မြန်မာ့နို့စားနွားမွေးမြူရေး ပိုမိုတိုးတက်စေရန် အကြံပြုချက်များ

မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်နိုင်ငံတစ်ခုဖြစ်ပြီး တိုင်းပြည်ဝင်ငွေသည် လယ်ယာစီးပွားကဏ္ဍနှင့်များစွာ ဆက်စပ်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်တွင် GDP ၏ ၂၃ ရာနှုန်းကို လယ်ယာကဏ္ဍက ထောက်ပံ့ထားသည်ကို တွေ့ရှိရပါသည်။ သို့သော် နို့စားနွားမွေးမြူရေးသည် ရှိသင့်သည့် ထုတ်လုပ်နိုင်မှုထက် နည်းပါးနေဆဲဖြစ်ပြီး ဝယ်လိုအား၏ အနည်းငယ်ကိုသာ ဖြည့်ဆည်းနိုင်ပါသေးသည်။ ၂၀၂၃ ခုနှစ်တွင် နို့ထုတ်လုပ်မှု စုစုပေါင်း ၄၂၀,၀၀၀ တန်ခန့်သာ ရှိခဲ့ပါသည်။ နို့စားနွားမွေးမြူရေးကို တိုးတက်စေခြင်းဖြင့် စားနပ်ရိက္ခာဖူလုံမှုကို မြှင့်တင်နိုင်ပြီး၊ နိုင်ငံခြားထုတ်ကုန် မှီခိုမှုကိုလည်း လျှော့ချလာနိုင်မည်ဖြစ်ပါသည်။ ယခုဆောင်းပါးတွင် နို့စားနွား မွေးမြူရေး၏ အရေးပါမှု၊ လက်ရှိအခြေအနေ၊ စိန်ခေါ်မှုများ၊ အသေးစားနှင့် အလတ်စား လယ်သမားများအတွက် တိုးတက် မှုနည်းလမ်းများ၊ ရောဂါကာကွယ်ရေးနှင့် မွေးမြူရေးစီမံခန့်ခွဲမှုများကို အကျဥ်း ချုပ်ဖော်ပြထားပါသည်။
နို့စားနွားမွေးမြူရေး၏ အရေးပါမှု
နို့စားနွားမွေးမြူရေးသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ နို့ထွက်ပစ္စည်းများသည် ပရိုတင်း၊ ကယ်လ်စီယမ်နှင့် ဗီတာမင်ဓာတ်များ ကြွယ်ဝပြီး၊ ကလေးငယ် ၂၇ ရာနှုန်းခန့်တွင် အာဟာရချို့တဲ့မှုရှိနေသော မြန်မာနိုင်ငံအတွက် မရှိမဖြစ်လိုအပ်ပါသည်။ စီးပွားရေးအရလည်း ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ပါသည်။ ဥပမာ- မြန်မာနိုင်ငံတွင် နို့စားနွားတစ်ကောင်သည် နှစ်စဥ်ပျမ်းမျှ လီတာ ၃,၀၀၀ ခန့်ထွက်ရှိရာ၊ နေ့စဉ်နို့ထွက်နှုန်းအား ၁၀ မှ ၁၅ လီတာသို့ တိုးမြှင့်နိုင်ပါက ဝင်ငွေ ပိုမိုတိုးတက်လာပါမည်။ ထို့ပြင် ပြည်တွင်း နို့နှင့်နို့ထွက်ပစ္စည်းထွက်ရှိမှု ပိုမိုမြှင့်တင်နိုင်ပါက နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် ကုန်ကျသော တင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ နို့စားနွားမွေးမြူရေး လက်ရှိအခြေအနေ
မြန်မာနိုင်ငံ၏ နို့စားနွားမွေးမြူရေးသည် အိမ်နီးချင်းနိုင်ငံများနှင့်ယှဥ်ပါက လျော့နည်းနေပါသေးသည်။ ၂၀၂၃ ခုနှစ်တွင် နို့စားနွားကောင်ရေ ၇၂,၂၄၄ ကောင်ရှိပြီး၊ အများစုမှာ Holstein-Friesian နှင့် ဒေသခံ Zebu မျိုးစပ်များဖြစ်ကာ၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ၅၅ ရာခိုင်နှုန်းခန့် မွေးမြူထားရှိပါသည်။ အများစုသည် တစ်နိုင်တစ်ပိုင် မွေးမြူကြသူများဖြစ်ပြီး ကောင်ရေ ၂၀ အောက်သာ ပိုင်ဆိုင်ကြပါသည်။ နယူးဇီလန်အစိုးရ အကူအညီဖြင့် ၂၀၁၅ ခုနှစ်မှ စတင်ခဲ့သော ကောင်းမွန်သောနို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသည် နေပြည်တော်၊ မန္တလေး၊ ရန်ကုန်၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် တောင်သူပညာပေးလုပ်ငန်းများ၊ တိရစ္ဆာန်အစာပင်စိုက်ပျိုးမှုများ၊ နို့နှင့်နို့အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သော်လည်း လိုအပ်ချက်များကို အပြည့်အဝ မဖြည့်ဆည်းပေးနိုင်သေးသည်ကို တွေ့ရှိရပါသည်။
ကြုံတွေ့နေရသည့်စိန်ခေါ်မှုများ
မြန်မာနိုင်ငံ၏ နို့စားနွားမွေးမြူရေးကဏ္ဍသည် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပါသည်။ မျိုးဗီဇ ညံ့ဖျင်းမှုနှင့် အရည်အသွေးမပြည့်မီသောစပ်မျိုးများ၊ အာဟာရဓာတ် မလုံလောက်မှု စသည်တို့ကြောင့် ထုတ်လုပ်မှုနည်းပါးနေဆဲဖြစ်ပါသည်။ အရည်အသွေးမြင့် တိရစ္ဆာန်အစာပင် စိုက်ပျိုး ကျွေးမွေးမှုအားနည်းပြီး ကောက်ရိုးနှင့်အာဟာရတန်ဖိုးနည်းမြက်များကိုသာ အဓိက ကျွေးမွေးမှုကြောင့် အစာနုပိုကျွေးရပြီး ကုန်ကျစရိတ် မြင့်မားလာပါသည်။ နို့စားနွားမွေးမြူရေးနှင့် စပ်လျဉ်းသည့်ဗဟုသုတနှင့်ကျွမ်းကျင်မှု သည်လည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး စနစ်တကျလေ့ကျင့်ပေးမှုနှင့် ကျွမ်းကျင် မှုလိုအပ်ပါသည်။ နို့ညှစ်စနစ်၊ နို့ကောက်စနစ်၊ နို့သိုလှောင်မှု၊ လမ်းပန်း ဆက်သွယ်ရေးစသည့် အခြေခံအဆောက်အအုံများ နည်းပါးမှုကြောင့်လည်း နို့ အရည်အသွေးနှင့် စျေးကွက်ရောက်ရှိမှုကို ထိခိုက်စေပါသည်။ ခွာနာလျှာနာ (FMD) နှင့် နို့အုံရောင်ရောဂါ (mastitis) စသည့် ရောဂါများကြောင့်လည်း ထုတ်လုပ်မှုကိုလျော့ကျစေပါသည်။ ထို့ပြင် ပြည်ပမှ အဓိကတင်သွင်းသည့် ဈေးသက်သာသော နို့ထွက်ပစ္စည်းများကြောင့်လည်း ဒေသခံ ရင်းနှီးမြှုပ်နှံမှုများကို ချိနဲ့စေပါသည်။
အသေးစားနှင့် အလတ်စားခြံသမားများအတွက် တိုးတက်မှုနည်းလမ်းများ
ဖော်ပြပါအတားအဆီးများကိုဖြေရှင်းရန် ကောင်းမွန်သော နည်းဗျူဟာ များ လိုအပ်လျက်ရှိပြီး အောက်ပါအချက်များသည် အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်ပါသည်-
အရင်းအမြစ်ရရှိမှု။ သမဝါယမများဖွဲ့စည်းပြီး အစာဝယ်ယူခြင်း၊ တိရစ္ဆာန်ဆေးဝါးများနှင့် အခြေခံပစ္စည်းများကို အစုလိုက်ဝယ်ယူခြင်းဖြင့် ကုန်ကျ စရိတ်ကို ၂၀–၃၀ ရာခိုင်နှုန်း လျှော့ချနိုင်ပါသည်။
မျိုးဗီဇတိုးတက်မှု။ မေထုန်မဲ့သားစပ်ခြင်းနည်းပညာကိုအသုံးပြု၍ အပူပိုင်းဒေသအတွက် သင့်လျော်သော နို့စားနွားမျိုးများ ရရှိစေကာ နို့ထွက်နှုန်းကို မြှင့်တင်သင့်ပါသည်။
ငွေကြေးထောက်ပံ့မှု။ ဗဟိုဘဏ်၊ အသေးစားငွေချေးအဖွဲ့များမှ အတိုးနှုန်း သက်သာသော ချေးငွေဖြင့် လယ်သမားများအား ချေးငွေများချေးပေးခြင်းကို ဆောင်ရွက်သင့်ပါသည်။
စျေးကွက်ဖွံ့ဖြိုးမှု။ နို့ကို ဒိန်ချဉ်၊ ဒိန်ခဲအဖြစ် ပြုပြင်ခြင်းဖြင့် တန်ဖိုးမြှင့်တင်ကာ ပြည်ပတင်သွင်းပစ္စည်းများနှင့် ယှဉ်ပြိုင်၍ ဈေးကွက်ရရှိစေရန် ဆောင်ရွက် သင့်ပါသည်။
နည်းပညာသုံးစွဲမှု မြှင့်တင်ခြင်း။ နည်းပညာသုံးစွဲမှုသည်လည်း မွေးမြူရေးတိုးတက်မှုကို အထောက်အကူပြုစေနိုင်ပါသည်။ မိုဘိုင်း ဖုန်းအသုံးပြု၍ နို့စျေးနှုန်းများ၊ ရာသီဥတုနှင့် အကြံပြုချက်များရယူနိုင်ရန် ဖန်တီးပေးခြင်းဖြင့် ဆုံးဖြတ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါသည်။ ၂၀၂၃ ခုနှစ် စစ်တမ်းအရ ရန်ကုန် တိုင်းဒေသကြီးအတွင်း နည်းပညာသုံးစွဲသော လယ်သမား ၅၀၀ ခန့်တွင် ဝင်ငွေ ၃၀ ရာနှုန်း တိုးလာခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် နည်းပညာသုံးစွဲမှုကို မြှင့်တင်နိုင်ရန် ပညာပေးမှုအစီအစဉ်များကို ချဲ့ထွင်ပြီး မိုဘိုင်းလေ့ကျင့်ရေးယူနစ်များဖြင့် မျိုးပွားခြင်း၊ အစာကျွေးခြင်းနှင့် ဇီဝလုံခြုံရေး စနစ်များကို သင်ကြားပေးသင့်ပါသည်။
ဒေသခံအသိပညာနှင့် ပေါင်းစပ်ခြင်း။ ဒေသခံအသိပညာကို ခေတ်မီနည်းလမ်း များနှင့် ပေါင်းစပ်ပေးခြင်းဖြင့် လယ်သမားများ၏ လက်ခံနိုင်မှုကို မြှင့်တင်ပေးသင့်ပါသည်။ ဥပမာ- ကျေးလက်ဒေသတွင် နွားများကိုလွှတ်ကျောင်းမွေးမြူကြပြီး၊ ၎င်းတွင် သိပ္ပံနည်းကျ အစာဖြည့်စွက်မှု (supplementary feeding) ကို ထည့်သွင်းခြင်းဖြင့် နို့ထွက်နှုန်း ၁၅–၂၀ ရာနှုန်း တိုးတက်လာနိုင်ပါသည်။ ယင်းကဲ့သို့ တွေ့ရှိချက်များကို ပြန်လည်မျှဝေခြင်းဖြင့် ဒေသခံများအကြား ဗဟုသုတ ပိုမိုရရှိစေကာ လိုအပ်သလို ပြန်လည်အသုံးချလာနိုင်မည်ဖြစ်ပါသည်။
ရောဂါကာကွယ်ရေး။ နွားအုပ်ကျန်းမာရေးကို ပုံမှန်စစ်ဆေးပေးခြင်းဖြင့် ရောဂါများကို စောစီးစွာဖော်ထုတ်နိုင်ပြီး၊ ဆုံးရှုံးမှုကို လျှော့ချပေးနိုင်ပါသည်။ ဥပမာ၊ နို့စားနွားများ၏ ၃၀ ရာနှုန်းခန့်သည် နို့အုံရောင်ရောဂါကြောင့် နို့ထွက်နှုန်းလျော့ကျပြီး၊ နှစ်စဉ် ကျပ် သန်း ၅၀၀ ခန့် ဆုံးရှုံး နေရပါသည်။ ရန်ကုန်မြို့အနီးရှိ စမ်းသပ်ခြံများတွင် နို့အုံရောင်ရောဂါကို စောစီးစွာသိရှိပြီး ကုသခဲ့ရာ ဆုံးရှုံးမှု ၄၀ ရာနှုန်းခန့် လျော့ကျလာခဲ့သည်ကို တွေ့ရှိရပါသည်။ နို့အုံရောင်ရောဂါကို စောစီးစွာ သိရှိကာကွယ်နိုင်ရန်အတွက် သင်တန်းများလည်း လိုအပ်ပါသည်။
မွေးမြူရေးစီမံခန့်ခွဲမှု။ မျိုးပွားမှု၊ နို့ထွက်ရှိမှုနှင့် ကျန်းမာရေးဒေတာများကို မှတ်တမ်း ထားရှိရပါမည်။ နေပီးယာမြက် အသုံးပြုသည့်အစာကျွေးမှုပုံစံကို မန္တလေးတွင် စမ်းသပ်ခဲ့ရာ နို့ထွက်နှုန်း ၂၀ ရာခိုင်နှုန်း ခန့်တိုးလာခဲ့ပြီး၊ နွားချေးဇီဝဓာတ်ငွေ့စနစ်ကို ရန်ကုန်တွင်စမ်းသပ်ခဲ့ရာ မွေးမြူရေး ကုန်ကျ စရိတ် ၁၀ ရာနှုန်းလျှော့ချ ပေးနိုင်ခဲ့ပါသည်။
ရာသီဥတုနှင့်လိုက်လျောညီထွေရှိသော စီမံခန့်ခွဲမှု။ ရာသီဥတုကို ထည့် သွင်းစဉ်းစား စီမံခန့်ခွဲမှုသည် များစွာအရေးပါပါသည်။ ၃၅ ဒီဂရီစင်တီဂရိတ်အထက်ရှိနွေရာသီတွင် နို့ထွက်နှုန်း ၂၀ ရာနှုန်းခန့် လျော့ကျနိုင်ပါသည်။ ရာသီဥတုဒဏ်ခံနိုင်ရန် နွားတင်းကုပ်များအား ရေစီးရေလာကောင်းသော မြေမြင့်များတွင် ဆောက်လုပ်ပြီး၊ သဘာဝ လေ၀င်လေထွက်စနစ်များ ထည့် သွင်း သင့်ပါသည်။ မွေးမြူမည့်ဒေသနှင့် ကိုက်ညီသောနွားမျိုးများကိုလည်းရွေးချယ်မွေးမြူသင့်ပါသည်။
ရေရှည်မြေအသုံးချမှု စီမံကိန်း။ အစာစိုက်ပျိုးရန် မြေ ၅၀,၀၀၀ ဟက်တာကို နှစ်စဉ် အသုံးပြုပါက၊ တစ်နှစ် နို့လီတာ ၂ သန်းခန့် တိုးမြှင့်နိုင်မည်ဟု ခန့်မှန်းရပါသည်။ ဥပမာ- မကွေးတိုင်းတွင် နေပီးယာနှင့် ပြောင်းဖူးစိုက်ပျိုးမှုကို ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့ရာ နွားတစ်ကောင် နို့ထွက်နှုန်း ၁၂ မှ ၁၅ လီတာသို့ တိုးလာခဲ့ပါသည်။
ရေအရင်းအမြစ် စီမံခန့်ခွဲမှု။ ရေအရင်းအမြစ်ကို ထိရောက်စွာ စီမံခန့်ခွဲခြင်းသည်လည်း အဓိကကျပါသည်။ ကျေးလက်ဒေသ ၄၀ ရာနှုန်းခန့်တွင် သန့်ရှင်းသောရေရရှိမှု အားနည်းနေပြီး၊ ရေသောက်နည်းပါးပါက နို့ထွက်နှုန်းကို ၁၅ ရာနှုန်းခန့်လျော့ကျစေနိုင်ပါသည်။ နွားတစ်ကောင်လျှင် တစ်နေ့ ရေ ၃၀ မှ ၅၀ လီတာခန့်လိုအပ်ပြီး၊ မရရှိပါက ရောဂါဖြစ်ပွားမှု မြင့်တက်လာနိုင်သည်။
မြန်မာနိုင်ငံ၏ နို့စားနွားမွေးမြူရေး တိုးတက်လာစေရန် လက်ရှိတွင် ကြုံတွေ့လျက်ရှိသော စိန်ခေါ်မှုများကို နည်းဗျူဟာကျကျဖြေရှင်းရန် လိုအပ်ပါသည်။ အသေးစားနှင့် အလတ်စား လယ်သမားများ အတွက် အရင်းအမြစ်၊ ဗဟုသုတနှင့် ထောက်ပံ့မှုများ အားကောင်းစေခြင်းဖြင့် နို့စားနွား မွေးမြူရေး တိုးတက်လာကာ စီးပွားရေးသာမက လူနေမှုဘဝအတွက်ပါ တိုးတက် ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေနိုင်ပါသည်။ သို့ဖြစ်ပါ၍ အစိုးရ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လယ်သမားများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် ဆောင်ရွက်သင့်ပါကြောင်း အကြံပြု တိုက်တွန်း ရေးသားအပ်ပါသည်။
သန့်ညီလင်း(မွေး/ဆေး)
ကိုးကားချက်များ
FAO (2021). Livestock production systems in Myanmar. Food and Agriculture Organization of the United Nations.
Myanmar agricultural census (2022). Agricultural practices and technology use in Myanmar. Ministry of Agriculture, Livestock and Irrigation, Myanmar.
Myanmar Dairy Association (2023). Annual dairy sector report. Mandalay, Myanmar.
Myanmar market analysis (2022). Dairy consumption trends in urban Myanmar.
NZ Aid (2022). Myanmar Dairy Excellence Project: Progress report. New Zealand Aid Programme.
UNICEF (2022). Nutrition in Myanmar: Key indicators. United Nations Children’s Fund.
World Bank (2023). Myanmar economic monitor. Washington, DC.