ဗီယက်နမ်ရေထွက်ပစ္စည်းထုတ်လုပ်တင်ပို့မှု အောင်မြင်ခြင်း၏ သော့ချက်များ

ဗီယက်နမ်ရေထွက်ပစ္စည်းထုတ်လုပ်တင်ပို့မှု အောင်မြင်ခြင်း၏ သော့ချက်များ

seafood

ဗီယက်နမ်နိုင်ငံသည် တောင်တရုတ်ပင်လယ်၏ အနောက်ဘက်ခြမ်းတွင်တည်ရှိပြီး အကျယ်အဝန်းဧရိယာ ၃၃၁,၀၀၀ ကီလိုမီတာခန့်ရှိကာ ၁၁,၄၀၉ ကီလိုမီတာခန့် ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းကို ပိုင် ဆိုင်ထားသည်။ ဗီယက်နမ်၏ သီး သန့် စီးပွားရေးဇုန်သည် ကီလိုမီတာ ၂၃၇,၈၀၀ ဝန်းကျင်ရှိပြီး ကမ်းလွန်ပင်လယ်ပြင်တွင် ပြန့်ကျဲနေသော ကျွန်းများနှင့်ကျွန်းငယ်ပေါင်း ၄၀၀၀ ကျော်ရှိသည်။ နိုင်ငံတွင် မြစ်နီအပါအဝင် မြစ်ချောင်းပေါင်း ၂၃၇၀ ခန့် ရှိပြီး မြစ်ဝှမ်းဧရိယာ ဟက်တာ ၁ ဒသမ ၉ သန်းခန့်နှင့် မဲခေါင်မြစ်ဝှမ်း ဟက်တာ ၄ ဒသမ ၁ သန်းခန့် ရှိသည်။

ရေထွက်ပစ္စည်းထုတ်လုပ်မှုသည် ဗီယက်နမ်အတွက် စားနပ်ရိက္ခာဖူလုံရေး၊ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး၊ ရေရှည်တည်တံ့သော အသက် မွေးဝမ်းကျောင်းမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကျေးလက်ဒေသ အလုပ်အကိုင်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိကအရေးကြီးသော ကဏ္ဍတစ်ခုအဖြစ်ရပ်တည်နေကြောင်း တွေ့ရသည်။ ၂၀၂၁ ခုနှစ်တွင် ငါးဖမ်းလုပ်ငန်းမှာ ပြည် တွင်း အသားတင်ထုတ်ကုန်တန်ဖိုး GDP ၏ ၃ ဒသမ ၁၈ ရာနှုန်း ပါဝင်ပြီး လူတစ်ဦးချင်းစားသုံးရန်ရရှိနိုင်သောပမာဏမှာ ၂၀ ဒသမ ၅  kg/capita ဖြစ်သည်။ ကမ်းရိုးတန်း၊ ကုန်းတွင်း၊ ကမ်းလွန်တို့မှ   သဘာဝအတိုင်းဖမ်းဆီးခြင်းလုပ်ငန်းအနေ ဖြင့် ၄၇ ရာနှုန်းနှင့်  ရေငန်၊ ရေချိုနှင့် ရေချို/ရေငန်စပ်မှ ရေထွက်ပစ္စည်းမွေးမြူခြင်းလုပ်ငန်းတို့  မှ ၅၃ ရာ နှုန်းအထိအသီးသီးထုတ်လုပ်
ကြောင်းတွေ့ရသည်။

၂၀၂၄ ခုနှစ်တွင် ရေထွက်ပစ္စည်းတင်ပို့မှုအတွက် စိန်ခေါ်မှုများ ပိုမိုရှိလာမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ငါးလုပ်ငန်းဦးစီးဌာန အထွေထွေညွှန်ကြားရေးမှူး Tran Dinh Luan က ပြောကြားခဲ့သည်။ လက်ရှိအခတ်အခဲများတွင် ရေထွက် ကုန်များ၏ ခြေရာခံနိုင်မှု  (Traceability of Products) မှစ၍ တရားမဝင်ထုတ်ယူဖမ်းဆီးမှုကို တိုက်ဖျက်ခြင်းနှင့် ငါးဖမ်းသင်္ဘောများနှင့် ငါးဖမ်းဆိပ်ကမ်းများတွင် စားနပ်ရိက္ခာဘေးကင်းမှု သေချာမှုရှိစေခြင်းတို့လည်း ပါဝင်သည် ဟုဆိုသည်။ ထို့အပြင်၊ ဥရောပနှင့် အမေရိကန်သို့ တင်ပို့သည့် ရေထွက် ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းစဉ်အတွင်း သဘာဝပတ်ဝန်းကျင် ဘေးကင်းစေရန်အတွက်သက်ရှိတိရစ္ဆာန် သက်သာချောင်ချိရေးနှင့် ကာဗွန်လက်မှတ်ကဲ့သို့သော အခြားသော အတားအဆီးများစွာနှင့်လည်း ရင် ဆိုင် ကြုံတွေ့နေရသည်ဟုဆိုသည်။

သို့ဖြစ်၍ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်အတွက် ရေထွက်ပစ္စည်းတင်ပို့မှုတန်ဖိုးကို ယခင်မျှော်မှန်း ထားသည့် ကန်ဒေါ်လာ ၁၀ ဘီလီယံမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံသို့ လျှော့ချခဲ့ကြောင်းတွေ့ရသည်။ ရေထွက်ပစ္စည်း ထုတ်လုပ်မှုကဏ္ဍသည် ယခုနှစ်တွင် ရေထွက် ပစ္စည်း မွေးမြူရေး ဧရိယာ ဟက်တာ ၁ ဒသမ ၃ သန်းမှ ရေထွက်ပစ္စည်း တန်ချိန် ၉ ဒသမ ၂၂ သန်း ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။ ဗီ ယက်နမ်နိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာန ၏ အဆိုအရ ၂၀၂၃ ခုနှစ်တွင် ရေထွက်ပစ္စည်းတင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၉ ဒသမ ၂ ဘီလီယံ သို့မဟုတ် မျှော်မှန်ထားသည့် ပမာဏ၏ ၉၂ ရာနှုန်းသို့ရောက်ရှိရန် ခန့်မှန်းထားပြီး ယခင် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက  ၈ ရာနှုန်း ကျဆင်းသွားသည်ဟုသိရသည်။

ယခုနှစ် ရေထွက်ပစ္စည်းပို့ကုန်တန်ဖိုးတွင် ပုစွန်တင်ပို့မှုမှ ကန်ဒေါ်လာ ၃ ဒသမ ၄၅ ဘီလီယံခန့်၊ Tra ငါး (ငါးတန်အုပ်စုဝင်) တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ၊ တူနာငါးမှ ကန်ဒေါ်လာ သန်း ၉၀၀ နှင့် ခရုကမာအမျိုးမျိုးမှ ကန်ဒေါ်လာ သန်း ၈၀၀ ခန့်တို့ ဖြစ်သည်။၂၀၂၃ ခုနှစ်တွင် စုစုပေါင်း ရေထွက်ပစ္စည်းတင်ပို့မှု တန်ချိန် ၉ ဒသမ ၀၅ သန်း၊ ခန့်မှန်းခြေအားဖြင့် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂ ရာနှုန်း တိုးလာပါသည်။ သဘာဝမှ ထုတ်ယူသည့် ရေထွက်ပစ္စည်းသည် တန်ချိန် ၃ ဒသမ ၆၈ သန်းအထိ ရှိခဲ့ပြီး ၂၀၂၂ နှင့်ပမာဏတူညီနေပြီး ရေထွက် ပစ္စည်း မွေးမြူထုတ်လုပ်မှုမှာ တန်ချိန် ၅ ဒသမ ၄ သန်းကျော်ရှိပြီး ယခင် ၂၀၂၂ ခုနှစ်ဖြင့် နှိုင်းယှဉ်ပါက ၃ ဒသမ ၅ ရာနှုန်းတိုးလာကြောင်းသိရသည်။ 

ကမ္ဘာ့စီးပွားရေးသည် တဖြည်း ဖြည်း ပြန်လည်နလန်ထူလာနေစဉ် အချို့သော ရေထွက်ပစ္စည်းသွင်းအားစုဈေးနှုန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်များမှာ မြင့်မားနေခြင်းကြောင့် အဆိုပါစိန် ခေါ်မှုများသည် ဗီယက်နမ်ကို ထိ ခိုက်စေခဲ့ပြီး ၂၀၂၃ နှစ်တွင် ရေထွက် ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းအတွက် အခက်အခဲဖြစ်စေခဲ့သည်။

တစ်ချိန်တည်းမှာပင် ဥရောပကော်မရှင်သည် ဗီယက်နမ်၏ ရေ ထွက်ပစ္စည်းများအတွက် အဝါကတ်သတိပေးချက်ထုတ်ပြန်ထားခြင်း Yellow Card Warning ကိုဆက် လက်ထားရှိခြင်းကြောင့် ၂၀၂၄ ခုနှစ်တွင် ရေထွက်ပစ္စည်း ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများ ပိုမိုခက်ခဲလာမည်ဟုဆိုသည်။ သဘာဝပတ်ဝန်းကျင် စောင့်ကြည့် ရေးဆိုင်ရာ စံနှုန်းများနှင့်စည်းမျဉ်းစည်းကမ်းများ ဆောင်ရွက်နိုင်မှုတွင် လိုအပ်ချက်များရှိနေခြင်းနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်မှုနှင့်ဆိုင်သော အခြေခံအဆောက်အအုံ မလုံ လောက်ခြင်း စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ရေ ထွက်ပစ္စည်းတင်ပို့မှုဝင်ငွေသည် ၂၀၂၃  ခုနှစ်တွင် ကျဆင်းသွားခဲ့ကြောင်း Tran Dinh Luan က ပြောကြားခဲ့သည်။ ရေထွက်ပစ္စည်းများထိရောက်စွာ ဖမ်းဆီးနိုင်မှုမှာ နိမ့်
ကျနေဆဲဖြစ်သည်။ 

စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူ Vuong Thi Oanh က ရေလုပ်ငန်း ပြန်လည် နလံထူလာသည့် လက္ခဏာများ ပြ သနေသော်လည်း ၂၀၂၄ ခုနှစ် တွင် အခက်အခဲများစွာရှိနေဆဲဖြစ် ကြောင်း ပြောသည်။ အထူးသဖြင့် တရုတ်၊ အမေရိကန်၊ ဥရောပနှင့် ဂျပန်ဈေးကွက်တို့သည် နှစ်ကုန်ပိုင်းနှင့် နှစ်သစ်ကူး ပွဲတော်စားသောက်ပွဲလိုအပ်ချက်များအတွက် သိုလှောင်ထားရှိမှုလျော့ပါးနေချိန်တွင် ၂၀၂၃ ခုနှစ်၏ နောက်ဆုံးလများမှစ၍ ပြန် လည်ကောင်းမွန်လာမည်ဟု မျှော် လင့်ရပြီး ဗီယက်နမ်သည် အဆိုပါစျေးကွက်များသို့ အလားအလာရှိသောရေထွက်ပစ္စည်းတင်ပို့သူလည်း ဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနှင့် တရုတ်တို့ကဲ့သို့ ပြိုင် ဘက်များနှင့် ပြိုင်ဆိုင်မှုများလည်း တိုးလာနေသည်ဟုဆိုသည်။

သို့ရာတွင်   ဗီယက်နမ်နိုင်ငံ၏ ရေထွက်ပစ္စည်းတင်ပို့မှုသည် မကြာသေးမီနှစ်များအတွင်းက ထူးထူး ခြားခြား အောင်မြင်မှု ရရှိခဲ့ပြီးကမ္ဘာ့ထိပ်တန်းဦးဆောင်နိုင်ငံအဖြစ်ရောက်ရှိလာခဲ့သည်ကိုတွေ့ရသည်။

အဆိုပါ အောင်မြင်မှုအတွက် အ ထောက်အကူဖြစ်စေသော အဓိကအကြောင်းအရာအချို့မှာ ထုတ်ကုန်အရည် အသွေးနှင့်ဘေးကင်းရေး အတွက် ဗီယက်နမ်ရေထွက်ပစ္စည်း တင်ပို့ရောင်းချသူများ သည် Global G.A.P.၊ Aquaculture Stewardship Council- ASC နှင့် HACCP ကဲ့သို့သော တင်းကြပ်သော နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များရရှိနိုင်အောင် နိုင်ငံတကာအရည်အသွေးနှင့် ဘေးကင်းရေးစံနှုန်းများကို တိ ကျစွာလိုက်နာခြင်းအားဖြင့် ထုတ် ကုန် အရည်အသွေးနှင့် အစားအစာဘေးကင်းလုံခြုံမှုကို အာမခံမှုပေးနိုင် အောင်ဆောင်ရွက်ခြင်း၊ ခေတ်မီပြုပြင်စီမံခြင်းနှင့်ထုပ်ပိုးခြင်းဆိုင်ရာ အခြေခံလိုအပ်ချက်များတွင် ရင်းနှီး မြှုပ်နှံမှုအနေဖြင့်အခြေခံအဆောက် အအုံနှင့် နည်းပညာကိုအဆင့်မြှင့်တင်ခြင်းဖြင့် ပိုမိုကောင်းမွန်သောသန့်ရှင်းမှု၊ ထိရောက် သော စီမံခန့်ခွဲမှုနှင့် ထုတ်ကုန်များ၏ သိုလှောင်နိုင်မှုသက်တမ်းပိုမိုတိုးမြှင့်နိုင်ခြင်းတို့ဖြင့် ထုတ်ကုန်များ၏အရည် အသွေးနှင့် စျေးကွက်တိုးချဲ့နိုင်မှုကို မြှင့်တင်ပေးခြင်းလည်းပါဝင်သည်။ 

ထုတ်လုပ်မှုနှင့်ယှဉ်ပြိုင်နိုင်စွမ်း အားကောင်းလာစေရန် ဗီယက်နမ်သည်ရေရှည်တည်တံ့သော ရေထွက် ပစ္စည်းထုတ်လုပ်မှု အလေ့အကျင့်များကိုအာရုံစိုက်ပြီး  သဘာဝပတ် ဝန်းကျင်ရေရှည်တည်တံ့မှုနှင့် သယံ ဇာတ ထိန်းသိမ်းမှု သေချာစေရန်ဆောင်ရွက်ခြင်း၊ကုန်ကျစရိတ်လျော့ချခြင်းနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှုကို အားကောင်းစေရန်  ထိရောက်သော ထုတ်လုပ်မှုနည်းလမ်း များနှင့် ကျွမ်းကျင်လုပ်သားများအသုံးပြုခြင်းဖြင့် ကမ္ဘာ့ဈေးကွက်တွင် စျေးနှုန်းယှဉ်ပြိုင်နိုင်မှုကို ထိန်း သိမ်းထားသည်။ရေထွက်ကုန် ပစ္စည်း အမျိုးအစားစုံလင်စွာထုတ် လုပ်ခြင်းတွင် ငါးတန်ကဲ့သို့သော အစဉ်အလာအရ ထုတ်လုပ်သော ရေထွက်ပစ္စည်းများထက် ပုစွန်၊ တူနာနှင့် ကကတစ် တို့ကဲ့သို့ ဈေးကွက်ဝင်တန်ဖိုးမြင့် ရေထွက်ပစ္စည်းများ ပါဝင်စေရန်ချဲ့ထွင်ခြင်းသည် မတူကွဲပြားသော စားသုံးသူများ စိတ် ကြိုက်ရွေးချယ်နိုင်ရန်နှင့် ပို့ကုန်ဝင် ငွေတိုးစေသည့်အကြောင်းဖြစ်သည်ဟုသိရသည်။ 

စျေးကွက်ရရှိရေးနှင့် အရောင်းမြှင့်တင်ရေးဆောင်ရွက်ချက် အနေ ဖြင့် ခိုင်မာသောဆက်ဆံရေး တည် ဆောက်ခြင်းအတွက် လုပ်ဆောင်ရာတွင် ကုန်သွယ်မှု မိတ်ဖက်များထူထောင်ခြင်းနှင့်စျေးကွက်အလိုက် သီခြားလိုအပ်ချက်များကိုဖြည့် ဆည်း ဆောင်ရွက်ပေးခြင်းသည် ယုံကြည်မှုကိုတိုးပွားစေကာ ကုန်သွယ်မှုလွယ်ကူချောမွေ့စေပြီး ပို့ကုန်လုပ်ငန်းစဉ်များကို  အားဖြည့် ပေးသည်။ နိုင်ငံတကာကုန်စည်ပြပွဲများနှင့် အခမ်းအနားများတွင် တက်ကြွစွာပါဝင်ခင်းကျင်းပြသဆောင် ရွက်ခြင်းဖြင့် ဗီယက်နမ်နိုင်ငံ၏ ရေထွက်ကုန်အမှတ်တံဆိပ်များကို နိုင်ငံတကာစျေးကွက်များတွင် စိတ်ဝင် စားမှုပိုမိုရရှိစေရန် တည်ဆောက်ခြင်းသည်လည်း ဝယ်လက်အသစ်များကို ဆွဲဆောင်နိုင်ပြီး ဈေးကွက်ချဲ့ထွင်ရန် အတွက် အထောက်အကူဖြစ်စေခဲ့သည်။ 

ယေဘုယျအားဖြင့် ဗီယက်နမ်ရေထွက်ပစ္စည်းထုတ်လုပ်တင်ပို့မှုသည် အောင်မြင်များရရှိနေသော် လည်း  စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသဖြင့် အချို့ဝယ်လက်နိုင်ငံများတွင် တင်းကျပ်သောသွင်းကုန်စည်း မျဉ်းများတိုးတက်ပြောင်းလဲနေသောစည်းမျဉ်းများနှင့် အရည်အ သွေး စံနှုန်းများကို အဆက်မပြတ်လိုက်လျောညီထွေနေရန်ဆောင် ရွက် ဖြည့်ဆည်းပေးရန် အရေးကြီးပါသည်။ ထို့အပြင် အခြားအရှေ့ တောင် အာရှနိုင်ငံများမှ ယှဉ်ပြိုင်မှုများရှိနေ၍ ဆန်းသစ် တီထွင်မှုနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များမှတစ်ဆင့် ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းထားရန်သည်လည်း အရေးကြီးသည် ကိုတွေ့ရသည်။ အလားတူ ရာသီဥတုပြောင်းလဲမှုနှင့်သဘာဝပတ်ဝန်း ကျင်ဆိုင်ရာကိစ္စရပ်များနှင့် ညီညွတ်စေရန် ရေရှည်တည်တံ့သော အလေ့ အကျင့်ကောင်းများကို အကောင်အ ထည်ဖော်ခြင်းနှင့် ပြောင်းလဲနေသော ပတ်ဝန်းကျင် အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ခြင်းသည်ရေရှည်အောင် မြင်မှုအတွက် အရေးကြီးသည့်အချက်များဖြစ်သည်ဟုဆိုသည်။ အဆိုပါစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းပြီး ၎င်း၏ အားသာချက်များကိုအရင်းအနှီးပြုခြင်းဖြင့် ဗီယက်နမ် ရေထွက်ပစ္စည်းတင်ပို့သည့်လုပ်ငန်းသည် ကမ္ဘာ့ထိပ်တန်းတင်ပို့သူအဖြစ် ၎င်းတို့၏ တည်ရှိနေမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်စေပြီး ရေထွက်ပစ္စည်းလုပ်ငန်းအတွက် စိတ်ချမှုရရှိစေနိုင်မည်ဖြစ်သည်။

ဗီယက်နမ်နိုင်ငံ၏ ရေထွက်ပစ္စည်းထုတ်လုပ်မှုူအပေါ်အခြားသက် ရောက်စေသည့်အချက်များဖြစ်သည့် အစိုးရ၏ပံ့ပိုးမှုအထောက်အပံ့များဖြစ်သည့် ရေထွက်ပစ္စည်းထုတ် လုပ်မှုဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ပေးသည့် အစိုးရမူဝါဒများ၊ အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်းနှင့် စျေးကွက်ဝင်ရောက်နိုင်မှုတို့သည်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်ဟုဆိုသည်။ ရေ ထွက်ပစ္စည်း ထုတ်လုပ်မှုကဏ္ဍတွင် ကျွမ်းကျင်လုပ်သားအင်အားများ တိုးတက်စေရန်အတွက်လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်း နှီးမြုပ်နှံခြင်းသည် လုပ်ငန်းလိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အရည်အချင်းပြည့်မီသော လုပ်သားအင်အားရရှိနိုင်မှုတို့ကို သေချာမှုရှိစေသည့်အချက် ဖြစ်သည်။ 

မည်သို့ပင်ဖြစ်စေ ဗီယက်နမ်နိုင်ငံသည် ၁၉၈၆ ခုနှစ်တွင် စတင်ခဲ့သော စီမံကိန်းစီးပွားရေးစနစ်မှ ဈေးကွက် စီးပွားရေးစနစ်သို့ ကူးပြောင်းခဲ့သည့် စီးပွားရေးပြုပြင်ပြောင်းလဲမှု၏ အသီးအပွင့်များအဖြစ် ၂၀၀၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ပြည်တွင်းအသား တင် ထုတ်ကုန်တန်ဖိုး ၃ ဒသမ ၆ ဆ တိုးတက်ခဲ့ပြီး တစ်ဦးချင်းဝင်ငွေ ကန်ဒေါ်လာ ၃၇၀၀ ထိရောက်ရှိလာခဲ့၍ ဆင်းရဲနွမ်းပါးမှုနှုန်း ထက်ဝက်လျော့ကျသွားသည်ကိုတွေ့ရသည်။ လွန်ခဲ့သည့် နှစ်အနည်း ငယ်အတွင်း ဗီယက်နမ်သည် နိုင်ငံတကာရှိစီး ပွားရေးလုပ်ငန်းများစွာအတွက် သွားရောက်ရင်းနှီးမြှုပ်နှံရမည့်နေ ရာတစ်ခုအဖြစ်ပေါ်ထွက်လာခဲ့သည်။ ကုန်ကျစရိတ်များမြင့်တက်ခြင်းနှင့် နိုင်ငံများစွာ၏ ရှုပ်ထွေးသော စီမံခန့်ခွဲမှု ပတ်ဝန်းကျင်ကိုရှောင်ရှားရန်အတွက် ကမ္ဘာ့ကုမ္ပဏီအများအပြားသည် ၎င်းတို့၏ စီးပွား ရေးလုပ်ငန်းများကို ဗီယက်နမ်သို့ ပြောင်းရွှေ့နေရာချထားလာခြင်းနှင့်အတူ  ဗီယက်နမ်နိုင်ငံ၏ တက်ကြွမှုရှင်သန်မှုရှိနေသည့် ရေထွက်ပစ္စည်းထုတ်လုပ်မှုတန်ဖိုးကွင်းဆက်တစ်လျှောက် အားကောင်းဖွံ့ဖြိုးလာခြင်းလည်း တစ်ပြိုင်တည်းဖြစ်ပေါ် လာခဲ့ကာ   Economic Complexity Index (ECI) အရ ဗီယက်နမ် ပို့ကုန်သည် ကမ္ဘာပေါ်တွင် ၂၁ ခုမြောက် အကြီးဆုံးပို့ကုန် စီးပွားရေးဖြစ်ပြီး ၈၃ ခုမြောက် ကျစ်လျစ်ခိုင် မာမှုရှိသောစီးပွားရေး ဖြစ်လာခဲ့ပြီး နိုင်ငံ၏ အပေါင်းလက္ခဏာဆောင်သောကုန်သွယ်မှုမျှခြေ  Positive Trade Balance မှတ်တမ်းများရရှိနိုင်ခဲ့ခြင်းအတွက် အထောက်အပံ့တစ်ရပ်ဖြစ်သည်ဟုဆိုနိုင်ပါ ကြောင်း တင်ပြလိုက်ရပါသည်။

ကျော်သူနိုင်

ကိုးကား
http://www.seafdec.org
https://seafood.vasep.com.vn
https://gemini.google.com
https://www.gfebusiness.org