သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကိုထိန်းသိမ်းဖို့ အပင်နှင့်တိရစ္ဆာန် တွဲဖက်စိုက်ပျိုးမွေးမြူကြပါစို့

ကျွန်ုပ်တို့နေထိုင်ရာကမ္ဘာကြီး၌ သက်ရှိသက်မဲ့အရာအားလုံးသည် တစ်ဦးနှင့်တစ်ဦး အပြန် အလှန်အကျိုးပြုရင်း မှီတင်းနေထိုင်လျက်ရှိကြပါသည်။ ယခုအခါတွင် လူသားတို့၏ နေထိုင်မှုစနစ် များကြောင့် သဘာဝဂေဟစနစ်များအပေါ် အကျိုးသက်ရောက်မှုများရှိ၍ တစ်စတစ်စ ချို့ယွင်းလာရသည်ကို တွေ့ရှိရပါသည်။ သဘာဝဂေဟစနစ်ချို့ယွင်းလာမှုသည် လူသားတို့အပေါ်တွင်သာမက သက်ရှိသက်မဲ့အရာအားလုံးကိုပါ ထိခိုက်နစ်နာစေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လုပ်ဆောင်ရ မည့်ကဏ္ဍအလိုက် သဘာဝဂေဟစနစ်ကို ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်လျက်ရှိပါသည်။
ကမ္ဘာကြီးပူနွေးလာခြင်းသည် လေထုထဲရှိ ဖန်လုံအိမ်အာနိသင်ကို သက်ရောက်မှုဖြစ်စေသော ဓာတ်ငွေ့မြင့်တတ်လာခြင်းကြောင့်ဖြစ်ပါသည်။ အဆိုပါဓာတ်ငွေ့များ ပမာဏများလာလျင် ကမ္ဘာ့အပူချိန်မြင့်တက်လာရုံမျှမက အဆမတန်မြင့်မားလာသော အပူချိန်ကြောင့် အပူလိုင်းများဖြစ်ကာ လူသားတို့ဦး နှောက်သွေးကြောပြတ်ခြင်း၊ အပူရှပ်ခြင်း၊ သက်ကြီးရွယ်အိုများ အပူဒဏ်ကြောင့်သေဆုံးခြင်း၊ အပူချိန်မြင့်၍ သီးနှံများစိုက်ပျိုး၍မရခြင်း၊ မြေအောက်ရေများကျဆင်းလာကာ ရေရှားပါးလာခြင်း၊ မိုးခေါင်ခြင်း၊ အက်စစ်မိုးများရွာ၍ သီးနှံများပျက်စီးခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်မြင့်မားလာမှုကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ခြင်း၊ ပင်လယ်မှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူမှုများလာသောအခါ ပင်လယ်ရေတွင် အယ်ကာလိုင်းဓာတ် (အငန်ဓာတ်) ပိုလာသဖြင့် ရေနေသက်ရှိများ (ငါးအပါအဝင် ရေညှိရေမှော်များ) ပျက်စီးကာမျိုးသုန်းခြင်း၊ အပူချိန်မြင့်၍ ရေခဲတောင်များ၊ ရေခဲမြစ်များ အရည်ပျော်ကျခြင်းကြောင့် ပင်လယ်ရေမြင့်တက်လာကာ ရေကြီးရေလျှံခြင်း၊ ကလိုရိုဖလူရိုကာဗွန်ဓာတ်ငွေ့များသည် အိုဇုန်းလွှာကို ပျက်စီးစေကာ အိုဇုန်းလွှာပါးလာသောကြောင့် အရေပြားကင်ဆာများ၊ မျက်စိတိမ်စွဲခြင်းများဖြစ်လာခြင်းစသောဆိုးကျိုးများစွာကို အကျိုးဆက် ဖြစ်စေပါသည်။

ဖန်လုံအိမ်ဓာတ်ငွေ့များစွာရှိသည့်အနက်မှ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း၊ နိုက်ထရိုက် အောက်ဆိုဒ်တို့ကို တိုင်းတာခြင်းသည် ကမ္ဘာကြီးပူနွေးလာမှုအလားအလာရှိမှုကို ဖော်ပြသော သိသာထင်ရှားသော နည်းလမ်းများဖြစ်ပါသည်။ မီသိန်းဓာတ်ငွေ့သည် အရေးကြီးသော ဖန်လုံအိမ်ဓာတ်ငွေ့ ဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထက် (infrared absorption capacity) ၂၅ ဆ ပို၍ရှိနေပါသည်။ လွန်ခဲ့သောဆယ်စုနှစ်အတွင်း လေထုထဲတွင် မီသိန်းဓာတ်ငွေ့ပြင်းအား ၁ ဒသမ ၅၀ ppm မှ ၁ ဒသမ ၇၂ ppm ထိတိုးတက်လာပြီး ကမ္ဘာကြီးပူနွေးလာမှုအပေါ် ၅% အထိ သက်ရောက်သည်ကို လေ့လာ ဆန်းစစ်ချက် အစီရင်ခံစာများအရ သိရှိရပါသည်။
ထို့အပြင် မွေးမြူရေးတိရစ္ဆာန်များမှထွက်ရှိသော မစင်များသည် မီသိန်းဓာတ်ငွေ့ထွက်ရှိခြင်း၏ အဓိက အရင်းအမြစ်တစ်ခုဖြစ်ကြောင်းကိုလည်း သုတေသနစာတမ်းများအရ တွေ့ရှိရပါသည်။ မီသိန်းဓာတ်ငွေ့သည် ကမ္ဘာကြီးပူနွေးလာမှုနှင့် အိုဇုန်းလွှာပျက်စီးမှုအတွက် အဓိကအရေးပါသော ဓာတ်ငွေ့ဖြစ်လာပြီး တစ်နှစ်လျင် ၁ ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် မွေးမြူရေးတိရစ္ဆာန်များမှ ထွက်ရှိသောမစင်များကို Biogas အဖြစ် ထုတ်လုပ်လာကြပါသည်။ ထိုသို့ ထုတ်လုပ်ခြင်းသည် သဘာဝဂေဟစနစ်အတွက် အကျိုးရှိရုံသာမက စီးပွားရေးအရလည်း တွက်ခြေကိုက်စေပါသည်။
ထို့အပြင် စပါးစိုက်ခင်းထဲမှ မီသိန်းဓာတ်ငွေ့ထုတ်လုပ်ခြင်းပမာဏသည် လေထုထဲတွင် ထုတ်လုပ်သော မီသိန်းဓာတ်ငွေ့ပမာဏ၏ ၁၀ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်း အထိရှိပါသည်။ ထို့ကြောင့် သုတေသနပညာရှင်များသည် ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ်များအနက်မည်သည့် စနစ်သည် ကမ္ဘာကြီးပူနွေးလာမှုကိုဖြစ်စေသော မီသိန်းဓာတ်ငွေ့ ထုတ်လုပ်ခြင်းကို လျော့နည်းစေရန် အလားအလာရှိသည်ကို သိရှိနိုင်ရန်အတွက် နည်းလမ်းကောင်းများကိုရှာဖွေဖော်ထုတ်လျက်ရှိသည်။
ထိုကဲ့သို့သောနည်းလမ်းကောင်းများထဲတွင် စပါးနှင့်ဘဲ တွဲဖက်၍ ဘက်စုံစိုက်ပျိုးမွေးမြူခြင်းသည် စီးပွားရေးအရသော်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ကိုသော်လည်းကောင်း၊ ဂေဟစနစ်ကိုလည်းကောင်း များစွာအကျိုးကျေးဇူးရှိစေသည်ကို သုတေသနစာတမ်းများအရ တွေ့ရှိရပါသည်။ ထို့အပြင် စပါးနှင့်ဘဲ တွဲဖက်၍ ဘက်စုံစိုက်ပျိုးမွေးမြူခြင်းနည်းစနစ်ကို အာရှနိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဗီယက်နမ် အစရှိသည့်နိုင်ငံများတွင် များစွာအသုံးပြုလျက် ရှိသည်ကို တွေ့ရှိရပါသည်။
စပါးနှင့်ဘဲ တွဲဖက်၍ ဘက်စုံစိုက်ပျိုးမွေးမြူခြင်းတွင်ဘဲများသည် ၎င်တို့၏ သဘာဝအမူအကျင့်များအတိုင်း စပါးခင်းထဲတွင် လွတ်လပ်စွာနေထိုင်နိုင်ပြီး ကြိုက်နှစ်သက်ရာ အစာအာဟာရများကို စပါးစိုက်ခင်းထဲတွင် ရှာဖွေစားသောက်နိုင်သည်ကို တွေ့ရှိရပါသည်။ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများ၌ စပါးစိုက်ခင်းထဲတွင် ဘဲထည့်မွေးမြူခြင်းဖြင့် ခရုကဲ့သို့သော စပါးကိုဖျက်ဆီးနိုင်သည့် ပိုးမွှားများအန္တရာယ်ကို ကာကွယ်နိုင်သည်ကို တွေ့ရှိရပါသည်။ စပါး-ဘဲ တွဲဖက်၍ ဘက်စုံစိုက်ပျိုးမွေးမြူပါက ရောဂါကို( ၆၃ ဒသမ ၈ ရာ နှုန်း)၊ ပိုးမွှားကို (၇၆ ဒသမ ၁ ရာနှုန်း) နှင့် ပေါင်းပင်များကို (၈၅ ဒသမ ၂ ရာနှုန်း) အထိ ပိုမိုကာကွယ် နိုင်ကြောင်းကို သုတေသနစာတမ်းများအရ တွေ့ရှိရပါသည်။ စပါးနှင့်ဘဲ တွဲဖက်၍ ဘက်စုံစိုက်ပျိုးမွေးမြူခြင်းစနစ်တွင် ဘဲများ၏ စပါးခင်းထဲတွင် လွတ်လပ်စွာ သွားလာမှုရလဒ်အနေဖြင့် ပျော်ဝင် အောက်ဆီဂျင်ပြင်းအား(Dissolved Oxygen Concentration) တိုးတက်လာခြင်းတို့ကြောင့် မီသိန်း ဓာတ်ငွေ့ထုတ်လုပ်ခြင်းပမာဏသည် ကျဆင်းလာသည်ကိုလည်း သုတေသနစာတမ်းများအရ တွေ့ရှိရပါသည်။
ဘဲများကို စပါးခင်းထဲတွင်မွေးမြူခြင်းဖြင့် ပေါင်းပင်များ၊ စပါးကိုဖျက်ဆီးမည့်ခရု၊ပိုးမွှားများနှင့် အပင်ရောဂါဖြစ်ပွားမှုကို လျှော့ချစေနိုင်ခြင်း၊ မြေဆီလွှာဂုဏ်သတ္တိ ကောင်းမွန်လာခြင်းနှင့် စပါးအထွက်နှုန်းတိုးတက်လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေပါသည်။ ထို့ကြောင့် စပါးစိုက်ပျိုးရေး အခန်းကဏ္ဍတွင် အကျိုးအမြတ်များစွာရရှိသကဲ့သို့ မွေးမြူရေးအခန်းကဏ္ဍတွင်လည်း အကျိုးအမြတ် များစွာရရှိစေရုံသာမက သဘာဝဂေဟစနစ်ကိုပါ ထိန်းသိမ်းရာရောက်သော အပင်နှင့်တိရစ္ဆာန် တွဲဖက်မွေးမြူရေးစနစ်ကို တိုးချဲ့ဆောင် ရွက်သင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။
ဇူး-သီ(မွေး/သု)