စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၁၈)

(ယခင်အပတ်မှအဆက်)
တရုတ်နိုင်ငံရှိ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ
ကျွန်တော် စိုက်ပျိုးရေး တက္ကသိုလ်တွင် ရှိနေစဉ်က ၂၀၁၅-၁၆ -ခုနှစ် လောက်တွင် တရုတ်နိုင်ငံယူနန်ပြည်နယ် (Yunnan Province) ကူမင်းမြို့ရှိ ယူနန် စိုက်ပျိုး မွေးမြူရေးတက္ကသိုလ် (Yunnan Agricultural University) နှင့် ဆီချွန်ပြည်နယ် (Sichuan Province) ချမ်ဒူး (Chendu) မြို့ရှိ ဆီချွန်တက္ကသိုလ် (Sichuan University) သို့လေ့လာရေးခရီးသွားရောက်ခဲ့ရပါသည်။
တရုတ်နိုင်ငံ၌ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်ပေါင်း ၂၃ ကျောင်းနှင့် အသက် မွေးဝမ်းကျောင်းသင် စိုက်ပျိုးမွေးမြူရေး ကောလိပ်၊ သိပ္ပံပေါင်း ၄၀၀ ကျော်ရှိပါသည်။

(၁) ပထမဦးဆုံး မြို့တော် ဘီဂျင်း (Beijing) တွင် မြန်မာကျောင်းသား၊ ကျောင်းသူအများအပြား သင်ယူလျက်ရှိသည့် တရုတ်စိုက်ပျိုးရေးသိပ္ပံ အကယ်ဒမီ ဘွဲ့လွန်သင်တန်း ကျောင်း (Graduate School of Chinese Academy of Agricultural Sciences - GSCAAS) ကို လေ့လာရအောင်ပါ။
ဤဘွဲ့လွန် သင်တန်းကျောင်းကို ၁၉၅၇-ခုနှစ်တွင် စတင်တည် ထောင်ခဲ့ပြီး တရုတ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ရေးရာ ဆိုင်ရာ ဝန်ကြီးဌာန (Ministry of Agriculture and Rural Affairs) ၏ တိုက်ရိုက် ကြီးကြပ်မှု အောက်တွင်ရှိပြီး ဘာသာရပ်ပေါင်းစုံ သင်ကြား၊ သုတေသန (A Comprehensive National Agricultural Scientific Research Institution) ပြုလုပ်ပေးနေသော နာမည် ကြီး သုတေသန တက္ကသိုလ် ဖြစ်ပါသည်။ ဌာနကြီး ၁၀ ခု၊ တစ်နိုင်ငံလုံးရှိ သုတေသနဌာန ပေါင်း ၃၄ ခု နှင့် ဘွဲ့လွန် သင်တန်းကျောင်း (Graduate School) တို့ ပူးပေါင်းဖွဲ့စည်း ထားသော အဖွဲ့အစည်း ဖြစ်ပါသည်။ သုတေသန ပါမောက္ခပေါင်း ၁၁၄၂ ဦး အပါအဝင် စုစုပေါင်း သင်ကြားရေး၊ သုတေသနဝန်ထမ်းပေါင်း ၅၉၀၀ ကျော် ရှိပါသည်။ တစ်နိုင်ငံ လုံးရှိ ပြည်နယ် ၂၇ခု (27-Provinces) တွင် စိုက်ပျိုး၊ မွေးမြူရေး ဆိုင်ရာ သုတေသနဌာန (106-Scientific Research Bases) ပေါင်း ၁၀၆ ခုတွင် မြေဧရိယာပေါင်း ၆၄၆၇-ဟက်တာ (၁၆၀၀၀-ဧကကျော်) တွင် ပြုလုပ်နေလျက်ရှိပါသည်။
(ဒီအချိန်တွင် ကျွန်တော့်စိတ်ကူးထဲ ပေါ်လာနေသည်မှာ နိုင်ငံတ ကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များအကြောင်းရေးရင်း ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ်ပဲဖြစ်ဖြစ် လူစွမ်းအားအရင်းအမြစ် (Human Resources) နှင့် မြေဧရိယာ (Land Areas) တွေက ကျွန် တော် တို့ ဆီက စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်တွေထက် ၁၀ ဆ မှ အဆ ၁၀၀ ကျော် အထိ များပြားနေသည်ကို နှိုင်းယှဉ်၍ရနိုင်ပါသည်။ နောက်ကွာခြားချက်တစ်ခုက သူတို့ တက္ကသိုလ်များက စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်၊ ငါးပုစွန်နည်းပညာ၊ အင်ဂျင်နီယာ၊ စီးပွားရေး၊ ခရီးသွားလုပ်ငန်း ဘာသာရပ်အားလုံး တက္ကသိုလ် တစ်ကျောင်း ထဲအောက် တစ်စုတစ်စည်းတည်း ရှိပါသည်။ ကျွန်တော်တို့နိုင်ငံက ဝန်ကြီးဌာန ပေါင်းစုံ အောက်တကွဲတပြားစီဖြစ်ပြီး လူချင်းရင်းနှီးသော်လည်း လက်တွေ့အတူတကွလုပ် ဆောင်ရန် အလွန်ခက်ခဲပါသည်။)
ဤ တရုတ်စိုက်ပျိုးရေးသိပ္ပံ အကယ်ဒမီရှိ ဘွဲ့လွန်သင်တန်းကို ၁၉၇၉-ခုနှစ်တွင် စတင်ခဲ့ပြီး တရုတ်အစိုးရပညာသင်ဆု (Chinese Government Scholarships) များစွာပေးကာ ပါရဂူဘွဲ့ ကျမ်းကြီးကြပ်သူ ၇၁၀ ဦး၊ မဟာဘွဲ့ကျမ်းကြီးကြပ်သူ ၁၂၉၄ ဦး က ဘာသာရပ်ပေါင်း ၁၈၀ ကျော်ကို သင်ကြား၊ သုတေသနပြုလျက်ရှိပါသည်။

ဘာသာရပ်၊ ဘာသာခွဲများမှာ စိုက်ပျိုးမွေးမြူရေး (Agriculture)၊ သဘာဝ သိပ္ပံ (Natural Sciences)၊ အင်ဂျင်နီယာ ပညာ (Engineering) နှင့် စီမံခန့်ခွဲမှုပညာ (Management) တို့ဖြစ်ပါသည်။ ဥပမာ - စိုက်ပျိုးမွေးမြူရေး (Academic Field - Agriculture) အောက်ကနေ သီးနှံသိပ္ပံ ဘာသာခွဲ (Pri-mary Disciplines– Crop Sciences) ထိုမှ အပင်မျိုးမွေးမြူရေးနှင့် ဗီဇပညာ ဘာသာစိတ် (Secondary Disciplines/Programs/Majors– Crop Genetics and Breeding) အထိ အသေး စိတ်ခွဲခြားသွားပါသည်။ ၂၀၂၂-ခုနှစ်တွင် ၅၇ နိုင်ငံမှ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူ ၅၂၃ဦး အပါအဝင် ပြည်တွင်း/ပြည်ပ ဘွဲ့လွန် (မဟာသိပ္ပံနှင့်ပါရဂူ) ကျောင်းသူ၊ ကျောင်းသား ၅၀၀၀ ကျော် သင်ယူ၊ သုတေသန ပြုလျက်ရှိနေပါသည်။
(၂) နောက်တစ်ကျောင်းက ယူနန်စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (Yunnan Agricultural University) ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံ နယ်စပ် ယူနန် ပြည်နယ် ကူမင်းမြို့ (Kunming)တွင်ရှိပါသည်၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် နှစ်ဖက်သဘောတူ စာချွန်လွှာ (Memorandum of Understanding – MOU) ထိုးထားသဖြင့် ထိုတက္ကသိုလ်တွင်လည်း မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ယူလျက် ရှိနေပါသည်။
တက္ကသိုလ်နှစ်ခု သဘောတူစာချုပ်ကို ကျွန်တော်နှင့်ပါမောက္ခ ဒေါက်တာကျော်ငွေ ၂၀၁၇-ခုနှစ်က သွားရောက်လက်မှတ်ထိုးခဲ့ရပါသည်။ ကျောင်းသား၊ ကျောင်းသူ ပေါင်း ၂၀၀၀၀ ကျော်ရှိပြီး ပါမောက္ခ ၁၇၃ ဦး အပါအဝင် ဆရာ၊ ဆရာမ ဝန်ထမ်းပေါင်း ၁၄၀၀ ကျော်ရှိပါသည်။ နယ်မြေ (Campus) ၄ ခု ရှိပြီး မြေဧရိယာ ၈၀၀ ဧက ကျော်ရှိပါသည်။ တက္ကသိုလ် ကို ၁၉၃၈-ခုနှစ်တွင် စိုက်ပျိုးရေးကောလိပ် (Agricultural College) အနေ နှင့်ဖွင့်လှစ်ခဲ့ပြီး ၁၉၅၈-ခုနှစ်တွင် ပြည်နယ်အုပ်ချုပ်မှုအောက် ကူမင်း စိုက်ပျိုး မွေးမြူရေး နှင့်သစ်တောကောလိပ် (Kunming Agricultural and Forestry College) ဖြစ်လာကာ ၁၉၇၁-ခုနှစ်တွင်မှ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် ဖြစ်လာပါသည်၊
စိုက်ပျိုးမွေးမြူရေး (Agriculture)ဟူ၍သာ အမည်တပ်ထားသော် လည်း သစ်တော (Forestry)၊ စီးပွားရေးနှင့်စီမံခန့်ခွဲရေး (Economics and Management)၊ ဆေးပညာ (Medicine)၊ သိပ္ပံနှင့်အင်ဂျင်နီယာ (Science and Engineering)၊ ဥပဒေနှင့် ဒဿနိက ဗေဒ (Law and Philosophy)၊ ဝိဇ္ဇာနှင့်ရသစာပေ (Arts and Literature) နောက်ဆုံး တရုတ်ဘာသာစကား (Chinese Language) က ဘာသာစုံသင်ကြားပေးပါသည်။ စိုက်ပျိုးရေးနှင့်
ဆက်စပ်နေသော ဘာသာများ သင်ကြားပေးနေသော ကောလိပ်များမှာ-
(က) လယ်ယာသီးနှံနှင့်ဇီဝနည်းပညာကောလိပ် (College of Agriculture and Biotechnology)
ကောလိပ်ပေါင်းစုံ တက္ကသိုလ်တစ်ခုတည်းရှိခြင်း၏ အားသာချက်မှာ လယ်ယာသီးနှံ ကောလိပ်၏အောက်တွင် တရုတ်ဆေးဖက်ဝင်အပင်များဌာန (Department of Chinese Medicinal Herbs and Plant Science) ရှိ တရုတ်တိုင်းရင်းဆေးများကို ဆေးပညာကောလိပ်အောက်ရှိ ကုသရေးဌာနများနှင့် ပူးပေါင်းပြီး လူနာများ ကို လက်တွေ့ကုသပေးနေသည်မှာ အလွန် အားကျဖွယ် ကောင်းလှပါသည်။
(ခ) မွေးမြူရေးနှင့် နည်းပညာ ကောလိပ် (College of Animal Science and Technology)
(ဂ) အပင်ကာကွယ်ရေးဆိုင်ရာ ပညာရပ်များကောလိပ် (College of Plant Protection)
(ဃ) ဆေးရွက်ကြီးသိပ္ပံကောလိပ် (College of Tobacco Science)
(င) သဘာဝအရင်းအမြစ်များနှင့်ပတ်ဝန်းကျင်သိပ္ပံကောလိပ် (College of Natural Resources and Environmental Science)
(စ) အစားအစာသိပ္ပံနှင့် နည်းပညာကောလိပ် (College of Food Science and Technology)
(ဆ) ရေအရင်းအမြစ်နှင့် ဖိအားဆိုင်ရာအင်ဂျင်နီယာကောလိပ် (College of Water Resources and Hydraulic Engineering)
(ဇ) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာကောလိပ် (College of Mechanical and Electrical Engineering)
(ဈ) အခြေခံသိပ္ပံနှင့် ဆက်သွယ်ရေးဆိုင်ရာနည်းပညာကောလိပ် (College of Natural Sciences and Information Technology) (မြန်မာနိုင်ငံစိုက်ပျိုးမွေးမြူရေးတက္ကသိုလ် များတွင် မရှိသေးပါ)
(ည) ဥယျာဉ်ခြံသီးနှံနှင့် မြေယာအလှပြုပြင်ရေး ကောလိပ် (College of Horticulture and Landscape)
(ဋ) စီးပွားရေးနှင့်စီမံခန့်ခွဲမှုကောလိပ် (College of Business and Management)
(ဌ) မာတ်ဝါဒကောလိပ် (College of Marxism)
(ဍ) လူမှုဗေဒနှင့်လူမှုရေးသိပ္ပံကောလိပ် (College of Humanities and Social Sciences)
(ဎ) နိုင်ငံခြားဘာသာသင်ကောလိပ် (College of Foreign Languages)
(ဏ) အားကစားဆိုင်ရာပညာရေးကောလိပ် (College of Physical Education)
(တ)ဗိသုကာပညာအင်ဂျင်နီယာကောလိပ် (College of Architectural Engineering)
(ထ)အသက်မွေးဝမ်းကျောင်းပညာနှင့် စဉ်ဆက်မပြတ်ပညာရေးကောလိပ် (College of Vocational and Continuing Education) စသည်တို့ဖြစ်ပါသည်။ (မြန်မာနိုင်ငံစိုက်ပျိုး မွေးမြူရေးတက္ကသိုလ်များတွင် မရှိသေးပါ)
တရုတ်နိုင်ငံတက္ကသိုလ်များတွင် အပြည်ပြည်ဆိုင်ရာဆက်သွယ်မှုကို ၁၉၇၈ခုနှစ်လောက်တွင် တံခါးဖွင့်ဝါဒ (Open door policy)နှင့်အတူ ကျင့်သုံးလာပါသည်။ ၁၉၉၀ နောက်ပိုင်းလောက်တွင် တရုတ်နိုင်ငံ တက္က သိုလ်များ၌ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ပုံနှိပ်စာအုပ်များပြဌာန်းစာအုပ်များ(Text Book) တိုက်ရိုက်အသုံးပြု၍ဖြစ်စေ (သို့မဟုတ်) တရုတ်ဘာသာသို့ ဘာသာပြန်ကြား၍ဖြစ်စေ အသုံးပြုလာပါသည်။ နိုင်ငံ တကာရှိ ဘာသာရပ်ပေါင်းစုံမှ ဧည့်ပါမောက္ခများ၊ ကျွမ်းကျင်ပညာရှင်များ သိပ္ပံပညာ ရှင်များကိုလည်း တရုတ်က္ကသိုလ်များသို့ ဖိတ်ကြား၍ သင်ကြားရေးကိစ္စများ၊ သုတေ သနကိစ္စများကို မြောက်မြားစွာ ပူးတွဲလုပ်ဆောင်လာသည်ကို တွေ့မြင်ရပါသည်။ ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၌ တက္ကသိုလ်၊ ကောလိပ် စုစု ပေါင်း ၂၇၅၆ ခု ရှိပြီး ကျောင်းသား/သူ စုစုပေါင်း သန်း ၂၀ - ကျော် ပညာသင်ကြားလျက်ရှိသည်ကို တွေ့မြင်နိုင်ပါသည်။
၂၀၂၂-ခုနှစ် ကမ္ဘာ့တက္ကသိုလ်အဆင့်တွင်လည်း အကောင်းဆုံး၊ အတော်ဆုံး တက္ကသိုလ် ၁၀၀ အတွင်း၌ ဆင်ဝှာတက္ကသိုလ် (Tsinghua University) အဆင့်(၁၇)၊ ပီကင်း တက္ကသိုလ် (Peking University) အဆင့်(၁၈)၊ ဟောင်ကောင်တက္ကသိုလ် (The University of Hong Kong) အဆင့် (၂၂)၊ ဖူဒါန်တက္ကသိုလ် (Fudan University) အဆင့် (၃၁)၊ ဟောင်ကောင်သိပ္ပံနှင့်နည်းပညာတက္ကသိုလ် (The Hong Kong University of Science and Technology) အဆင့် (၃၄)၊ ဟောင်ကောင်တရုတ်တက္ကသိုလ် (The Chinese University of Hong Kong) အဆင့် (၃၉)၊ ဇီကျန်းတက္ကသိုလ် (Zhezing University) အဆင့်(၄၅)၊ ရှန်ဟိုင်းကျိုတောင်း တက္ကသိုလ် (Shanghai Tiao Tong University) အဆင့်(၅၀)၊ ဟောင်ကောင်မြို့တော် တက္ကသိုလ် (City University of Hong Kong) အဆင့် (၅၃)၊ ဟောင်ကောင်ပိုလီတက္ကသိုလ် (The Hong Kong Polytechnic University) အဆင့် (၆၆) နှင့် ပိုဟန်း သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (Pohang University of Science and Technology) အဆင့်(၈၁) စသည်ဖြင့် ကမ္ဘာ့အတော်ဆုံး၊ အကောင်းဆုံး တက္ကသိုလ် (၁၀၀)အတွင်း တရုတ်ပြည်မကြီးမှ တက္ကသိုလ် ၆ ခု၊ ဟောင် ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တက္ကသိုလ် ၅ ခု၊ တောင်ကိုရီးယားနိုင်ငံမှ တက္ကသိုလ် ၅ ခု၊ စင်္ကာပူနိုင်ငံမှ တက္ကသိုလ် ၂ ခု၊ မလေးရှားနိုင်ငံမှ တက္က သိုလ် ၁ ခု ပါဝင် သည်ကို တွေ့ရှိရပါသည်။ (မှီငြမ်း-QS World University Ranking 2022)
ထိုထိပ်တန်းရောက် တက္ကသိုလ်အားလုံးနီးပါးသည် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ တက္ကသိုလ်များ (Autonomy University)ဖြစ်ကြပါသည်။ ပါမောက္ခချုပ် (Rector, Vice-Chancellor, University President) နှင့် တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့၊ ကောင်စီ (University Council, Senate, Board of Governors, Steering Committee) တို့က အပြန်အလှန် ထိန်း ကြောင်းပေးရင်း မိမိတက္ကသိုလ်က ပြုလုပ်နေသော သုတေသနများမှ ကမ္ဘာသူ၊ ကမ္ဘာသားများ အကျိုးရှိမှု၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု များများ လုပ်နိုင် လေ လေ၊ ကမ္ဘာ့ထိပ်တန်းဝင် နိုဘယ်ဆုရရှိသူများများ မွေးထုတ်ပေးနိုင်လေလေ၊ မိမိ တက္က သိုလ်ထွက် ဘွဲ့ရများက သင်ကြားပေး လိုက်သော ဘာသာရပ်များနှင့် ကိုက်ညီသော အလုပ်အကိုင်များများ ရနိုင်လေလေ၊ နိုင်ငံတကာမှ တက္ကသိုလ်အချင်းချင်း ပါမောက္ခ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်း သူများ အပြန်အလှန် များများသွားနိုင်လေလေ မိမိတက္ကသိုလ် နာမည် ဂုဏ်သတင်း (Reputation) မွှေးလေလေ ဖြစ်ပါသည်၊
ကျွန်တော်တို့နိုင်ငံအတွက်အတုယူစရာများ (Lessons Learned)
(၁) တရုတ်နိုင်ငံ တက္ကသိုလ်များနှင့် နိုင်ငံတော်တော်များများရှိ တက္ကသိုလ်များ တွင် မြို့တော်များ တွင်သာမက တိုင်းရင်းသားများရှိရာ ပြည်နယ်များ ဖွံဖြိုးတိုးတက်ရေးကို အားပေးနေသော ဘက်စုံသင်တက္ကသိုလ်များ (Compre-hensive Universities) ရှိသလို ကျွန်တော်တို့နိုင်ငံ တိုင်းရင်းသားညီအစ်ကို မောင်နှမများနေထိုင်သောပြည်နယ်များတွင် ဘာသာရပ်ပေါင်းစုံ သင်ကြားပေးသင့်ပါသည်၊ တက္ကသိုလ် အသစ်ထပ်မံဆောက် လုပ်ရန် မလိုဘဲ ရှိပြီးသား တက္ကသိုလ်များထဲမှ အသင့်တော်ဆုံး၊သက်တမ်းရင့်တက္ကသိုလ် တစ်ကျောင်း ကျောင်းတွင် ဆေးပညာ၊ သူနာပြုပညာကအစ စိုက်ပျိုးရေးပညာအဆုံး သင် ကြားပေးသင့်ပါသည်။ ကျွန်တော်တို့၏အခက်အခဲတစ်ခုမှာ၁၉၉၃-ခုနှစ်လောက်က စတင်လိုက်သော ဝန်ကြီးဌာနအသီးသီးက တက္ကသိုလ်များကို စီမံကွပ်ကဲနေကြသဖြင့် (Centralized Management System) ဖြစ်နေကာ ၁၉၆၂-ခုနှစ် မတိုင်ခင်က နာမည်ကြီး ရန်ကုန်တက္ကသိုလ် (Reputable and Flagship University) ဘဝသို့ ပြန်ရောက်အောင်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတက္ကသိုလ်များ (Autonomous Universities) ဘဝပြန်ရောက်အောင် (တစ်နည်းအားဖြင့် ဗဟိုလ်ချုပ်ကိုင်မှုလျော့နည်းသောစနစ် (Decentrali-zation Systems) အပါအဝင် သင့်တော်သော မူဝါဒများ ချမှတ်သင့်ပါသည်။
(၂) တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းကျောင်း (Graduate Schools) သီးသန့်ရှိပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘာသာရပ် အသီးသီး၏ သုတေသနများကို တက္ကသိုလ်များရှိ ဘွဲ့လွန်သင်တန်းကျောင်းများမှ သီးသန့်ပါမောက္ခများ (Specialized Professors)၊ သီးသန့် သုတေသနပညာရှင်များ (Specialized Research Scientists) ၏ကြီးကြပ်မှုအောက်တွင်ရှိသော မဟာဘွဲ့ (M.A./M.Sc.)၊ ပါရဂူဘွဲ့ (Ph.D.) ကျောင်းသား/ကျောင်းသူများ၏ သုတေသနများက ဦးဆောင်အဖြေရှာ ဖော်ထုတ်လျက်ရှိနေပါသည်။ မြန်မာ နိုင်ငံတက္ကသိုလ်များမှလည်း ထိုတက္ကသိုလ်များကဲ့သို့ အတုယူရင်း အကောင် အထည်ဖော်ဆောင်ရွက်သင့်ပါသည်။
ကျွန်တော်၏ ဆောင်းပါးကလေးများက အမိနိုင်ငံတော် ဖွံ့ဖြိုးတိုး တက်ရေးအတွက် အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ အထောက်အကူ ဖြစ်စေပါ က ကြည်နူးပီတိဖြစ်ရပါသည်။ အနာဂတ်လူငယ် စိုက်ပျိုးမွေးမြူရေးပညာရှင်များ၏ တီထွင်ဆန်းသစ်မှု အတွေးအခေါ် (Creative and Innovative Ideas) ဖြင့် ကမ္ဘာ့အလယ်တွင် အမိနိုင်ငံတော် ဂုဏ်သတင်း ဆောင်နိုင်ရန် ဆောင် ရွက်နိုင်ကြပါစေဟူ၍ ဆုတောင်း မေတ္တာပို့သလိုက်ရပါ သည်။
ဒေါက်တာမျိုးကြွယ်