စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၂၀) ၊ ကမ္ဘာ့အကောင်းဆုံး စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ စံသတ်မှတ်ခြင်း (အပိုင်း - ၃)

စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၂၀) ၊ ကမ္ဘာ့အကောင်းဆုံး စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ စံသတ်မှတ်ခြင်း (အပိုင်း - ၃)

MK

စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ အပါအဝင် နိုင်ငံတကာ ထိပ်တန်း တက္ကသိုလ် များ (World-Class Top Universities) ကမ္ဘာကျော်ဖြစ်နေရခြင်းမှာ တက္ကသိုလ်များ လွတ်လပ်စွာ စီမံခန့်ခွဲနိုင်မှုရှိရခြင်း (University Autonomy)သည် အကြောင်းတစ်ချက် ဖြစ်ပါသည်။

ဒေါက်တာတင်လှိုင် (ကလောင်အမည် - ဘိုးလှိုင်)၏ အဆိုအရ ‘တက္ကသိုလ်ဆို သည်မှာ နိုင်ငံ့ရတနာ၊ တက္ကသိုလ်တွေမြင့်မှ နိုင်ငံတင့်တယ်မည်။နိုင်ငံအဆင့်မြင့်ချင်လျှင် နိုင်ငံသားများ၏ ပညာရေးက ပဓာနကျသည်။ဒါကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၌ တက္ကသိုလ်များသည် အရေးပါသော အခန်းကဏ္ဏမှာ ရှိနေပါသည်။ ထို့ပြင် တက္ကသိုလ် သည် နိုင်ငံသားတို့၏ အသိအလိမ္မာ၊ ကျွမ်းကျင်ပညာ၊ အဆင့်အတန်းကို ညွှန်ပြသော ပြဒါးတိုင်လည်းဖြစ်ပါသည်’ ဟူ၍ဆိုခဲ့ပါသည်။

၁၉၆၀-ခုနှစ် မတိုင်ခင်ကစ၍ ရှိနေခဲ့သော ရန်ကုန်နှင့်မန္တလေးတက္ကသိုလ် တို့သည် ကမ္ဘာ့တက္ကသိုလ်များထဲတွင်အရာဝင်ခဲ့ပြီး ထိုစဉ်ကဤတက္ကသိုလ်များမှဘွဲ့ရများသည် စာမေးပွဲအဆင့်ကောင်းကောင်းနှင့်အောင်လျှင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များဖြစ်သော ဟားဘတ် (Harvard)၊ ယေးလ် (Yale)၊ အောက်စဖို့ (Oxford)၊ ကိန်းဗရစ် တက္ကသိုလ်များ (Cambridge Universities)တွင် ဝင်ခွင့်ရဖို့လွယ်ကူခဲ့ပါသည်။ မန္တလေးတက္ကသိုလ်၊ စိုက်ပျိုး ရေးပညာမဟာဌာန (Faculty of Agriculture) တွင် နိုက်ဂျီးရီးယားနိုင်ငံမှ ကျောင်းသား အက်ဒဝပ်အာရိုး (Edward Ayo)က လာရောက်သင်ယူပြီး သူ့နိုင်ငံတွင် လူကြီးပြန်ဖြစ်သွားသည်ဟူ၍ ကြားသိရပါသည်။

ထိုစဉ်က ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များ အောင်မြင်ရခြင်း အဓိကအချက်မှာ တက္ကသိုလ်ကို လွတ်လပ်စွာစီမံခန့်ခွဲနိုင်ခြင်းနှင့် တက္ကသိုလ် ဒုတိယအဓိပတိ(ယခု ပါချုပ်) (Vice-Chancellor/Rector) နှင့် စီမံ/သင်ကြားအဖွဲ့ကို တည့်မတ်ထိန်းကျောင်းပေးမည့် (Check and Balance) တက္ကသိုလ်ကောင်စီ/ စီမံခန့်ခွဲမှုဘုတ်အဖွဲ့ (University Council/The Board of Trustees) ရှိခဲ့ခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဗဟိုချုပ် ကိုင်မှု လျှော့ချခြင်း (Decentralization) ကိုကျင့်သုံးခဲ့ပါသည်၊ ၁၉၆၂-ခုနှစ်နောက်ပိုင်း ဤစနစ်မရှိတော့ပါ။

တက္ကသိုလ်များလွတ်လပ်စွာစီမံခန့်ခွဲနိုင်မှု (University Autonomy) ဆိုသည်မှာ တက္ကသိုလ်များ၏ ပညာရေး (Academic)၊ အုပ်ချုပ်ရေး (Administrative) နှင့် ငွေကြေး စီမံခန့်ခွဲရေး (Financial matters) စသည်တို့ကို ပြင်ပလွမ်းမိုးမှု (External Control) မပါ ဝင်စေဘဲ၊ တစ်ဦးတစ်ယောက်တည်းက ဆုံးဖြတ်ချက်ချတာမဟုတ်ဘဲ အတွေ့အကြုံရှိသော ပညာရှင်များပါဝင်သော အဖွဲ့က စီမံခန့်ခွဲ၊ ဆုံးဖြတ်ခြင်းဖြစ်ပါသည်။ ဤစနစ်၏ အားသာချက်များမှာ -

(က) ပညာရေးဆိုင်ရာလွတ်လပ်မှုရှိခြင်း (Academic Freedom) ဆရာ၊ ဆရာ မများနှင့် သုတေသနပညာရှင်များ၏ တီထွင်ဖန်တီးပေးနိုင်စွမ်းကို လမ်းဖွင့်ပေးနိုင်သည်။ နိုင်ငံရေးနှင့်သဘောတရားရေးရာ လွှမ်းမိုးမှု မရှိဘဲ ကျယ်ပြန့်သော သုတေသနနယ်ပယ်ကို ပြုလုပ်နိုင်ပါသည်၊ စိုက်ပျိုးရေးမွေးမြူရေးဘာသာများနှင့်ဆက်စပ်ပညာများ (Interdisciplinary Approaches)နှင့် ပြဿနာအခြေခံ စူးစမ်းလေ့လာမှု (Problem- based groundbreaking Research) သုတေသနများစွာ ပြုလုပ်နိုင်ပါသည်။    

(ခ) အခြေအနေသင့်တော်အောင် စီစဉ်နိုင်မှုနှင့် ဆန်းသစ်တီထွင်နိုင်မှုရှိခြင်း (Adaptability and Innovation) လွတ်လပ်သောတက္ကသိုလ်၊ ကောလိပ်များသည် လူမှုရေးနှင့်နည်းပညာဆိုင်ရာပြောင်းလဲမှုများကို လွယ်ကူစွာ လိုက်နာနိုင်သည်။ သင်ရိုးညွှန်းတမ်းအဟောင်းများကို ပြင်ဆင်ပေးနိုင်မှု (Revise Curricula)၊ အထူးပြုဘာသာရပ်အသစ်ကို တီထွင်ပေးနိုင်မှု (Establish new Programs)၊ ဗျူရိုကရက်ဆန်သော နှောင့်နှေးမှုများကို ကျော်လွှားနိုင်အောင် တင်ပြနိုင်မှု (Address emerging needs without bureaucratic delays) စသည့်အားသာ ချက်များရှိသည်။ နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေးပညာ သင်ကြားပေးနေသော တက္ကသိုလ်များမှာ စိုက်ပျိုး၊မွေးမြူရေးပညာများသာမက အင်ဂျင်နီယာ၊ နည်းပညာ၊ စီးပွားရေး၊ သစ်တော၊ ပတ်ဝန်းကျင်သိပ္ပံ သာမက အခြေခံသိပ္ပံဘာသာရပ်များ ဓာတုဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဘူမိ ဗေဒ၊ ပထဝီဝင်၊ဥပဒေစသည့် ပညာရပ်များ အားကောင်းနေသဖြင့် သင်ကြား ရေး၊ သုတေသနပညာများ ပူးတွဲပြုလုပ်နိုင်ပါသည်။

(ဂ) ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်မှု အခွင့်အလမ်းရရှိနိုင်ခြင်း (Global Competitiveness)တက္ကသိုလ်များ လွတ်လပ်စွာ ဆောင်ရွက်နိုင်မှုသည် သင်ကြားရေး၊ သုတေသနနှင့် စီမံအုပ်ချုပ်မှုများ (Adopt International best practices in governance, teaching and research) ကို နိုင်ငံတကာ အကောင်းဆုံးစံနှုန်းများနှင့် အတူ ကျင့်သုံးနိုင်သည်။ ဤစနစ်က တစ်ကမ္ဘာလုံးမှ အတော်ဆုံးပညာရှင်၊ ကျောင်းသား၊ ကျောင်းသူများ (Recruitment of World-class Faculty and Students) ကို ခေါ်ယူ ခန့်ထား၊ သင်ကြား၊ သုတေသနပြုနိုင်သည်။(မြန်မာနိုင်ငံရှိတက္ကသိုလ်များ အချင်းချင်းလည်း သုတေသန၊ အလုပ်အကိုင် ပေးနိုင်မှု စသည်ဖြင့် အပြုသဘောနှင့်ပြိုင်ဆိုင်သင့်ပါသည်)

(ဃ) ပွင့်လင်းမြင်သာမှုရှိပြီး အချိန်တိုတိုနှင့်အကျိုးရှိခြင်း (Accountability and Efficiency)ရရှိလာသော ဘတ်ဂျက်၊ သုံးစွဲမှုများက အကျိုးရှိစွာအသုံးချ နိုင်ပါသည်။ရလဒ်ကိုမူတည်ပြီး သင်ကြား ၊သုတေသနပြုမှုက အလွန်ခရီး ရောက်ပါသည်။အဆင့်ဆင့် တင်ပြစရာမလိုဘဲ တက္ကသိုလ်ကောင်စီ၊ စီမံခန့်ခွဲ ရေးအဖွဲ့များက လျင်မြန်စွာ ဆုံးဖြတ်နိုင်ပါသည်။

(င)ငွေကြေးစီမံခန့်ခွဲမှုမှာ ပွင့်လင်းမြင်သာပြီး လွတ်လပ်မှုရှိခြင်း (Freedom in Financial Management) တက္ကသိုလ်ကောင်စီ အဖွဲ့တွေက ကြီးကြပ်ပြီး ရရှိလာသော ကျောင်းလခ (Tuition Fees)၊ သုတေသနရန်ပုံငွေ (Research Grants)၊ ငွေပဒေသာပင် (Endowments) တို့ကို အချိန်တိုအတွင်း စနစ်တကျစီမံခန့်ခွဲနိုင်ပါသည်။ 

(စ) ထူးချွန်သူများကိုဆွဲဆောင်ပေးနိုင်ခြင်း (Attracting Talent) ဤစနစ်က ထိပ်တန်း၊ အတော်ဆုံး ဆရာ/ဆရာမများ၊ သုတေသနပညာရှင်များနှင့် ကျောင်းသား/သူများ လာရောက်စေရန် အားပေးပါသည်။

နောက်တစ်ခါ လွတ်လပ်သော တက္ကသိုလ်များအား စီမံကွပ်ကဲရာတွင် အရေးပါသော တက္ကသိုလ်ကောင်စီ/စီမံအုပ်ချုပ်ရေးအဖွဲ့၏ လုပ်ငန်း လုပ်ဆောင်ချက်များမှာ- -

(၁) မဟာဗျူဟာမြောက်ခေါင်းဆောင်မှု (Strategic Leadership) တက္ကသိုလ်၏ အထူးတာဝန် (University’s mission)၊ အနာဂါတ်မြင်ကွင်း (Vision)၊ မဟာ ဗျူဟာမြောက်ရည်ရွယ်ချက်များ(Strategic Goals)ကို ဦးဆောင်ဆောင်ရွက်၊ အတည်ပြုပေးသည်။

(၂)   အုပ်ချုပ်မှု၊ အုပ်ချုပ်ပုံစနစ် (Goverance)တက္ကသိုလ်၏ဥပဒေရေးရာ (Legal)၊ စည်းမျဉ်း/ စည်းကမ်း (Regulatory)၊ တရားဝင် အသိ အမှတ်ပြုခြင်း (Accreditation) လိုအပ်ချက်များကို ဆောင်ရွက်ပေးသည်။

(၃)  ငွေကြေး၊ရသုံးငွေစာရင်းကြီးကြပ်ရေး(Financial Oversigh)ငွေကြေးသုံးစွဲမှု (Budgets)၊စီမံချက်များ (Financial Plans)၊ အဓိက ငွေလုံးငွေရင်း စီမံကိန်း များ (Major Capital Projects) စသည်တို့ကို အတည်ပြုဆုံးဖြတ်ပေးသည်။ ငွေကြေး အရ/အသုံး ဆောင်ရွက်မှုများ (Financial Performance)၊ ရင်းနှီး မြှုပ်နှံမှုများ (Investments)၊ ရန်ပုံငွေရှာဖွေမှုများ (Fundraising Efforts) စသည်တို့ကို စောင့်ကြည့်စစ်ဆေး (Monitoring) ပေးပါသည်။ 

(၄) တက္ကသိုလ်၏ အဓိကတာဝန်ရှိပုဂ္ဂိုလ်များကို ခန့်ထားပေးခြင်း (Appointing Key Leaders) တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် စသည်များ ကိုခန့်ထားခြင်း (Vice-Chancellor/President)၊ သူတို့ဆောင်ရွက်ချက်များကို စောင့်ကြည့် လေ့လာခြင်း (Appoint and evaluate performance)၊ ကောင်းမွန်စွာ ခေါင်းဆောင်နိုင်မှု အရည်အချင်းများကို ထောက်ပံ့ပေးခြင်း (Support leadership) စသည်တို့ဆောင်ရွက်ပါသည်။

(၅) စွန့်စားမှုများ စီမံကွပ်ကဲပေးခြင်း (Risk Management)ဖြစ်ပေါ်လာနိုင်သော စိန်ခေါ်မှုများကို အန္တရာယ်နည်းပါးစွာ ဖြစ်ပေါ်သွားအောင် ဆောင်ရွက် ပေးပါသည်။

(၆) အစုရှယ်ယာရှင်များ ကိုယ်စားပြုမှု ( Stakeholder Representation) တက္ကသိုလ်နှင့် အစိုးရ၊ ပြင်ပအစုရှယ်ရာရှင်၊ လုပ်ငန်းရှင်များ၊ အကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးပါသည်။

(၇) အရည်အသွေး အာမခံနိုင်မှု (Quality Assurance) သင်ကြားရေး၊ သုတေသနကိစ္စများကိုတင်ပြလာသောအစီရင်ခံစာများ(Reports)၊ ပြန်လည် သုံးသပ်ချက်များ (Reviews)၊ ပြင်ပစာရင်းစစ်အစီရင်ခံစာများ (External accreditations)ကို စစ်ဆေးကြည့်ရှူပြီး စုပေါင်းဆုံးဖြတ်ပေးခြင်း၊ဘွဲ့၊ ဒီဂရီ၊ ဘာသာရပ်အသစ်များ (New academic programs)ကို တက္ကသိုလ်၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့်အညီ အတည်ပြုပေးခြင်း (Approve) စသည်တို့ကို ဆောင်ရွက်ပါသည်။

(၈) တက္ကသိုလ် အဆောက်အဦများ၊ ပိုင်ဆိုင်မှုများကို စီမံကြီးကြပ်ပေးခြင်း (Property and Infrastructure Management) ရှိနေသော အခြေခံ အဆောက်အဦများ၊ ဓာတ်ခွဲခန်းများကို ထိန်းသိမ်းပေးနေပါသည်။(Oversee the acquisition, maintence and use of University assets including building and lands)နိုင်ငံတကာရှိ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် အများစုမှာ စီမံခန့်ခွဲရေးအဖွဲ့ (သို့မဟုတ်) တက္ကသိုလ်ကောင်စီများက လွတ်လပ်စွာ ကြီးကြပ်၊ ကျင့်သုံးကြပါသည်။ ပါမောက္ခရာထူးများသာ အမြဲတမ်းရာထူး (Permanent Posts)ဖြစ်ပြီး ဌာနမှူး (Head of the Departments)၊ မဟာဌာနမှူး (Dean of the Faculties)၊ ဒုတိယပါမောက္ခချုပ် (Vice-Rector/Pro-Rector)၊ပါမောက္ခချုပ် (Rector/President/Vice-Chancellor) ရာထူးစသည်တို့မှာ ၄-၅ နှစ်တစ်ကြိမ်အလှည့်ကျ ထမ်းဆောင်ကြရပါသည်။ တက္ကသိုလ်များတွင် ထိုအုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးကိစ္စများသည် အမြဲတမ်းရာထူးဖြစ်နေပါက အာဏာရှင်ဆန်သွားပါလိမ့်မည်။

စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ပိုင်မြေများမှာလည်း တက္ကသိုလ်မြေကို ငှားစား၍ တက္ကသိုလ်ရန်ပုံငွေနှင့် တက္ကသိုလ်အား ထောက်ပံ့လှူဒါန်းငွေ (University Funds or University Endowment) ရှာပေးနိုင်သည်အထိ ပိုင်ဆိုင်မှုများပြားလှပါသည်။ ဥပမာ များမှာ -

(၁)     ယူပီအယ်ဘီ၊ ဖိလစ်ပိုင်တက္ကသိုလ် (UPLB, The Philippines) သည် တစ်နိုင်ငံလုံး၌ ဟက်တာပေါင်း ၁၄,၆၆၅ ပိုင်ဆိုင်ပြီး မိခင်ပင်ရင်း နယ်မြေ လော့ဘားညိုးစ် (Los Banos)၌ပင် ၁၀၉၈-ဟက်တာ နှင့် မီကီလီသစ်တောဧရိယာ(Mekiling Forest Reserve)၄၃၄၇- ဟက်တာ ပိုင်ဆိုင်မှုရှိပါသည်။ အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန (International Rice Research Institute) ကိုပင်မြေငှား၍ နှစ်စဉ် ရန်ပုံငွေများစွာ ရရှိ နေပါသည်။

(၂)     ကာလီဖိုးနီးယားတက္ကသိုလ်၊ ဒေးဗစ်၊ အမေရိကန်နိုင်ငံ (University of California, Davis, US) သည် ၂၁၄၅-ဟက်တာ ပိုင်ဆိုင်ပါသည်။

(၃) မြောက်ကိုရိုလိုင်းနား စိုက်ပျိုးရေးနှင့်နည်းပညာ ပြည်နယ်တက္ကသိုလ်၊ အမေရိ ကန်နိုင်ငံ (North Carolina Agriculture and Technology State University, US) သည် ၁၀၉၂-ဟက်တာ ပိုင်ဆိုင်ပါသည်။

(၄) အထင်ကရတက္ကသိုလ်၊နိုင်ဂျီးရီးယား(Landmark University, Nigeria) သည်၁၀၅၉-ဟက်တာပိုင်ဆိုင်ပါသည်။ထိုပိုင်ဆိုင်မှုများက တက္ကသိုလ် ၏ သင်ကြားရေး၊ သုတေသနများအတွက် ရန်ပုံငွေများစွာ ရရှိစေပါသည်။

( ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပိုင်ဆိုင်မှု ၃၆၀-ဧက (၁၄၆-ဟက်တာခန့်) နှိုင်းယှဉ်ကြည့်ရန်ပါ)

(ဆက်ပါဦးမည်)

ဒေါက်တာမျိုးကြွယ်