ရောင်းသူ-ဝယ်သူ စေတနာတူ၊ ပဋိဇီဝဆေးကြွင်း တားဆီးရေး တာဝန်ယူ

ဝယ်သူ- အစ်မရေ ဒီပုစွန်ကျော့ တစ်ဆယ်ကျပ်သားက ဘယ်ဈေးလဲ။
ရောင်းသူ- တစ်ဆယ်သားကို ၅,၀၀၀ ကျပ်ပါ။
ဝယ်သူ- အစ်မရေ ငါးကျပ်သားလောက် ခွဲရောင်းပေးလို့မရဘူးလား။
ရောင်းသူ- ငါးကျပ်သားထဲ ဘာလုပ်ဖို့လဲ။ တစ်ဆယ်သားအနည်းဆုံးယူပါလား။
ဝယ်သူ- ပုစွန်မျိုးစုံဝယ်ချင်လို့ပါ။ လိုတာကငါးကျပ်သားလောက်ပဲမိုလို့။ ပုစွန်ကနေပဋိဇီဝဆေးကြွင်း တစ်မျိုးကို စမ်းသပ်ချင်လို့ပါ။
ရောင်းသူ- ဘယ်လိုဆေးမျိုးလဲ ဆရာမ။
ဝယ်သူ- အစ်မတို့၊ ကျွန်မတို့ချက်စားမယ့် ဒီပုစွန်တွေမှာ ပဋိဇီဝဆေးကြွင်းတွေသတ်မှတ်ပမာဏ ထက်များနေပြီလား၊ စားသုံးတဲ့သူတွေကို အန္တရာယ်ဖြစ်စေနိုင်ပြီလားသိရှိနိုင်ဖို့ စမ်းသပ်တာပါ။
ရောင်းသူ- တစ်ကယ်လို့ဆေးတွေ တွေ့တယ်ဆို ကျွန်မတို့ရောင်းတဲ့သူတွေကို ဖမ်းမှာလား ဆရာမ။
ဝယ်သူ- မဖမ်းပါဘူး အစ်မရယ်။ အရမ်းမကြောက်ပါနဲ့။ ပုစွန်တွေမှာ ဆိုးဆေးတွေရှိမရှိ စမ်းသပ်သလိုမျိုးပါပဲ အစ်မရယ်။
ရောင်းသူ- ဆိုးဆေးဟုတ်လား ဆရာမ။ ဆိုးဆေးဆိုရင်တော့ ကျွန်မသိတယ်။ အရောင်ပြာပြာတွေ များနေပြီဆို သေချာတယ်ဆိုးဆေးတွေပါနေပြီ။ တစ်ခါတစ်လေတော့ သိပ်မပါဘူး ဆရာမ။ ကျွန်မ အရောင်ကြည့်ပြီး ခွဲတတ်တယ်။ ဆိုးဆေးကတော့ပါတာပါပဲ။ ကျွန်မတို့ကလဲ တစ်ဆင့် ပြန်ရောင်းရတဲ့သူတွေဆိုတော့ အရောင်လှတာလေးယူရတာပေါ့ ဆရာမရယ်။ ဘယ်လောက် ပါတယ်ဆိုတာတော့ ကျွန်မမသိဘူး။ ဆရာမတို့က ပိုသိတာပေါ့။
ဝယ်သူ- အစ်မပြောတဲ့ အရောင်ဆိုးဆေးတွေကို ပြောတာမဟုတ်ပါဘူး။ အ စားအသောက်တွေကို အရောင်ဆိုးတဲ့ ဆိုးဆေးတွေဆိုတာ သပ်သပ်ရှိပါတယ်။ အခုကျွန်မပြောတဲ့ ပဋိဇီဝဆေးကြွင်း ဆိုတာ အစ်မတို့၊ ကျွန်မတို့နာမကျန်းဖြစ်တဲ့အချိန် ဆရာဝန်ညွှန်ကြားလို့သောက်ရတဲ့ ပိုးသတ် ဆေးလိုမျိုး ငါး၊ ပုစွန်မွေးမြူရေးတွေမှာ အသုံးပြုကြတဲ့ပဋိဇီဝဆေးတွေ ပုစွန်ရဲ့အသားမှာ ဘယ်လောက်ပမာဏကြွင်းကျန်ရှိနေမလဲ တိုင်းတာစမ်းသပ်တာပါ အစ်မရယ်။
ရောင်းသူ- ဆရာမက ဆေးကုမ္ပဏီကလား။
ဝယ်သူ- ကျွန်မက ဆေးကုမ္ပဏီကမဟုတ်ပါဘူး။ မွေးမြူရေးသုတေသနဦးစီးဌာနကပါ။ နိုင်ငံ့ဝန် ထမ်းတစ်ယောက်ပါ အစ်မရဲ့။
ရောင်းသူ- ဟုတ်လားဆရာမ။ ဆရာမတို့လို စစ်ဆေးပေးတဲ့သူတွေရှိတာ ကျွန်မတို့လိုပြည်သူတွေ အတွက်ကောင်းတာပေါ့။
ဝယ်သူ- ပြည်သူတွေစားသုံးတဲ့ အသား၊ ငါးတွေ အရည်အသွေးမြှင့်ကောင်းမွန်နေအောင်၊ စားသုံးတဲ့ ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်အောင် လေ့လာပြီးသုတေသနလုပ်ရမှာ ကျွန်မတို့ဌာနရဲ့တာဝန်တစ်ခုပါ။
ရောင်းသူ- ကျွန်မစိတ်ဝင်စားလို့ ထပ်မေးဦးမယ်နော်။ ဆရာမပြောတဲ့ ပဋိဇီဝဆေးကြွင်းဆိုတာကို ဘယ်လိုတိုင်းတာမှာလဲ။
ဝယ်သူ- အခု အစ်မဆီက ဝယ်တဲ့ပုစွန်ကို ရေဆေး၊ အခွံခွာပြီးနောက် အသားကိုကြိတ်ချေပြီး Rapid test kit လို့ခေါ်တဲ့ အမြန်စမ်းသပ်ကရိယာနဲ့ စမ်းသပ်မှာပါ။ စမ်းသပ်နည်းကတော့ အမျိုးမျိုးရှိတာပေါ့။ အမြန်စမ်းသပ်ကရိယာကတော့ ပဋိဇီဝဆေးကြွင်းတိုင်းတာမှုကို အမြန် ဆုံးစမ်းသပ်နိုင်ပြီး သူ့ထဲမှာစမ်းသပ်တိုင်းတာဖို့ ဆေးရည်၊ စမ်းသပ်ပစ္စည်းနှင့် စမ်းသပ်ပုံ အဆင့်တွေက တစ်ခါတည်း ပါပြီးသားပါ။
ရောင်းသူ- ဆရာမတိုင်းလို့ အဲ့ဒီပဋိဇီဝဆေးကြွင်းတွေ့တယ်ဆို ဘာဖြစ်မှာလဲ။
ဝယ်သူ- ပဋိဇီဝဆေးကြွင်းရှိတဲ့ပုစွန်တွေကို နိုင်ငံခြားတိုင်းပြည်တွေကို တင်ပို့ရောင်းချခွင့်မရှိဘူး။ အစ်မ နားလည်လွယ်အောင်ပြောပြရလျှင် နိုင်ငံခြားတိုင်းပြည်တွေကို ဈေးမရောင်းရတော့ နိုင်ငံခြားဝင်ငွေမရတော့ဘူးပေါ့။ ကျွန်မလေ့လာမိသလောက် အစ်မကိုပြောပြရရင် ၂၀၁၇ ခုနှစ်က အမေရိကန်နိုင်ငံကိုတင်ပို့ရောင်းချတဲ့ပုစွန်တွေမှာ တားမြစ်တားတဲ့ပဋိဇီဝဆေးကြွင်း ပါလို့ဆိုပြီး မြန်မာကုမ္ပဏီတစ်ခုကို ရောင်းချခွင့် ငြင်းပယ်ဖူးတယ်။ ဒါ့အပြင် ၂၀၀၂ ခုနှစ်က မြန်မာနိုင်ငံကနေ နယ်သာလန်နိုင်ငံနှင့် စပိန်နိုင်ငံကိုတင်ပို့ရောင်းချတဲ့ ရေငံပုစွန်တွေမှာ Chloramphenicol (0.1 mg/kg ppm) တွေ့ရှိမှု၊ ၂၀၀၃ ခုနှစ် အင်္ဂလန်နိုင်ငံကိုတင်ပို့ ရောင်းချတဲ့ကျောက်ပုစွန်မှာ Nitrofuran (metabolite) nitrofurazone (3.1 g/kg ppb) ပါဝင်မှုနှင့် ဘယ်ဂျီယံနိုင်ငံကိုတင်ပို့တဲ့ပုစွန်မှာ Chloramphenicol ပါဝင်မှု၊ ၂၀၀၄ ခုနှစ်မှာ လည်း ဘယ်ဂျီယံနိုင်ငံကိုတင်ပို့တဲ့ အခွံခွာပြီးသားအေးခဲပုစွန်တွေမှာ Chloramphenicol (0.1 mg/kg ppm) ပါဝင်မှု၊ ၂၀၀၅ ခုနှစ်မှာ အင်္ဂလန်နိုင်ငံကိုတင်ပို့တဲ့ခေါင်းဖြုတ်ပြီးအေးခဲပုစွန် တွေမှာ Chloramphenicol (0.5 g/kg ppb) ပါဝင်မှု၊ ၂၀၀၇ ခုနှစ်မှာ အင်္ဂလန်နိုင်ငံကို တင်ပို့တဲ့အေးခဲပုစွန်မှာ Chloramphenicol (1.5 g/kg ppb) ပါဝင်မှု၊ ၂၀၁၄ ခုနှစ်မှာလည်း အင်္ဂလန်နိုင်ငံကိုတင်ပို့တဲ့အေးခဲပုစွန်ခြောက်တွေမှာ Chloramphenicol (0.32 g/kg ppb) တွေ့တယ်ဆိုပြီး ဥရောပနိုင်ငံတွေကခြောက်ကြိမ်ငြင်းပယ်ဖူးတယ်လို့ မှတ်တမ်းတွေမှတစ် ဆင့် လေ့လာဖူးတယ်။ ဒါတောင် ကျွန်မတို့မြန်မာနိုင်ငံက အိမ်နီးချင်းနိုင်ငံတွေနှင့် နှိုင်းယှဉ်ရင် တားမြစ်ထားတဲ့ပဋိဇီဝဆေးကြွင်းတွေ့ရှိနှုန်း အနည်းဆုံးပဲ အစ်မရေ။

ရောင်းသူ- တွေ့ရှိနှုန်း အနည်းဆုံးဆိုတာ ကောင်းတာလား။ ဆိုးတာလား ဆရာမ။
ဝယ်သူ- များများပါဝင်တယ်ဆိုရင် အစ်မတို့၊ ကျွန်မတို့ ကျန်းမာရေးအတွက် ဘေးဖြစ်စေတာမို့ နည်း တာကကောင်းတာပေါ့ အစ်မရေ။ အမေရိကန်၊ ဩစတေးလျ၊ ဥရောပ၊ ဂျပန် အစရှိသော ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီးတွေက သူတို့နိုင်ငံကိုတင်ပို့လာတဲ့ ငါး၊ ပုစွန်တွေမှာ ပဋိဇီဝဆေး ကြွင်းပါဝင်မှုပမာဏကို သုတေသနစမ်းသပ်ချက်တွေပြုလုပ်ပြီး ထုတ်ပြန်ကြေညာထားကြ တယ်။
ရောင်းသူ- ကျွန်မတို့ နိုင်ငံမှာရော စမ်းသပ်ချက်တွေလုပ်ပြီး မထုတ်ပြန်ဘူးလား။
ဝယ်သူ- နိုင်ငံအနေနဲ့ ၂၀၁၃ ခုနှစ်မှာ ဆေးသုတေသနဦးစီးဌာနကနေ ရန်ကုန်မြို့ရဲ့ဈေး ၅ ခုမှာ ရောင်းချနေတဲ့ငါးနှင့်ပုစွန်တွေကို ပဋိဇီဝ ဆေးကြွင်းပါဝင်မှုစမ်းသပ်သုတေသနပြု လုပ်ပြီး အင်္ဂလိပ်ဘာသာနဲ့ စာတမ်းရေးသားထားပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ်မှာ ကျောက်ဆည်မြို့၊ ဇီဝနည်းပညာသုတေသနဦးစီးဌာနကလည်း အသားတိုးကြက်တွေမှာ ပဋိဇီဝဆေးကြွင်းပါဝင်မှုကို စမ်းသပ်ထားတာရှိပါတယ်။ Carbadox, Chloramphenicol, Chlorpromazine, Dimetridazole, Furazolidone, Gentian violet, Ipronidazole, Malachite green, Metronidazole, Nitrofural, Olaquindox, Ronidazole အစရှိတဲ့ ပဋိဇီဝဆေးဝါးများကို အသားအဖြစ်စားသုံးရန်ရည်ရွယ်တဲ့ တိရစ္ဆာန်တွေမှာအသုံးပြုခွင့် မရှိသလို ငါး၊ ပုစွန်၊ အသားတို့မှာ ပဋိဇီဝဆေးကြွင်းပါဝင်မှု မရှိရဘူးလို့ CODEX ရဲ့ ကမ္ဘာ့အစား အသောက်စံနှုန်းမှာလည်း ဖော်ပြထားပါတယ်။
ရောင်းသူ- ဒါဆို ကျွန်မတို့နိုင်ငံမှာစမ်းသပ်ထားတာရှိတယ်ဆိုရင် ဆိုးကျိုးတွေက ဘာတွေဖြစ်နိုင်တာ လဲ ဆရာမ။
ဝယ်သူ- သုတေသနပြုလုပ်ပြီး ပဋိဇီဝဆေးကြွင်းတွေ့ရှိတာက ဆိုးကျိုးဖြစ်စေတာမဟုတ်ဘဲ ပဋိဇီဝ ဆေးကြွင်းပါဝင်နေတဲ့ သား၊ ငါး၊ ပုစွန်တွေကို ရေရှည်စားသုံးမှသာ ဆိုးကျိုးဖြစ်စေတာပါ။ ဘယ်လိုဆိုးကျိုးလဲဆိုရင် ပဋိဇီဝဆေးကြွင်းပါဝင်တဲ့ အစားအသောက်တွေကို စားသုံးခြင်းဖြင့် အစ်မတို့၊ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ဘတ်တီးရီးယားပိုးတွေက ဒီပဋိဇီဝဆေးတွေကို မှတ်မိနေတယ်။ အဲ့ဒီလိုမှတ်မိခြင်းဖြင့် ကျွန်မတို့ဖျားနာချိန် ဆရာဝန်ညွှန်ကြားချက်အတိုင်း ပဋိဇီဝဆေးသောက်လည်း ဆေးမတိုးတော့ဘဲ ဆေးယဉ်ပါးမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါဟာကျွန်မတို့သတိမထားမိတဲ့ နောက်ဆက် တွဲဆိုးကျိုးတွေပေါ့။ ဒါကြောင့်မို့ ပဋိဇီဝဆေး ကြွင်းပါဝင်မှုကို များများစစ်ဆေးနိုင်လေ ကောင်းလေမဟုတ်ဘူးလား အစ်မရဲ့။
ရောင်းသူ-အဲ့လိုဆိုရ င် ကျွန်မတို့ရောင်းတဲ့သူတွေက ဘာကူညီပေးလို့ရမလဲ။
ဝယ်သူ- အစ်မတို့ရောင်းတဲ့သူတွေက ဘယ်မွေးမြူရေးခြံကယူရောင်းတာပါ၊ ဘယ်မြို့ကမှာတာပါ ဘယ်နေရာကယူပြီးရောင်းတာပါ ဆိုပြီးသိဖို့လိုအပ်တာပေါ့။ အစ်မတို့ အဲ့လိုသိထားတာက ကျွန်မတို့စမ်းသပ်ဖို့ ဝယ်ယူတဲ့အခါ အများကြီးအထောက်အကူပြုတာပေါ့။ အခုတော့ အစ်မ ဘယ်မွေးမြူရေးခြံကနေ တစ်ဆင့်ပြန်ရောင်းတာကို မသိဘူး မဟုတ်လား။
ရောင်းသူ- ဟုတ်တယ် ဆရာမ။ ကျွန်မမသိဘူးရယ်။ ဆရာမတို့ လုပ်တဲ့သုတေသနတွေကို ကျွန်မတို့ သိအောင် ဘယ်လိုလုပ်လို့ရသေးလဲ။
ဝယ်သူ-အစ်မဖုန်းသုံးတယ်ဆိုရင် ကျွန်မတို့ရဲ့ မွေးမြူရေးသုတေသနဦးစီးဌာန ဝက်ဆိုက် https://dlar.moali.gov.mm/ မှာဝင်ကြည့်လို့ရပါတယ်။ မြန်မာလိုရေးသားထားတဲ့ ဆောင်းပါးတွေကို ရှာဖွေဖတ်ရှုလို့ရကြောင်း သတင်းကောင်းပေးပါတယ်။ အစ်မနဲ့ စကား ပြောကောင်းနေလို့မဖြစ်သေးဘူး တစ်ခြားဆိုင်ကပုစွန်တွေ ဝယ်ရ ဦးမှာမို့ သွားလိုက်ဦးမယ်နော်။
ရောင်းသူ- ဟုတ်ကဲ့ပါဆရာမ နောက်လဲ ကျွန်မဆိုင်ကို အားပေးဦးနော်။ ဆရာမ လာဝယ်ရင် ကျွန်မ ဈေးလျှော့ပေးမယ်နော်။
နားလည်မှုရှိသူ ရောင်းသူနှင့် ရှင်းပြပေးသူ ဝယ်သူတို့ကိုကြည့်ရင်း ပဋိဇီဝဆေးကြွင်းနှင့်ပတ်သက်တဲ့ ဗဟုသုတတစ်ခု ရရှိနိုင်ကြပါစေ။
မေသူ(မွေးသု)