စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၁၉) ၊ ကမ္ဘာ့အကောင်းဆုံး စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ စံသတ်မှတ်ခြင်း (အပိုင်း - ၂)

နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များတွင် သိပ္ပံဘွဲ့ (စိုက်ပျိုး မွေးမြူရေး) B.Sc. (Agriculture); B.Agr.Sc. ဘွဲ့တစ်ခုတည်း ပေးအပ်ခြင်းမဟုတ်ပါ။ စိုက်ပျိုးရေးနှင့်ဆက်စပ်ဘာသာရပ်များ ပေးအပ်သောဘွဲ့ များမှာ -
(၁) သိပ္ပံဘွဲ့ (စိုက်ပျိုးမွေးမြူရေး) B.Sc. (Agriculture); B.Agr.Sc. အပြင်-
(၂) သိပ္ပံဘွဲ့ (ဥယျာဉ်ခြံသီးနှံစိုက်ပျိုးထုတ်လုပ်ရေး) B.Sc. (Horticulture)
(၃) သိပ္ပံဘွဲ့ (သီးနှံသိပ္ပံ) B.Sc. (Crop Science)
(၄) သိပ္ပံဘွဲ့ (စားကျက်သိပ္ပံ) B.Sc. (Pasture Science)
(၅) သိပ္ပံဘွဲ့ (မြေဆီလွှာသိပ္ပံ) B.Sc. (Soil Science)
(၆) စိုက်ပျိုးရေးသိပ္ပံဘွဲ့ (ပတ်ဝန်းကျင်သိပ္ပံ) B.Agr.Sc. (Environmental Science)
(ရ) စိုက်ပျိုးရေးသိပ္ပံဘွဲ့ (တိရိစ္ဆာန်မွေးမြူရေးသိပ္ပံ) B.Agr.Sc. (Animal Science)
(၈) သိပ္ပံဘွဲ့ (ပိုးစာပင်စိုက်ပျိုးရေးနှင့်ပိုးမွေးမြူရေး) B.Sc. (Sericulture)
(၉) သိပ္ပံဘွဲ့ (သီးနှံသစ်တောရောနှောစိုက်ပျိုးရေး) B.Sc. (Agroforestry)
(၁၀) သိပ္ပံဘွဲ့ (အစားအစာအာဟာရဓာတ်နှင့်ကျန်းမာရေး) B.Sc. (Food Nutrition and Dietetics)
(၁၁) သိပ္ပံဘွဲ့ (စိုက်ပျိုးမွေးမြူထုတ်ကုန်များကူးသန်းရောင်းဝယ်ရေး) B.Sc. (Agribusiness)
(၁၂) သိပ္ပံဘွဲ့ (နို့နှင့်နို့ထွက်ပစ္စည်းဆိုင်ရာသိပ္ပံ) B.Sc. (Dairy Science)
(၁၃) သိပ္ပံဘွဲ့ (အစားအသောက်သိပ္ပံ) B.Sc. (Food Science)
(၁၄) သိပ္ပံဘွဲ့ (ဝိုင်ထုတ်လုပ်ခြင်းဆိုင်ရာသိပ္ပံ) B.Sc. (Wine Science)
(၁၅) သိပ္ပံဘွဲ့ (ပျားမွေးမြူရေး) B.Sc. (Apiculture)
(၁၆) သိပ္ပံဘွဲ့ (စပျစ်စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာသိပ္ပံ) B.Sc. (Viticulture)
(၁၇) သိပ္ပံဘွဲ့ (မြင်းမွေးမြူရေးနှင့်မြင်းနှင့်ဆိုင်သောအားကစားသိပ္ပံ) B.Sc. (Equine Science)
(၁၈) သိပ္ပံဘွဲ့ (သဘာဝအရင်းအမြစ်များစီမံခန့်ခွဲရေး) B.Sc. (Natural Resources Management)
(၁၉) နည်းပညာဘွဲ့ (စိုက်ပျိုးရေးအင်ဂျင်နီယာ) B.Tech. (Agricultural Engineering)
(၂၀) နည်းပညာဘွဲ့ (အစားအစာအင်ဂျင်နီယာ) B.Tech. (Food Engineering)
(၂၁) နည်းပညာဘွဲ့ (ပတ်ဝန်းကျင်ဆိုင်ရာအင်ဂျင်နီယာ) B.Tech. (Environmental Engineering)
(၂၂) နည်းပညာဘွဲ့ (ဇီဝနည်းပညာ) B.Tech. (Biotechnology)
(၂၃) နည်းပညာဘွဲ့ (ဇီဝဆိုင်ရာအချက်အလက်များ) B.Tech. (Bioinformatics)
(၂၄) နည်းပညာဘွဲ့ (စိုက်ပျိုးရေးဆိုင်ရာအချက်အလက်နည်းပညာ) B.Tech. (Agricultural Information Technology) စသည်ဖြင့် ဘွဲ့၊ ဒီဂရီ၊ ဘာသာရပ်များ များပြားလှပါသည်။
တစ်ချို့ စုပေါင်းဘာသာရပ်များ (Multidisciplinary/ Inter-disciplinary Subjects) အနေဖြင့် ဘွဲ့ပေးနေပါသည်။ဥပမာ-တိကျသော စိုက်ပျိုးမွေးမြူရေး(Precision Agriculture/ Farming)၊ အော်ဂဲနစ်စိုက်ပျိုး ရေး (Organic Agriculture)၊ ရာသီဥတု နှင့်လိုက်လျောညီထွေ ဖြစ်သော စိုက်ပျိုးမွေးမြူရေး (Climate-Smart Agriculture)၊ အချက်အလက်ဆိုင်ရာစိုက်ပျိုး ရေး (Data Science in Agriculture)၊ ဒစ်ဂျစ်တယ် စိုက် ပျိုးရေး (Digital Agriculture) စသည်ဖြင့် ခေတ်နှင့် လိုက်လျောညီထွေရှိသော စိုက်ပျိုးမွေးမြူရေးပညာများကို ဘွဲ့ဒီဂရီ များ ပေးလာပါသည်၊ ဤဘာသာရပ်များကို တက္ကသိုလ် ပထမဘွဲ့ (Bechelor Degree) အပြင် နိုင်ငံတော် လို အပ်ချက်နှင့် ကိုက်ညီ သော သုတေသနများ ပြုလုပ်အဖြေရှာကြရန် မဟာသိပ္ပံ (Master Degree – M.Sc.) ပါရဂူဘွဲ့ (Doctoral Degree – Ph.D.) များအထိ ပြုလုပ် ဆောင်ရွက်လျက် ရှိနေကြပါသည်။
တက္ကသိုလ်တွင် ၄-၅ နှစ်သင်ယူခဲ့ရသော ပညာများ၊ ဘာသာရပ်များသည် ခေတ်မီ ဆန်းသစ်နေရမည်ဖြစ်ပြီး ခေတ်နှင့် အညီ အလုပ်အကိုင် လိုအပ်ချက်နှင့်လည်း ကိုက်ညီနေရပါမည်။(Matching between Graduates and Employability) စင်္ကာပူနိုင်ငံရှိ တက္ကသိုလ် အများစုမှာသူတို့နိုင်ငံ/သူတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက် အထောက် အကူဖြစ် စေမည့် သင်ရိုးညွှန်းတန်း၊ သင်ခန်းစာအသစ်များကို နှစ်စဉ်လဲလှယ်သင်ကြားသည်ဟု သူတို့နိုင်ငံက ပါမောက္ခတစ်ဦးနှင့် ဆွေးနွေးဖြစ်ခဲ့ပါသည်။
နောက်တစ်ခါ ယနေ့ခေတ်နိုင်ငံတကာ နာမည်ကြီးတက္ကသိုလ် အများစုသည် နှစ်ဝက် သင်ရိုးသင် ခရက်ဒစ်ယူနစ်စနစ် (Semester-Credit Hour System)ကိုလက်ရှိအသုံးပြုလျက် ရှိနေပါသည်။
စိုက်ပျိုးရေးတက္ကသိုလ်များနှင့် အဆင့်မြင့်ပညာရေးတွင်ခရက်ဒစ်ယူနစ်စနစ် အသုံးပြုခြင်း အားသာချက်များ
စိုက်ပျိုးရေးတက္ကသိုလ်များအပါအဝင် အဆင့်မြင့်ပညာရေး သင်ကြား ပေးနေသော တက္ကသိုလ်၊ ကောလိပ်အသီးသီးတွင် ဘွဲ့ရ၊ ကျောင်းပြီးသွားပါက ယနေ့လိုအပ်နေသော စိုက်ပျိုး မွေးမြူရေးဆိုင်ရာ လုပ်ငန်းများ၌ အလုပ်အကိုင်ရရှိရေး (Job Market/ Employability)၊ ၂၁-ရာစု ခေတ်သစ်နှင့် အညီ အရည်အသွေးမြင့် ပညာရပ်များ သင်ကြားရေး (21st Century Quality Higher Education)၊ သင်ကြားနေသော ဘာသာရပ် အသီးသီး ကလည်း အကျိုးပြု ဘာသာရပ်များ ဖြစ်ပေါ်လာရေး (Effective and Efficient Subjects/ Courses) စသည်တို့သည် ခေတ်နှင့်အညီ အရေးပါလာသည်။
ထိုအခါ နိုင်ငံတကာ တက္ကသိုလ် အများစုတွင် လက်တွေ့ ကျင့်သုံးနေသော သင်ရိုးနာရီ အမှတ်ပေးစနစ် (Semester Credit-Hour System) ကို လေ့လာ၍ ဤစနစ်၏ ကောင်းမွန်သောအချက်များကို အတုယူနိုင်ပါသည်။
ဤစနစ်၏ အားသာချက်များမှာ -
(က) ပြောင်းလွယ် ပြင်လွယ်မှု (Flexibility) ရှိခြင်း
ကျောင်းသား၊ ကျောင်းသူများ အနေနှင့် ကျောင်းနေစဉ် ၄-နှစ် (သို့မဟုတ်) ၅-နှစ် အတွင်း (8-10 Semesters) သူတို့၏ စိတ်ဝင်စားမှု (Their Interest)၊ သူတို့၏ ဉာဏ်စွမ်းရည် (Their Intelligence and Abilities) စသည်ကိစ္စများ အပေါ်မူတည်၍ ဘာသာရပ်များစွာ ရွေးချယ်နိုင်စွမ်းရှိပါသည်။ မိမိတို့သင်ယူနေသည့် တက္ကသိုလ်ကမူ ဘာသာရပ်ပေါင်းစုံ သင် ကြားနေသော(Comprehensive University)တက္ကသိုလ်တော့ ဖြစ်ရပါမည်။
(ခ) တိုးယူ၊ လျှော့ပေါ့ (Acceleration or Deceleration) နိုင်စွမ်းရှိခြင်း
ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းအလိုက် မိမိဉာဏ်ရည် အပေါ် မူတည်၍ ဘာသာရပ်များစွာ တိုးမြင့်၊ လျှော့ပေါ့ သင်ယူနိုင်ပါသည်။ ဉာဏ် ကောင်းပါက တက္ကသိုလ်၏ ဘာသာရပ် လိုအပ်ချက်အရ ပြည့်မီသွားလျှင် နှစ်စောပြီး ဘွဲ့ရရှိသွားနိုင်ပါသည်။
(ဂ) ဘာသာရပ်များသင်ယူမှု ဆက်လက်မှတ်တမ်းတင် (Transferability) နိုင်စွမ်းရှိခြင်း
တက္ကသိုလ် တစ်ကျောင်းမှ တစ်ကျောင်းသို့ ပြောင်းရွှေ့ရာတွင် သင်ယူလေ့လာခဲ့သော ဘာသာရပ်၊ ခရက်ဒစ်သင်ရိုး နာရီများကို လက်ဆင့် ကမ်း သယ်ယူနိုင်စွမ်းရှိပါသည်။ ဤအချက်မှာ အခု မြန်မာနိုင်ငံ ပုဂ္ဂလိကတက္ကသိုလ် အချို့မှ အမေရိကန်၊ အင်္ဂလန် စသည် နိုင်ငံများ၏ တက္ကသိုလ်များသို့ ပြောင်းရွှေ့သင်ယူရာ၌ မြန်မာနိုင်ငံတွင် မိမိသင်ယူထားပြီးသော ဘာသာရပ်များကို နိုင်ငံရပ်ခြား တက္ကသိုလ်များက အသိအမှတ်ပြု၊ လက်ခံပေးခြင်းဖြင့် အချိန်ကုန်၊ ငွေကုန်ကျမှုကို များစွာလျှော့ချပေးနိုင်ပါသည်။
(ဃ) မိမိ ကြိုတင် သင်ယူခဲ့မှုများကို (Recognition of Prior Learning) အသိအမှတ်ပြု ပေးခြင်း
ဤစနစ်က ယခင်မိမိသင်ယူခဲ့ဘူးသော ဘာသာရပ်များ၊ သင်ခန်း စာများကို အသိအမှတ်ပြုပေးပါသည်။ ဥပမာ - အဆင့်မြင့်တတ်ကျွမ်းမှုစစ်ဆေးခြင်း (Advanced Placement Course - AP)၊ နိုင်ငံတကာဘွဲ့ကြိုဘာသာရပ်များ (International Baccalaureate Courses - IB)၊ အထက်တန်းကျောင်းတွင် ကောလိပ်အဆင့်ရှိ ဘာသာရပ်များ သင်ယူပြီးခဲ့ခြင်း (College-Level Courses taken during High School) စသည် တို့ဖြစ်ပါသည်။
(င) ဘွဲ့ရရှိရန်လိုအပ်ချက်များ (Graduation Requirements)
ဤစနစ်က ကျောင်းသား၊ ကျောင်းသူများ အတွက် လမ်းညွှန်ပေးပြီး သူကိုယ်တိုင် သင်ယူရမည့် အဓိကဘာသာ (Major Courses)၊ သာမန်ဘာသာ (Minor Courses)၊ အထွေထွေပညာရေး (General Education)၊ စိတ်ကြိုက်ဘာသာတွဲများ (Elective Courses) ကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ပါသည်။
(စ)တစ်ဦးချင်းရည်မှန်းထားသော ပညာရေးလမ်းကြောင်း(Individualized Learning Paths)
ကျောင်းသား၊ ကျောင်းသူများသည် လွတ်လပ်စွာ မိမိဝါသနာပါရာ ပညာရေးလမ်း ကြောင်းကို သတ်မှတ်ပြဌာန်းချက်ဘောင်အတွင်းမှ ရွေးချယ်နိုင်ခြင်းကြောင့် ဘာသာရပ် စုံလင်စွာ (Diverse Academic Disciplines) လေ့လာနိုင်ပြီး များပြားလှသော အထူးပြု ဘာသာခွဲများ (Interdisciplinary Areas of Study) အတွင်း စိတ်ကြိုက်ရွေးချယ် နိုင်ပါသည်။ ဥပမာ အနေနှင့် ပြောရလျှင် ၁၉၈၇-ခု ကျွန်တော် ဩစတေလျနိုင်ငံ ကွင်းစလန် တက္ကသိုလ် (The University of Queensland - UQ, Australia) တွင် မဟာ စိုက်ပျိုး ရေးသိပ္ပံ သင်တန်း တက်ရောက်နေစဉ်က ရူပဗေဒအထူးပြု ဘာသာ (Physics Major) သင်ကြားနေသော ကျောင်းသားတစ်ဦးမှ သာမန်ဘာသာ (Minor Subject) တစ်ဘာသာကို သမိုင်းကို သွားရောက်တွဲဖက်ယူပါသည်။ သူ့ကို မေးကြည့်ရာ ရူပဗေဒ ဘာသာ၏ သမိုင်းကြောင်း (History of Physics) ကို သုတေသနပြုလေ့လာလို၍ ဟုပြောပါသည်။ ကွင်းစလန်တက္ကသိုလ်မှာ လွန်ခဲ့သော နှစ်ပေါင်း ၄၀ လောက်ကတည်းက ဤစနစ် (Semester-Credit Hours System) ကို အသုံးပြုနေပါပြီ။ ကျွန်တော်တို့ နိုင်ငံတက္ကသိုလ်များတွင်တော့ ယနေ့အချိန်အထိ သိပ္ပံ နှင့် ဝိဇ္ဇာဘာသာများ တွဲဖက်ယူ၍ မရသေးဟု ထင်ပါသည်။
ကျွန်တော်သည်ပင် စိုက်ပျိုးရေး အထူးပြု ဘာသာရပ်များအပြင် ရုက္ခဗေဒဌာနမှ အပင်ဇီဝကမ္မဗေဒ (Plant Physiology) နှင့် ဆက်စပ်သောဘာသာ ရပ်များ၊ စာရင်းအင်း ပညာ ရှင်များ သင်ကြားပေးသော ဇီဝဆိုင်ရာစာရင်းအင်းပညာ (Biometrics) တို့ကို ကြီးကြပ် ဆရာနှင့်တိုင်ပင်၍ ကျွန်တော် ကြိုက် နှစ်သက်ရာ ဘာသာရပ်များကို တွဲဖက်သင်ယူခဲ့ရပါသည်။ ဆရာကြီး ဦးညွန့်ရွှေကလည်း မြေဆီလွှာသိပ္ပံပညာ (Soil Science) အတွက် လိုအပ် သော သာမန်ဘာသာ ဘူမိဗေဒ (Geology) ကို ကွင်းစလန်တက္ကသိုလ်ရှိ ဘူမိဗေဒ ဌာနကြီး တွင် သွားရောက်သင်ကြားနိုင်သော အခွင့်အရေးများ အားသာချက် ရှိပါသည်၊
ဥပမာ - ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် မြေဆီလွှာသိပ္ပံ (Soil Sciences) ဘာသာ ရပ်များနှင့် သက်ဆိုင်သော ဘူမိဗေဒ (Geology)၊ ပထဝီဝင် (Geography)၊ ပတ်ဝန်းကျင် ဆိုင်ရာ သိပ္ပံပညာ (Environmental Science)၊ ဇီဝဆိုင်ရာစာရင်းအင်းပညာ (Biometrics/ Biostatistics) စသည့် ဘာသာရပ်သင်ကြားပေးနိုင်သော ဌာနများစွာ လိုအပ်လျက် ရှိပါ သေးသည်။
ထို့အပြင် ယခု ၂၁-ရာစုနှစ် အတွက် လိုအပ်လျက်ရှိနေသော အဖွဲ့လိုက်စုပေါင်း ဆောင်ရွက်နိုင်မှုစွမ်းရည် (Teamwork/Collaboration Skill)၊ အတွေးအခေါ်/ ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည် (Critical Thinking/Problem Solving Skill)၊ တင်ပြနိုင်စွမ်းရည် (Presentation/Oral Communication Skill) သတင်းအချက်အလက်နှင့် နည်းပညာ စွမ်းရည် (ICT – Information and Communication Technology Skill)၊ ခေါင်းဆောင် နိုင်မှုစွမ်းရည် (Leadership Skill)၊ တီထွင်နိုင်စွမ်းရည် (Creativity/Innovation Skill)၊ ရာသက်ပန် သင်ယူနိုင်မှု (Lifelong Learning Skill)၊ သတင်း အချက်အလက် လေ့လာ ရေးပညာ (Journalism/Report Writing Skill)၊ ကိုယ်ကျင့်တရား/လူမှုဘဝတာဝန်ယူနိုင်မှုစွမ်းရည် (Professionalism/Ethics/Social Responsibility Skill) စသည်တို့ကို နိုင်ငံတကာတက္ကသိုလ်များကဲ့သို့ စိတ် ကြိုက် ဘာသာတွဲအဖြစ် သင်ယူ/သင်ကြား နိုင်စေရန် စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ တက္ကသိုလ်များတွင် ဤစနစ်ပုံစံ ကျင့်သုံးပေးနိုင်ပါက အနာဂတ် စိုက်ပျိုး၊ မွေးမြူရေးဘွဲ့ရကျောင်းသား၊ ကျောင်းသူများ အတွေးအခေါ် ရင့်ကျက်လာပြီး သက်ဆိုင်ရာ ဘာသာရပ်၊ နယ်ပယ်အသီးသီးတွင် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာနိုင်မည်ဟု မျှော်လင့်မိပါသည်။
(ဆက်ပါဦးမည်)
ဒေါက်တာမျိုးကြွယ်