တောင်သူများအတွက် ပျားမွေးမြူရေး

ပျားမွေးမြူရေးသည် စိုက်ပျိုးရေး တည်တံ့မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် ကျေးလက်စီးပွားရေး တိုးတက်မှုတွင်အရေးပါသော အခန်းကဏ္ဍတစ်ခု ဖြစ်ပါသည်။ စိုက်ပျိုးရေးသည် မြန်မာနိုင်ငံတွင် အဓိကစီးပွားရေးနယ်ပယ်ဖြစ်သဖြင့် တောင်သူလယ်သမားများသည် ပျားမွေးမြူမှုကို ထည့်သွင်းပါက သီးနှံအထွက်နှုန်း တိုးတက်စေမည်၊ ဝင်ငွေ ထပ်မံရရှိစေမည်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကိုပါ အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။
ပျားမွေးမြူရေး၏ အရေးပါမှု
ပျားမွေးမြူရေးသည် တောင်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များအတွက် အကျိုးကျေးဇူးများစွာ ပြုနိုင်သည်။ အဓိကအကျိုးကျေးဇူးများမှာ-
(၁) စိုက်ပျိုးထွက်ရှိမှုတိုးတက်စေခြင်း
ပျားမွေးမြူခြင်းသည် စိုက်ပျိုးသီးနှံများ၏ ဝတ်မှုန်ကူးမှုအောင်မြင်စေခြင်းဖြင့် အသီး အနှံများ ပိုမိုထွက်ရှိစေနိုင်သည်။ ပျားသည် သီးနှံများကို ဝတ်မှုန်ကူးခြင်းဖြင့် မျိုးအောင်စေပြီး အသီးအပွင့်များပိုမိုရရှိစေပါသည်။ ဝတ်မှုန်ကူးမှုအောင်မြင်ခြင်းဖြင့် သီးနှံများအထွက်တိုးစေ သည့်အပြင် ရရှိသည့်သီးနှံများသည်လည်း အရည်အသွေးကောင်းမွန်ကြောင်း တွေ့ရှိရသည်။ ဝတ်မှုန်ကူးမှ မအောင်မြင်ပါက သီးနှံထွက်ရှိမှု နည်းပါးခြင်းအပြင်သီးနှံရရှိရန်လည်း နှောင့်နှေးကြန့်ကြာစေပြီး အရည်အသွေးမပြည့်မီသော သီးနှံအညံ့အဖျင်းများကိုသာ ရရှိမည်ဖြစ်ပါ သည်။ ဝတ်မှုန်ကူးခြင်းဆိုသည်မှာ လေ သို့မဟုတ် အင်းဆက်ပိုးမွှားများ၏ အကူအညီဖြင့် ဝတ်ဆံဖို တွင် ရှိသော ဝတ်မှုန်အိတ်မှ ဝတ်မှုန်သည် ဝတ်မှုန်ခံ အပေါ်သို့ပြောင်းရွေ့သွားခြင်းဖြစ်သည်။ ဝတ်မှုန်ကူးခြင်း ဖြစ်စဉ်နောက်တွင် သန္ဓေအောင်ခြင်း ဖြစ်ပွား၍ အပွင့်အသီးများကို ရရှိစေသည်။
(၂) အမြတ်အစွန်းကောင်းမွန်မှု
ပျားမွေးမြူရေးသည် သက်သာသော ရင်းနှီးမြှုပ်နှံမှုဖြင့် စတင်နိုင်ပြီး အမြတ်အစွန်း ကောင်းမွန်သော အလုပ်တစ်ခု ဖြစ်သည်။ ပျားမွေးမြူခြင်းမှ ပျားရည်၊ ပျားဖယောင်း၊ ပျားကော်များကို ရောင်းချနိုင်ပြီး စျေးကောင်းရရှိနိုင်သည်။ ပျားရည်သည် အာဟာရ ဓာတ်ကြွယ်ဝပြီး ကျန်းမာရေး အတွက် အထောက်အကူပြုသည်။ ပျားဖယောင်းကို ဖယောင်း တိုင်လုပ်ငန်း၊အလှကုန်ပစ္စည်းများ ထုတ် လုပ်ရာတွင် အသုံးပြုနိုင်သည်။ ပျားဝတ်မှုန်သည် အာဟာရ ဖြည့်စွက်စာအဖြစ် အသုံးဝင်သည်။
(၃) ပတ်ဝန်းကျင်ထိန်းသိမ်းမှု
ပျားမွေးမြူရေးသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် အထောက်အကူပြုနိုင်ပြီး သစ်ပင်များ ကြီးထွားမှုနှင့် သစ်တောထိန်း သိမ်းမှုကိုလည်း ကူညီပေးသည်။
အိန္ဒိယနိုင်ငံတွင် ပျားများ၏ ဝတ်မှုန်ကူးပေးမှုကြောင့် ဆီမုံညင်း (၁၃ မှ ၂၂၂ ရာခိုင်နှုန်း)၊ နှမ်း (၂၅-ရာခိုင်နှုန်း)၊ နေကြာ (၂၁ မှ ၃၄၀၀-ရာခိုင်နှုန်း)၊ ဆူးပန်း (၄ မှ ၁၄၄-ရာခိုင်နှုန်း) အထွက်တိုးသည်ကို သုတေသနပြုချက်များအရ တွေ့ရှိခဲ့ရပါသည်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်လည်း စိုက်ပျိုးရေးတွင် ပျားဖြင့်ဝတ်မှုန်ကူးခြင်း၏ အရေးပါ မှုကို စိုက်ပျိုးမွေးမြူရေးပညာရှင်များ၊ တောင်သူပညာပေးပညာရှင်များနှင့် စိုက်ပျိုးလုပ်ကိုင် သူ တောင်သူများစုပေါင်းဆောင်ရွက်ဆွေးနွေးခြင်းဖြင့် စိုက်ပျိုးသီးနှံအထွက်နှုန်းများ၊ အရည်အသွေးများ တိုးတက်ကောင်း မွန်လာနိုင်မည်ဖြစ်ပါသည်။
ပျားမွေးမြူရေးအတွက် မြန်မာနိုင်ငံတွင် အထူးသင့်တော်သော Apis Mellifera (အေးပစ်မဲလီဖဲရာ) ပျားမျိုးများကို မွေးမြူနိုင် သည်။ တောင်သူများသည် ပျားမွေးမြူခြင်းအားဖြင့် အောက်ပါ အကျိုး အမြတ်များ ရရှိနိုင်သည်-
တစ်နှစ်လျှင်၅၀-၁၀၀ ကီလို ဂရမ်ပျားရည်ထွက်နိုင်ခြင်း
ပျားဖယောင်းနှင့်ပျားကော်အပါအဝင်ပျားနို့၊ပျားဝတ်မှုန်ကဲ့သို့ဆေးဖက်ဝင်ပစ္စည်းများကိုလည်းရရှိနိုင်ခြင်းတစ်နှစ်အတွင်း စတင်ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်ရရှိနိုင်ခြင်း
ပျားများသည် ကောင်းစွာဖွဲ့စည်းထားသော အုပ်စုဖွဲ့နေထိုင်ကြသည့်အင်းဆက်ပိုးများ ဖြစ်သည်။ အုပ်စုတစ်ခုစီတွင် ဘုရင်မတစ်ကောင်၊ လုပ်သားပျားများနှင့် ပျား ထီးများ ပါဝင်သည်။ ပျားဘုရင်မ၏ အဓိကအခန်းကဏ္ဍမှာ ဥ,ဥရန်ဖြစ်ပြီး လုပ်သားပျားများသည် အစာ ရှာခြင်း၊ ပျားအုံထိန်းသိမ်းခြင်းနှင့် သား ပေါက်များကို ကြည့်ရှုစောင့်ရှောက်ပေးသည်။ ပျားထီးများသည် မိတ်လိုက်ရန်အတွက်သာ တည်ရှိသည်။
ပျားမွေးမြူရေးလုပ်ငန်းတစ်ခုကို မစတင်မီ ဒေသခံစည်းမျဉ်းများကို သိရှိပြီး လိုအပ် သော ခွင့်ပြုချက်များရရှိရန် လိုအပ်သည်။ သင့်တော်သောနေရာကို ရွေးချယ်ခြင်းသည် အရေး ကြီးသည် ပျားများသည် ပန်း၊ ရေချိုနှင့် လုံခြုံသောပတ်ဝန်းကျင်ကို ရရှိဖို့လိုသည်။
ပျားမွေးမြူရေးတွင်လိုအပ်သောအခြေခံကိရိယာများ
ပျားအုံများ– ပျားများနေထိုင်သည့် သစ်သား သို့မဟုတ် ပလတ်စတစ်အဆောက်အအုံများ။ လန်စထရော့သ်(Langstroth Hive) ပျားအုံသည် အသုံးအများဆုံးအမျိုးအစားဖြစ် သည်။
အကာအကွယ်ပစ္စည်းများ – ပျားမွေးမြူသူများသည် ပျားဆိပ်မှကာကွယ်ရန် မျက်နှာဖုံးများ၊ ပျားကာအင်္ကျီများ ဝတ်ဆင်ရန်လိုအပ်သည်။
မီးခိုးမှုတ်ကိရိယာ– ပျားအုံကိုစစ်ဆေးသည့်အခါ ပျားများကို ငြိမ်သက်စေရန် မီးခိုး ထွက်စေသည့် ကိရိယာတစ်ခုဖြစ်သည်။
ပျားအုံဖွင့်ကိရိယာ– ပျားအုံကိုဖွင့်ရန်နှင့် ပျားအုံအတွင်းရှိဘောင်များကို စီမံခန့်ခွဲရန် အသုံးပြုသည်။
ပျားအုံ၏ကျန်းမာရေးကို သေချာစေရန် ပျားအုံများစီမံခန့်ခွဲမှုနှင့် ပြုပြင် ထိန်းသိမ်းခြင်းကို မှန်မှန်ပြုလုပ်စစ်ဆေးရန် လိုအပ်သည်။
လုပ်သားပျားများတွင် အစာရှာလုပ်သားပျားများမှ ပျားအုံအတွက် ဝတ်ရည်နှင့် ဝတ်မှုန်ကို ရှာဖွေစုဆောင်းပေးကြသည်။ ပန်းများမှရရှိသော ဝတ်ရည်ကို ခန္ဓာကိုယ်အတွင်းရှိ ဝတ်ရည်သယ်အိတ်တွင်ထည့်၍ အုံသို့သယ်ဆောင်လာသည်။ အုံသို့ရောက်ရှိသောအခါ အုံအတွင်းရှိ သက်ငယ်ပျားကောင်တစ်ကောင်မှ သုံးကောင်အတွင်း လွှဲ ပြောင်းပေး၍ ဝတ်ရည်အိတ်အတွင်း ရှိ အင်ဇိုင်းနှင့် အပူချိန်ကိုအသုံးပြု၍ ပျားရည်အဖြစ်ပြောင်းလဲစေပြီး အုံသို့ရောက်ရှိသောအခါ ဆဲလ်ကွက်အတွင်း ထည့်သွင်းသိုလှောင်ခြင်းဖြင့် ရေပါဝင်မှုကို လျော့ချပြီး ရင့်မှည့်သောပျားရည်ကို ရရှိစေသည်။
ပျားမွေးမြူရေးတွင် အခြေစိုက်ပျားမွေးမြူရေးနှင့် ရွှေ့ပြောင်းပျား မွေးမြူရေးဟူ၍ မွေးမြူနည်း၂ နည်းရှိသည်။ အခြေစိုက်ပျားမွေးမြူရေးသည် ပျားအုံများကိုအတည်တကျ နေရာတစ်ခုတည်းတွင်သာ ချထားမွေးမြူခြင်းဖြစ်ပြီး ရွှေ့ပြောင်းပျားမွေးမြူရေးတွင် ပျားစာ ရရှိမှုပေါ်မူတည်၍ ပျားအုံများကို နေရာရွှေ့ပြောင်းမွေးမြူခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ရွှေ့ပြောင်း ပျားမွေးမြူရေးကိုသာ တွင်ကျယ်စွာ အသုံးပြုနေကြပြီး ပျားစာပင် စဉ်ဆက်မပြတ် စိုက်ပျိုးပေးရန်လိုအပ်သည့် အခြေစိုက်ပျားမွေးမြူရေးကို လုပ်ကိုင်သူမရှိသေးကြောင်း တွေ့ရသည်။
ပျားများအတွက် ဝတ်မှုန်နှင့် ပျားရည်ရရှိရန် အောက်ပါအပင်များကို စိုက်ပျိုးပေးသင့်သည်-
• ပန်းပွင့်သောအပင်များ
နေကြာ၊ ပဲအမျိုးမျိုး နှင့် သစ်သီးပင်များ (ဥပမာ - ကျွဲကော၊ သခွား၊ စတော်ဘယ်ရီ)၊ ပန်းမန်များ (ဥပမာ - နှင်းပန်း) နှင့် သဘာဝပေါင်းပင်များ (ဥပမာ - ထိကရုန်း၊ ဘိစပ်၊ လက်ပံ)တို့မှလည်း ဝတ်ရည်၊ ဝတ်မှုန်ရရှိနိုင်သည်။
• ဆေးဖက်ဝင်အပင်များ
ပျဉ်းတော်သိမ်၊ ကြက်သွန်နီ၊ ကြက် သွန်ဖြူ၊ နနွင်း၊ ဂျင်းစသည့် အပင်များသည် ပျားများအတွက် ဝတ်မှုန်နှင့် ပျားရည်ကို ပေးစွမ်းနိုင်သည်။
ပျားမွေးမြူရေးတွင် အဓိကပန်းတိုင်ဖြစ်သော ပျားရည်ထုတ်လုပ်ခြင်းသည် ပျားစာ ရရှိမှုပေါ် မူတည်သည်။ ပျားစာပင်များပန်းပွင့်၍ ဝတ်ရည်၊ ဝတ်မှုန် အမြောက်အမြားရရှိသော ကာလသည် ပျားရည်ထုတ်ယူနိုင်သောကာလဖြစ်သည်။ ပျားရည်ထုတ်ကာလ မရောက်ရှိမီ ကြိုတင်၍ ပျားအုံအင်အားကောင်း မွန်အောင် ပျားစခန်းအနီးတွင် အဓိက ပျားစာပင်ရှိရန် ပြင်ဆင်ထားရမည်။ ပန်းများလှိုင်လှိုင်ပွင့်ချိန်တွင် ဝတ်ရည်အဓိကရရှိချိန်ဖြစ်၍ ပျားဘောင် အလွတ်များ ထည့်သွင်းပေးရမည်။ အုံအတွင်း ပျားသလက်ဘောင်အလွတ်မရှိပါက ပျားရည်ထုတ်လုပ်မှုကို ထိခိုက်နိုင်စေသည်။ အစာရရှိမှုနည်းပါးသောကာလတွင် သကြားရည် တိုက်ကျွေး၍ အုံအင်အားကို ထိန်းသိမ်းထားရမည်။
ပျားရည်ထွက်ရာသီနှင့် အစာရှားရာသီတို့မှာ ဆက်စပ်နေ၍ ရာသီတစ်ခုတွင်ချို့ယွင်းမှုရှိခဲ့ပါက နောက် ရာသီကိုပါ လာရောက်ထိခိုက်နိုင်မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ သုတေသနတွေ့ရှိချက်အရ အစာပေါများသောကာလတွင် ပျားများ၏ ကြီးထွားဖွံ့ဖြိုးမှု ပိုမိုကောင်းမွန် သောကြောင့် ဝတ်မှုန်စုဆောင်းနိုင်မှု ပိုမိုများပြားပြီး ဝတ်ရည်စုဆောင်းနိုင်မှု လည်း မြင့်မားကြောင်း တွေ့ရှိခဲ့ရသည်။ ပျားစာပေါများရာသီတွင် ပျားများကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးမှု ရရှိထားမှသာ ပျားစာရှားပါးချိန်တွင် ကျရောက်လာနိုင်သော ရောဂါပိုးမွှား များထံမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။
ပျားမွေးမြူရေးသည် တောင်သူများအတွက် အမြတ်အစွန်းနှင့် အကျိုးကျေးဇူးများစွာ ပါဝင်သော လုပ်ငန်းတစ်ခုဖြစ်သည်။ သဘာဝနှင့်ညီညွတ်ပြီး မိမိလယ်ယာလုပ်ငန်း နှင့် တွဲဖက်ပြုလုပ်နိုင်သည်။ ထို့ကြောင့် တောင်သူများသည် ပျားမွေးမြူရေး စတင်ပြုလုပ်ရန် စဉ်းစားသင့်ပါ သည်။ ပျားမွေးမြူရေးသည် သဘာဝနှင့်ညီညွှတ်ပြီး၊ မိမိလယ်ယာလုပ် ငန်းနှင့် တွဲဖက်ပြုလုပ်နိုင်သော ရင်းနှီးမြှုပ်နှံမှုနည်းသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ မိမိစိုက်ပျိုးရေး လုပ်ငန်းကို တိုးတက်စေရန်နှင့် ဝင်ငွေ ရရှိမှုများပြားစေရန် ပျားမွေးမြူရေးကို ထည့်သွင်း လုပ်ကိုင်ရန် စဉ်းစားသင့်ပါသည်။
မိပြည့်(မွေးသု)