လေ့ကျင့်ရေးသင်တန်းကျောင်းမှသည် သက်မွေးပညာသိပ္ပံဆီသို့

လေ့ကျင့်ရေးသင်တန်းကျောင်းမှသည် သက်မွေးပညာသိပ္ပံဆီသို့

တိုက်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်တည်ရှိပြီး အင်ဒို-ပစိဖိတ် ဒေသ၏ အချက်အချာနေရာတစ်ခုလည်း ဖြစ်ပါသည်။ နိုင်ငံအတွင်း  မြောက်မှတောင်သို့ သွယ်တန်း နေသည့် ရခိုင်ရိုးမ၊ ပဲခူးရိုးမ၊ ချင်းတောင်တန်းနှင့် တနင်္သာရီတောင် တန်းတို့အပြင် ရှမ်းကုန်းပြင်မြင့် ဟူ၍ တောင်ကုန်းတောင်တန်းဒေသများ တည်ရှိပါသည်။ ယင်းတောင် တန်းတို့နှင့်အပြိုင် ဧရာဝတီ၊ ချင်း တွင်း၊ စစ်တောင်းနှင့် သံလွင်မြစ်ဟူသော ရေချိုမြစ်ကြီးများကလည်း မြောက်မှတောင်သို့ စီးဆင်းလျက်ရှိရာ ရေချိုအရင်းအမြစ်ပေါများသော နိုင်ငံတစ်ခုလည်း ဖြစ်ပါသည်။ နိုင်ငံ၏အလယ်တွင် မြေဆီဩဇာ ကောင်းမွန်သည့် မြေပြန့်လွင်ပြင်များရှိပြီး တောင်ဘက်စွန်းတွင် မြစ်ကြီးများက သယ် ဆောင်လာသည့် နုန်းမြေများကို ပို့ချရာမှ ဖြစ်ပေါ်လာသော အလွန်မြေဩဇာကောင်းမွန်သည့်  မြစ်ဝကျွန်းပေါ် လွင်ပြင်ကြီး တည်ရှိနေပါသည်။ ရေချိုမြစ်ကြီးများနှင့် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်းတိုက်ခတ်လာသည့် အနောက်တောင်မုတ်သုံလေကြောင့် ရရှိသည့် မိုးရေကို အမှီပြုပြီး ယင်းမြေပြန့်လွင်ပြင်များတွင် စိုက်ပျိုးရေးအခြေခံဖြင့် နိုင်ငံတော်တည်ထောင်လာခဲ့ကြပါသည်။ 

ထို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံတစ်ခု ဖြစ်ပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင်နေထိုင်ကြ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကအသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်လျှက်ရှိကြပါသည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက် ၃ ရပ်တွင် “တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဟူသည့် ဦးတည်ချက်တစ်ရပ်ကိုလည်း ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်။ 

စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများသည် မြေကိုအခြေခံ၍ ဆောင်ရွက်ကြရသည့် လုပ်ငန်းများ ဖြစ်ရာ ယင်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သော မြေယာအုပ်ချုပ်မှုစနစ်နှင့် မြေယာစီမံခန့်ခွဲမှုစနစ်တစ်ရပ်ရှိရန် လိုအပ်ပါသည်။ ယနေ့ နိုင်ငံတော်တွင် ယေဘူယျအားဖြင့် မြေယာအုပ်ချုပ်ရေးနှင့် မြေယာစီမံခန့်ခွဲရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေသော ဝန်ကြီးဌာန ၃ ခု ရှိပါသည်။ ယင်းတို့မှာ ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန တို့ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မြို့မြေ၊ ရွာမြေ၊ စားကျက်မြေ၊ သာသနာမြေ အစရှိသည့် စိုက်ပျိုးခြင်းမပြုနိုင်သော မြေများကို စီမံခန့်ခွဲလျက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီတို့ကို ဦးဆောင်ဖွဲ့စည်း၍ လယ်ယာမြေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို စီမံခန့်ခွဲလျက်ရှိပါသည်။ သယံ ဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် နိုင်ငံတစ်ဝှမ်းရှိ သစ်တောမြေများကို စီမံခန့်ခွဲလျက်ရှိပါသည်။ 

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနသည် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းကော်မတီများ၏ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ပြီး လယ်ယာမြေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲရေးလုပ်ငန်းများကို စီမံခန့်ခွဲရာတွင် ဥပဒေနှင့် အညီ ပါဝင်ဆောင်ရွက်လျှက်ရှိပါသည်။ ထို့အပြင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနသည် တစ်နိုင်ငံလုံး ၏ မြေအသုံးချမှုစာရင်းအင်းနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုစာရင်းများကိုလည်း ကောက်ယူပြုစု ထိန်းသိမ်းထုတ်ပြန်ရသည့် ဌာနတစ်ခုလည်း ဖြစ်ပါသည်။ 

ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနသည် လယ်ယာမြေနှင့်မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို စီမံခန့်ခွဲရာ၌လည်းကောင်း၊ မြေယာမှတ်တမ်းများကို ပြုစုထိန်းသိမ်းထုတ်ပြန်ရာ၌ လည်းကောင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုစာရင်းများ ကောက်ယူပြုစုထုတ်ပြန်ရာ၌လည်းကောင်း၊ အသေး စိတ် တိုင်းတာထားရှိသည့် ကွက်စိတ်မြေပုံများကို အခြေခံဆောင်ရွက်လျက်ရှိရာ ဌာနဝန်ထမ်း များအနေဖြင့် မြေယာစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေယာနှင့်သက်ဆိုင်သည့် ဥပဒေများကို ကျွမ်းကျင်နားလည်ရန်လိုအပ်သကဲ့သို့ မြေတိုင်းတာ၍ မြေပုံရေးဆွဲထုတ်လုပ်ခြင်း အတတ်ပညာ များကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်ပါသည်။ ထို့ကြောင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများအား မြေယာစီမံခန့်ခွဲမှုလုပ် ငန်းများတွင် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပါဝင်ဆောင်ရွက်နိုင်စေရန်၊ မြေတိုင်းတာ၍ မြေပုံများရေးဆွဲ ထုတ်လုပ်တတ်စေရန်နှင့် ဌာန၏လုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ “ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာ ပေးရေးသင်တန်းကျောင်း” ကို ဖွင့်လှစ်ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ 

ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တာခွကျေးရွာအုပ်စု၊ ကွင်းအမှတ် ၇၀၃၊ တိုက်ကြီးတောင်ကွင်း၊ ရန်ကုန်-ပြည် ကားလမ်းမကြီး၏ မိုင်တိုင်အမှတ်-၄၅ တွင်တည်ရှိပြီး အကျယ်အဝန်းမှာ ၁၀၅.၁၆ ဧက ဖြစ် သည်။ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းကို ၁၉၉၅ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက တည်ထောင်ဖွင့်လှစ်ခွင့်ပြုခဲ့ပါသည်။ ထို့ကြောင့် ၁၈.၉.၁၉၉၅ ရက်တွင် မိထ္ထီလာမြို့၊ စက်မှု လယ်ယာသင်တန်းကျောင်း၌ လုပ်ငန်းခွင်မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်း အမှတ်စဉ်-၁ ကို ဖွင့်လှစ်ခဲ့ပြီး အမှတ်စဉ်-၂ မှ ၆ အထိကို ပျဉ်းမနားမြို့၊ ရေဆင်းစိုက်ပျိုးရေးသုတေသနတွင် ဆက်လက်ဖွင့်လှစ်ခဲ့ပါသည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ ၁၉၉၇ ခုနှစ်တွင် စိုက်ပျိုးရေး စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးအထက်တန်းကျောင်း၊ တိုက်ကြီးမြို့ကို လွှဲပြောင်းရရှိခဲ့သဖြင့် ယခုကဲ့သို့ လေ့ကျင့်ရေး သင်တန်းကျောင်းတစ်ခုအဖြစ် တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ယင်းသင် တန်းကျောင်းမှ ဖွင့်လှစ်သင်ကြားပေးနေသော သင်တန်းများမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)    ပုံမှန်သင်တန်းများ
         (၁)    ဦးစီးအရာရှိမြေတိုင်းသင်တန်း ( ၄၈ ပတ်)
         (၂)    တန်းမြင့်မြေတိုင်းတာခြင်းနှင့်မြေစာရင်းသင်တန်း ( ၂၂ ပတ်)
         (၃)    လုပ်ငန်းခွင်မြေတိုင်းတာခြင်းနှင့်မြေစာရင်းသင်တန်း (၂၂ ပတ်)

( ခ)    လုပ်ငန်းလိုအပ်ချက်အရ ဖွင့်လှစ်သည့်သင်တန်းများ
        (၁)    လုပ်ငန်းခွင်မြေတိုင်းတာခြင်းနှင့် မြေစာရင်းမွမ်းမံသင်တန်း
        (၂)    ရုံးဝန်ထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်း
        (၃)    အခြေခံကွန်ပျူတာသင်တန်းနှင့် GPS Short Course
        (၄)    လက်ထောက်ညွှန်ကြားရေးမှူးများ လုပ်ငန်းစွမ်းရည်မြှင့်သင်တန်း
        (၅)     မြို့နယ်ဦးစီးဌာနမှူး လုပ်ငန်းစွမ်းရည်မြှင့်သင်တန်း
        (၆)    ဒုတိယဦးစီးမှူးများ လုပ်ငန်းစွမ်းရည်မြှင့်မွမ်းမံသင်တန်း
        (၇)    အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း
        (၈)    Workshop on Settlement Activities, One of DALMS’ Functions 
        (၉)    Training Course on Town Land Survey
        (၁၀)    Training Course on Aerial Photo Survey and Mapping using Drone

        (၁၁)  Training Course on Basic GIS and Database 

 ပုံမှန်သင်တန်းများတွင် အောက်ပါဘာသာရပ်များကို သင်ကြားပေးလျက်ရှိပါသည်။

    (၁)Basic Survey (PT Survey)
    (၂) Advance Survey (Theodolite Survey)
    (၃)Total Station နှင့် RTK – GPS များဖြင့် မြေတိုင်းတာခြင်း
    (၄)Basic Computer Course
    (၅)Computerize Mapping
    (၆)GIS and Crop Database
    (၇) Basic Statistics 
    (၈) Leadership and Management 
    (၉) မြေစာရင်းဘာသာရပ်
    (၁၀) ဌာနလုပ်ငန်းများနှင့် ဆက်စပ်သည့်ဥပဒေများ
    (၁၁) ဝန်ထမ်းရေးရာနှင့် ငွေစာရင်းဘာသာရပ်
    (၁၂) ပြည်သူ့ဆက်ဆံရေးဘာသာရပ်

 သင်တန်းကျောင်းတည်ထောင်ဖွင့်လှစ်သည့် ၁၉၉၅ ခုနှစ်မှ ယနေ့အထိ အထက်ဖော်ပြပါ သင်တန်းများတွင် အရာထမ်း၊ အမှုထမ်း သင်တန်း သားဦးရေ(၁၉၈၅၅)ဦးအား လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့ပြီး သင်တန်းဆင်းအောင်လက်မှတ် (Certificate) ပေးအပ်ချီးမြှင့်နိုင်ခဲ့ပါသည်။ သင်တန်း ကျောင်းမှ သင်ကြားပေးသည့် သင်ခန်းစာများနှင့် သင်တန်းကာလများသည် ဌာနတွင်းဝန်ထမ်းများ၊ ဌာန၏လုပ်ငန်း တာဝန်များထမ်းဆောင်နိုင်ရန်အတွက် ပြည့်စုံလုံလောက်မှုရှိကြောင်း တွေ့ရပါသည်။ ထူးခြားမှုတစ်ခုမှာ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းသည် မည်သည့် တက္ကသိုလ်၊ ကောလိပ်၏ လက်အောက်တွင်မျှမရှိဘဲ ဌာန၏ကြီးကြပ်မှု၊ ဌာနအကြီးအကဲများ၏ ကိုယ်စွမ်းဉာဏ်စွမ်း၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာန၏ လမ်းညွှန်မှု ပံ့ပိုးကူညီမှုတို့ဖြင့် တည်ထောင် ဖွင့်လှစ်ထားသော သင်တန်းကျောင်းတစ်ခုဖြစ်ပါသည်။ 

မိမိတို့သင်တန်းကျောင်းမှ သင်ကြားပို့ချပေးလျက်ရှိသည့် ဘာသာ ရပ်များနှင့် သင်တန်းကာလများကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ နိုင်ငံများအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား နိုင်ငံများရှိ တက္ကသိုလ်နှင့် သိပ္ပံများက မြေယာစီမံခန့်ခွဲမှု နှင့် မြေတိုင်းတာခြင်းနှင့်ပတ်သက်၍ သင်ကြားပေးနေသည့် ဘာသာရပ်များ၊ သင်တန်းကာလများနှင့် နှိုင်းယှဉ်လေ့လာသည့်အခါ သင်တန်းဆင်းအောင် လက်မှတ်သာမက ဘွဲ့ကြို/ဘွဲ့လွန် ဒီပလိုမာ ပေးအပ်နိုင်သည့် သင်ခန်းစာ 
(Course) များဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ 

သင်တန်းကျောင်းသို့လာရောက်ကြသည့် ပြည်တွင်းပြည်ပ ပညာ ရှင်များကလည်း သင်တန်း ကျောင်း၏သင်ကြားပို့ချမှုများအပေါ် ကျေနပ်အားရကြပြီး မိမိဌာနတွင်း ဝန်ထမ်းများကိုသာမက အခြားစိတ်ဝင်စားသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြင်ပပုဂ္ဂိုလ်များအား သင်တန်းသားအဖြစ် လက်ခံ၍ မြေယာအုပ်ချုပ်ရေးနှင့် မြေတိုင်းပညာရပ်များကို သင်ကြားပေးပြီး ဒီပလိုမာလက်မှတ် ချီးမြှင့်ပေးနိုင်မည်ဆိုပါက နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပေးရာ ရောက်မည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူလူထုအတွင်း မြေယာစီမံအုပ်ချုပ်မှု သဘောတရားနှင့် မြေယာဥပဒေ အသိပညာဗဟုသုတများ ပြန့်ပွားပေးရာရောက်မည်ဖြစ်ကြောင်း အကြံပြုခဲ့ကြပါသည်။ ထို့ကြောင့် နောင်အနာဂတ် ကာလတွင် “ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာ ပေးရေးသင်တန်းကျောင်း” အား ဌာနတွင်းဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးသည့် သင်တန်း ကျောင်းမှသည် သတ်မှတ်ပညာအရည်အချင်းပြည့်မီပြီး မြေယာအုပ်ချုပ်မှုနှင့်မြေတိုင်းပညာကို စိတ်ပါဝင်စားသည့် မည်သူမဆို တက်ရောက်နိုင်သည့် “မြေယာအုပ်ချုပ်မှုနှင့်မြေတိုင်းပညာသိပ္ပံ” တစ်ခုအဖြစ် အဆင့်မြှင့်တင်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဆိုပါက မြေယာအုပ်ချုပ်မှုနှင့် မြေတိုင်းပညာကို စိတ်ပါဝင်စားကြသည့် လူငယ်လူရွယ်များအတွက် ပြည်တွင်းပြည်ပ နယ်ပယ်ဒေသအသီးသီးတွင် အလုပ်အကိုင်အခွင့်အလမ်း များ ပိုမိုရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် မြေယာ ဥပဒေပြဌာန်းချက်များကို အများပြည်သူများက ပိုမိုသဘောပေါက်နားလည်လာကြပြီး အကျိုးတရား အနေဖြင့် နိုင်ငံတော်အတွင်း ဖြစ်ပေါ်လျှက်ရှိသည့် မြေယာပြဿနာများလျော့နည်းသွားမည့်အပြင် တစ်ဖက်တစ်လမ်းမှလည်း ယင်းပြဿနာများကို ဖြေရှင်းပေးရာ ရောက်မည်ဖြစ်ကြောင်း ဗဟုသုတ အဖြစ် ရေးသားတင်ပြလိုက်ရပါသည်။ 

ကျော်ထင်(CLRDTC)