစောဆုံးသားပြန်စပ်နိုင်မည့်ရက်ကို တွက် ချက်ရန်အတွက် ပထမဦးစွာ လုပ်ရမည်မှာ မွေးပြီးနွားမများထဲမှ ကိုယ် ဝန် ဆောင်ရန်အတွက် အသင့်အနေ အထားဖြစ်သော နွားမများကို စာရင်းပြုစုရပါမည်။ မွေးပြီး ၄၅ ရက်ခန့်တွင် သားမစပ်လိုက်နိုင်ပါက နောက် ထပ် ၂၁ ရက်မှ ၂၄ ရက် အတွင်း၌ မဖြစ်မနေ သားစပ်နိုင်ရပါမည်။ အဓိပ္ပါယ်မှာ နွားမများ၏ “တစ်သား မွေးပြီးချိန်မှ အစောဆုံး သားပြန်စပ်နိုင်ရမည့်ရက်သည် ပျမ်းမျှ ၆၅ ရက် ရှိရမည်” ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
နည်းလမ်း(၃) တစ်သားမွေးပြီးချိန်မှ အစောဆုံးသားပြန်စပ်နိုင်သည့် နွားမရာခိုင်နှုန်းအရ အကဲ ဖြတ်သောနည်းလမ်း
တစ်သားမွေးပြီးချိန်မှ အစောဆုံး သားပြန်စပ်နိုင်သည့် နွားမရာခိုင်နှုန်းကို တွက်ချက်ပုံ တွက်ချက် နည်းမှာ မွေးပြီး ၆၅ ရက်တွင် သားစပ်လိုက်နိုင်သော နွားမအရေအတွက်ကို သားစပ်ရန်အတွက် အသင့်အနေ အထားဖြစ်နေသော နွားမ အရေအ တွက်နှင့်စားပြီး ရရှိလာသော ရလဒ်ကို ၁၀၀ ဖြင့် မြှောက်ခြင်း ဖြစ်ပါသည်။
နည်းလမ်း(၄) တစ်သားမွေးပြီးချိန်နှင့် နောက်တစ်သားအောင်ချိန်ကြားကာလကို အကဲဖြတ်သော နည်းလမ်း
နွားမများ၏ တစ်သားမွေးပြီးချိန်နှင့် နောက်တစ်သားအောင်ချိန်ကြား ကာလသည် အများဆုံး ၈၅ ရက် ဖြစ်လျှင် ကောင်းပါသည်။ ဤနည်းလမ်းဖြင့် အကဲဖြတ်မည်ဆိုပါက သားစပ်ပြီးနောက် မျိုး အောင်/မအောင်ကို သားစပ်ပြီးရက်၂၀ အကြာ (တနည်း မြိုင်စက်ဝန်းတစ်ခုအကြာ)တွင် အကဲ ဖြတ်နိုင်ရပါမည်။ တစ်သားမွေးပြီးချိန်နှင့် နောက်တစ်သားအောင်ချိန် ကြားကာလကို တွက်ချက်နည်း မှာ တစ်သားမွေးပြီးချိန်မှ အစောဆုံး သားပြန်စပ်နိုင်ရမည့်ရက်(ပျမ်းမျှ ၆၅ ရက်)နှင့် သားစပ်ပြီး နောက် အောင်/ မအောင် ကို စောင့်ကြည့်အကဲဖြတ်နိုင်သည့်ရက်(သားစပ်ပြီးရက် ၂၀ အကြာ)ကို ပေါင်းခြင်းဖြင့် တွက်ချက်ရပါသည်။
နည်းလမ်း(၅)တစ်သားနှင့်တစ်သားကြားကာလကို အကဲဖြတ်သောနည်းလမ်း
နွားမများ၏ တစ်သားမွေးပြီးချိန်မှ နောက်တစ်သားမွေးချိန်ကြား ကာလသည် ၃၆၅ ရက် ရှိလျှင် ကောင်းပါသည်။ တွက်ချက်နည်းမှာ တစ်သားမွေးပြီးချိန်နှင့် နောက်တစ်သားအောင်ချိန် ကြားကာလ(အများဆုံး ၈၅ ရက်)နှင့် ကိုယ်၀န်ဆောင်ကာလ ၂၈၀ ရက်တို့ကို ပေါင်းခြင်း ဖြစ်သည်။
နည်းလမ်း(၆) ခြံတစ်ခြံလုံးရှိ နွားမများ၏ ဇီးအောင်နှုန်းကို ခြုံငုံအကဲဖြတ်သောနည်းလမ်း
နွားမများကို သားစပ်ရသောအကြိမ်ရေနှင့် သားစပ်ပြီး (၄၂)ရက်အတွင်း ဇီးအောင်သည့် နွားမ အရေအတွက်တို့ကို အခြေခံ၍ တွက်ချက်သောနည်းလမ်းဖြစ် သည်။ ဥပမာ-တစ်နှစ်တာကာလ အတွင်း၌ နွားမအကောင် ၁၀၀ ကို အကြိမ် ၁၈၀ သားတင်ရသည်ဆိုပါစို့။ သားတင်လိုက်သောနွားမ ၁၀၀ အနက် အကောင် ၉၀ ဇီးအောင်လျှင် တစ်ခြံလုံးရှိနွားမများ၏ ဇီးအောင်နှုန်းသည် ၅၀ ရာခိုင်နှုန်းဖြစ်သည်။ တွက်ချက်ရရှိသည့် “ခြံတစ်ခြံလုံးရှိနွားမများ၏ ဇီးအောင်နှုန်းသည် ၅၈ ရာခိုင်နှုန်းနှင့်အထက် ရရှိပါက ၎င်းခြံ၏ သား
အောင်နိုင်မှုအခြေအနေသည် ကောင်းသည်” ဟု ယူဆနိုင်ပါသည်။
နည်းလမ်း(၇) တစ်ခြံလုံးရှိနွားမများ၏ မြိုင်လာနှုန်းကို ခြုံငုံအကဲဖြတ်သောနည်းလမ်း
တစ်ခြံလုံးရှိနွားမများ၏ မြိုင်လာနှုန်းကို တွက်ချက်ရန်အတွက်ဆိုလျှင် ရှေ့တစ်သား သားစပ်သည့်ရက်မှ နောက်တစ်သားအတွက်သားစပ်သည့်ရက်ကြားကာလကို သိရှိရမည်သာမက သားမစပ်လိုက်နိုင်သော မြိုင်စက်ဝန်းအရေအတွက်ကိုလည်း သိရှိရမည်ဖြစ်ပါသည်။ ၎င်းနှစ်ခုကို ပေါင်း၍ ရသောပေါင်းလဒ်ဖြင့် ရှေ့တစ်သား သားစပ်သည့်ရက်မှ နောက်တစ်သားအတွက် သားစပ်သည့် ရက်ကြားကာလကို စားရပါမည်။ ရရှိလာသောစားလဒ်ကို ၁၀၀ နှင့် မြှောက်ခြင်းဖြင့် တွက်ချက်ရပါသည်။
နည်းလမ်း(၈) မျိုးပွားနိုင်မှုစွမ်းရည်အရ အကဲဖြတ်သောနည်းလမ်း
မျိုးပွားနိုင်မှုစွမ်းရည် တွက်ချက်ပုံတွက်ချက်နည်းမှာ အစောဆုံးသားစပ်လိုက်နိုင်သောနှုန်းကို တစ်ခြံလုံးရှိနွားမများ၏ ဇီးအောင်နှုန်းနှင့် မြှောက်ပြီး ၁၀၀ နှင့် စားခြင်းဖြစ်ပါသည်။ ဥပမာ-အစောဆုံး သားစပ်လိုက်နိုင်သောနှုန်းသည် ၈၀ ရာခိုင် နှုန်းရှိပြီး တစ်ခြံလုံးရှိနွားမများ၏ ဇီးအောင်နှုန်းသည် ၅၅ ရာခိုင်နှုန်းရှိပါက မျိုးပွားနိုင်မှုစွမ်းရည်သည် ၄၄ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပါသည်။
နည်းလမ်း(၉) သားအောင်နိုင်မှုအဆင့်ပြကိန်းကို အကဲဖြတ်သောနည်းလမ်း
သားအောင်နိုင်မှုအဆင့်ပြကိန်းကို အကဲဖြတ်တွက်ချက်နည်းမှာ တစ်ခြံလုံးရှိနွားမများ၏ မြိုင်လာနှုန်းကို တစ်ခြံလုံးရှိနွားမများ၏ဇီးအောင်နှုန်းဖြင့်မြှောက်၊ ရလာသောရလဒ်ကို ၁၀၀ ဖြင့် စားခြင်း ဖြစ်ပါသည်။
နည်းလမ်း(၁၀) နွားမ ပယ်သောနှုန်းအရ အကဲဖြတ်သောနည်းလမ်း
တစ်နှစ် တစ်သားမရနိုင်သော နွားမများကို ပယ်သောနည်းလမ်းဖြစ်ပါသည်။ နွားမ ပယ်နှုန်းသည် တစ်ခြံလုံးအတိုင်းအတာအနေဖြင့် ၅ ရာခိုင် နှုန်းထက် မကျော်သင့်ပါ။
အထက်ဖေါ်ပြပါ နွားမများ၏သားအောင်နိုင်မှုကို အကဲဖြတ်ရာတွင် အသုံးပြုနိုင်သော နည်းလမ်း ၁၀ မျိုးကို အနှစ်ချုပ်ဖေါ်ပြရသော်-

ဤနည်းလမ်းများကိုအသုံးပြု၍ နွားမများ၏ သားအောင်နိုင်မှုကို အကဲဖြတ်နိုင်ပြီး “နွားမ တစ်ကောင်သည် တစ်နှစ်လျှင် တစ်သားမွေးနိုင်ရမည်” ဟူသော စံနှုန်းပြည့်မီကာ နွားမွေးမြူရေးလုပ်ငန်း အောင်မြင်နိုင်စေရန် ရည်ရွယ် ရေးသား လိုက်ရပါသည်။
KMK(မွေး/သု)
ကိုးကားစာရင်း
Veterinary Control of Herd Fertility. In: Arthur’s Veterinary Reproduction and Obstetrics. 8th ed. Saunders, An imprint of Elsevier Limited, Philadelphia, USA. pp. 497-542.
Veterinary Control of Herd Fertility in Intensively Managed Dairy Herds. In: Veterinary Reproduction and Obstetrics. 10th ed. Edited by David E. Noakes, Timothy J. Parkinson, & Gary C. W. England. Saunders, An imprint of Elsevier Limited, Philadelphia, USA. pp. 467-484.
Rao T.K..S, Kumar N, Kumar P, Chaurasia S, and Patel N.B. (2013). Heat detection techniques in cattle and buffalo. Veterinary World, p 363-369.