မန္တလေးဈေးကွက်

မန္တလေးဈေးကွက်

(မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်း၊ ကိုင်းတန်းဈေး၊ သီရိမာလာဈေးတို့မှ ၂၅-၁၁-၂၀၂၅ ရက်နေ့ ကောက်ယူဈေးနှုန်းများဖြစ်ပါသည်။)

ဆန်ဈေးကွက်

မန္တလေးဈေးကွက်တွင် ဆန်ဈေးနှုန်းအနေဖြင့် အသစ်မဝင်သေးခြင်း၊ အဟောင်းလက်ကျန် နည်းခြင်း၊ မြို့တွင်းစားသုံးမှု ပုံမှန်ရှိခြင်းကြောင့် ရွှေဘိုပေါ်ဆန်းတစ်အိတ် ၁၃၀၀၀၀ကျပ်မှ ၁၅၀၀၀၀ ကျပ်သို့လည်းကောင်း၊ ရန်ကုန်ပေါ်ဆန်းမှာလည်း ရွှေဘိုဒေသတစ်ခုထဲမှ ထွက်ရှိသဖြင့် အထွက်နည်း အဝင်နည်းခဲ့ခြင်း၊ အဟောင်းလက်ကျန်နည်းခြင်း၊ အသစ်မဝင်သေးခြင်းကြောင့် တစ်အိတ် ၁၅၅၀၀၀ ကျပ်မှ ၁၇၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။    မနောသုခဆန်မှာ အသစ်များဝင်ရောက်မှုရှိခြင်း၊ အဟောင်းလက်ကျန်နည်းသွားခြင်းကြောင့် အဟောင်းတစ်အိတ် ၇၂၀၀၀ကျပ်မှ ၈၅၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး၊ အသစ်မှာ တစ်အိတ် ၆၅၀၀၀ ကျပ်ဖြင့် လူလတ်တန်းစားများ ဝယ်ယူမှုပုံမှန်ရှိသည်။ ငစိန်ဆန်မှာ အဟောင်းလက်ကျန်မရှိတော့ဘဲ အသစ်များသာ ဝင်ရာက်ခြင်းကြောင့် အသစ် ဈေးဖြစ်ခြင်း၊ မုန့်လုပ်ငန်းသမားအဝယ်နည်းခြင်းကြောင့် ယခင်အပတ် တစ်အိတ် ၇၅၀၀၀ကျပ်မှ ၅၅၀၀၀ကျပ်သို့ ဈေးသိသိသာသာနိမ့်သွားသည်။  ဇီယာဆန်မှာလည်း အသစ်ဝင်ရောက်မှုရှိခြင်း၊ အဟောင်း လက်ကျန်နည်းပြီး အရောင်းအဝယ်အေးခြင်းကြောင့် အသစ်တစ်အိတ် ၇၃၀၀၀ကျပ်ဖြင့် ရောင်းဝယ်မှုရှိသည်။ ဧရာမင်းဆန်မှာ မန္တလေးဝန်းကျင်မှ အဝင်ပုံမှန်စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၃၀၀၀၀ ကျပ်မှ ၁၃၅၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။

ဆီထွက်သီးနှံ ဈေးကွက်

မြေပဲ (လုံးဆန်/ဆီဆန်) ဈေးနှုန်းမှာ အဝင်ပုံမှန် လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် မြင်းမူလုံးဆံ ယခင်အပတ် ၈၅၀၀၀၀ကျပ်မှ ၈၂၀၀၀၀ကျပ် သို့ ဈေးနိမ့်သွားသည်။ မြေပဲ (ဆီဆန်)မှာ ဆီစက်သမားအဝယ်များခြင်း၊ အသစ်အဝင်နည်းသေးခြင်း ကြောင့် အရည်အသွေးပေါ်မူတည်၍ ၄၅ပိဿာ ၇၃၀၀၀၀ကျပ်မှ ၇၉၀၀၀၀ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ် နေသည်။ နှမ်းမျိုးစုံ ဈေးနှုန်းအနေဖြင့် နှမ်းဖြူမှာ မိုးနှမ်းလက်ကျန်များခြင်း အသစ်ဝင်ချိန်နီးခြင်းကြောင့် နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာ ယခင်အပတ် ၂၇၅၀၀၀ကျပ်မှ ယခုအပတ် ၂၅၅၀၀၀ကျပ်သို့ ဈေးနိမ့်သွား သည်။ နှမ်းညိုမှာ ဆီစက်သမားအဝယ်ပုံမှန်ရှိသော်လည်း အသစ်ဝင်ချိန်နီးခြင်းကြောင့်ယခင်အပတ် ၄၅ပိဿာ ၂၈၂၀၀၀ကျပ်မှ ၂၇၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ နှမ်းနက်(စမုံ)မှာ အသစ်ဝင်ချိန်နီးခြင်း၊ တရုတ်ဝယ်လက်နည်းခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် အရည် အသွေးပေါ်မူတည်၍ အနိမ့်ဆုံး ၄၅ပိဿာ ၇၀၅၀၀၀ကျပ်မှ ၇၄၀၀၀၀ကျပ်ထိ ဈေးအမျိုးမျိုး နှင့်ရောင်းဝယ် နေသည်။ ပန်းနှမ်းဈေးနှုန်းမှာ ပစ္စည်းရှားခြင်း၊ ဈေးမြင့်သဖြင့် အရောင်းအဝယ်ဖြစ်မှု နည်းခြင်းကြောင့် ယခင်လများ ဈေးနှုန်းအတိုင်း ၄၅ပိဿာ ၂၉၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ဆောင်းနေကြာမဝင်သေးခြင်း၊ မိုးနေကြာ အဝင် နည်းခဲ့ခြင်း၊ အစာစပ်သမားအဝယ်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၇၂၀၀၀ကျပ်မှ ၇၄၀၀၀ကျပ် သို့ ဈေးမြင့်သွားသည်။

ပဲမျိုးစုံဈေးကွက်

မတ်ပဲဈေးနှုန်းမှာ ကျောက်ရစ်ပဲများ အဝင်နည်းသွားခြင်း၊ ခြံပဲများလည်းအဝင်နည်းခြင်းကြောင့် အရောင်းအဝယ်အေး သော်လည်း၊ ကျောက်ရစ်ပဲ ၃တင်းတစ်အိတ် ၂၄၅၀၀၀ကျပ်မှ ၂၅၀၀၀၀ကျပ်၊ ခြံပဲ ၂၁၀၀၀၀ကျပ်မှ ၂၃၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ပဲတီစိမ်း(အညာ)မှာ မိုးပဲအဝင်နည်းခြင်း၊ ဆောင်းပဲစိုက်ပျိုးစ ဖြစ်သော်လည်း၊ တရုတ်ဝယ်လက် နည်းခြင်း၊ မုံရွာဘက်မှ အဝင်များခြင်းကြောင့် ပဲခွဲစက်များ ပုံမှန်ဝယ်ယူမှုသာရှိပြီး ၃တင်းတစ်အိတ် အရည် အသွေးအကောင်းဆုံး ယခင်အပတ် ၃၅၀၀၀၀မှ ယခုအပတ် ၃၃၀၀၀၀ကျပ် သို့ ဈေးနိမ့်သွားသည်။ ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာ ပစ္စည်းရှားသော်လည်း ရန်ကုန်ဝယ်လက်နည်းခြင်း၊ ပဲခွဲစက်များ အဝယ် နည်းခြင်းကြောင့် ပဲစဉ်းငုံ(နီ) ၃တင်းတစ်အိတ် ၂၄၆၀၀၀ကျပ်မှ ၂၄၀၀၀၀ကျပ်သို့ မသိမသာ ဈေးနိမ့် သွားပြီး ပဲစဉ်းငုံ(ဖြူ)မှာ ၂၂၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မိုးပဲအဝင်ရှိခဲ့ခြင်း၊ လုပ်ငန်းသမား၊ ဆီစက်သမားအဝယ်နည်းခြင်း ကြောင့် ပဲပုတ်(မြန်မာ)၃တင်းတစ်အိတ် ယခင်အပတ် ၃၅၅၀၀၀ကျပ်မှ ယခုအပတ် ၃၂၀၀၀၀ကျပ် သို့လည်းကောင်း ပဲပုတ်(ရှမ်း)မှာ ယခင်အပတ် ၃၂၀၀၀၀ကျပ်မှ ယခုအပတ် ၃၀၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ကုလားပဲ(ကုဖြူကြီး)မှာ စတင်စိုက်ပျိုးသောကာလဖြစ်၍ လှောင်သမားထုတ်ရောင်းမှုရှိခြင်း၊ ပဲခွဲစက်နှင့် လုပ်ငန်းသမားအဝယ်နည်းခြင်းကြောင့် ကုဖြူကြီး ၃တင်းတစ်အိတ် ၂၄၀၀၀၀ ကျပ်မှ ၂၃၀၀၀၀ ကျပ်၊ လုံးဝါကြီး ၂၃၀၀၀၀ကျပ်မှ ၂၂၀၀၀၀ကျပ်သို့ ဈေး မသိမသာ နိမ့်သွားသည်။ ခွဲခြမ်းမှာ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ဖြစ်၍ တစ်ပိဿာ ၅၈၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။ မြေထောက်ပဲမှာ မုံရွာဘက်မှ အဝင်ရှိခြင်း၊ စိုက်ပျိုးထားဆဲကာလဖြစ်၍ လှောင်သမားထုတ် ရောင်းမှုရှိခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၂၇၅၀၀၀ကျပ်မှ ၂၄၀၀၀၀ကျပ်သို့ ဈေးနိမ့်သွား သည်။ ပဲယင်းမှာလည်း ကြာဇံသမားနှင့် ပဲခွဲစက်များအဝယ်နည်းသဖြင့် ၂၂၀၀၀၀ကျပ်မှ ၂၁၅၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။ စားတော်ပဲ(ကျွန်း)မှာ အဝင်နည်းခြင်း၊ နိုင်ငံခြားပဲများလည်း အဝင်နည်း ဈေးမြင့်ခြင်း၊ လက်လီသမားပုံမှန်ဝယ်ယူခြင်းကြောင့် ယခင်အပတ် ၃တင်းတစ်အိတ် ၉၁၀၀၀၀ကျပ်ထိ ဈေးမြင့်သွားရာမှ ယခုအပတ် လက်လီသမားအဝယ်နည်း အရောင်းအဝယ်အေး သွားသဖြင့် ၈၈၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ပဲကြော်/လှော်သမားအဝယ်ပုံမှန်ရှိခြင်း၊ ဆောင်းပဲစိုက်ပျိုးထား ပြီဖြစ်၍ လှောင်သမားထုတ်ရောင်းမှုရှိခြင်းတို့ကြောင့် ထောပတ်ပဲ(ကြီး)၃တင်းတစ်အိတ် ၂၆၅၀၀၀ ကျပ်၊ ထောပတ်ပဲ (သေး)၂၀၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မိုးပဲအဝင်နည်းခဲ့ခြင်း၊ လှောင်သမားထံမှ ဝယ်ရခြင်း၊ ပဲကြော်/လှော် သမားအဝယ်ပုံမှန်ရှိခြင်း၊ ပစ္စည်းရှားခြင်း၊ ဆောင်းပဲစိုက်ထားဆဲဖြစ်ခြင်းကြောင့် ပဲကြီး(ကြီး) ၃တင်း တစ်အိတ် ၆၀၀၀၀၀ကျပ်၊ ပဲကြီး (သေး) ၅၃၀၀၀၀ကျပ်ထိ ဈေးများစွာ မြင့်သွားသည်။

စားဖိုဆောင်သီးနှံဈေးကွက်

ငရုတ်ခြောက်(ရှည်)မှာ သာစည်၊ ရမည်း သင်း၊ ပျော်ဘွယ်တို့မှ အဝင်နည်းသွားခြင်း၊ မြို့တွင်းသုံးဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ယခင်အပတ် တစ်ပိဿာ ၁၃၅၀၀ကျပ်မှ ၁၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ငရုတ်ခြောက်(လတ်)မှာ ရှမ်းစကသီးများ ဝင်ရောက်ပြီး အဝင်နည်းခြင်းကြောင့် တစ်ပိဿာ ၂၃၀၀၀ကျပ်ဈေးထိ မြင့်နေပြီး ဧရာဝတီတိုင်းမှ ငရုတ်ခြောက်(ပွ)များမှာ Aircon ဖြင့် ထားသောအပွသီးများဖြစ်၍ တစ်ပိဿာ ၃၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ကြက်သွန်နီမှာ မုံရွာ၊ မြင်းမူ၊ ထီးဆောင်းနယ်စုံမှ ဝင်ရောက်ခြင်း၊ အဝေးတင်ပို့ရမှု မရှိဘဲ မြို့တွင်းသုံးသာရှိခြင်း၊ အရည်အသွေးညံ့သွားခြင်းကြောင့် ကြီးတစ်ပိဿာ ၁၆၀၀ကျပ်မှ ၁၅၀၀ ကျပ်၊ လတ်တစ်ပိဿာ ၁၃၀၀မှ ၁၀၀၀ကျပ်၊ ဈေးနိမ့်သွားပြီး သေးတစ်ပိဿာ ၆၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။ ကြက်သွန်ဖြူ(ရှမ်း)မှာ အဝင်နည်းသွားသော်လည်း မြို့တွင်း စားသုံးမှုသာရှိခြင်းကြောင့် အညံ့ဆုံး တစ်ပိဿာ ၂၅၀၀ကျပ်မှ အကောင်းဆုံး ၅၅၀၀ကျပ်ဖြင့် အရည်အသွေးပေါ်မူတည်၍ ဈေးကွာ ခြားမှုရှိသည်။ ကြက်သွန်ဖြူ(မြန်မာ) မှာ အသစ်မဝင်သေးဘဲ လက်ကျန် ထုတ်ရောင်းမှုရှိခြင်းကြောင့် အရည်အသွေးပေါ် မူတည်၍ ၃၀၀၀ကျပ်မှ ၆၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။ တရုတ်အာလူး အဝင်မရှိဘဲ အောင်ပန်းအာလူးများသာ ဝင်ရောက်ပြီး အိုကေတစ်ပိဿာ ၆၀၀၀ ကျပ်၊ အေဝမ်းတစ်ပိဿာ ၅၂၀၀ ကျပ်၊ဆွဲတစ်ပိဿာ၄၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့်မန္တလေးဝန်းကျင်မှ ဝယ်ယူမှုရှိသည်။

ဟင်းသီး/ရွက်နှင့် သစ်သီးဝလံ ဈေးကွက်

မုံရွာ၊ ချောင်းဦးမှ ဖရဲသီးများ အဝင်များပြီး အလုံးအကြီး/သေးပေါ်မူတည်၍ တလုံး ၁၀၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ ဈေးရှိသည်။ တရုတ်ပျားလိမ္မော်များလည်း ဝင်ရောက်ပြီး ၁၁ပိဿာ တစ်ခြင်း ၁၃၀၀၀၀ကျပ်၊ ရွာငံ၊ သီပေါ မှ ထောပတ်သီး ၁၂၀လုံး ပါ တစ်အိတ် အရည်သွေးပေါ်မူတည်၍ ၂၀၀၀၀မှ ၄၀၀၀၀ကျပ်၊ ရမည်းသင်းမှ မြန်မာစပျစ်တစ်ပိဿာ ၈၀၀၀ကျပ်၊ မန္တလေးဝန်းကျင်မှ သခွားမွှေး၊ ရွှေသခွားများ ဝင်ရောက်ပြီး အရည်အသွေးပေါ်မူ တည်၍ ၃၀၀၀မှ ၅၀၀၀ကျပ်၊ ချောင်းဦး၊ ညောင်ပင်ဝန်းမှ သင်္ဘောသီး ၂ လုံး တစ်ထုပ် ၃၀၀၀ကျပ်ဈေးဖြင့် မန္တလေးသစ်သီးဆိုင်များ၊ သထုံ၊ ကျိုက်ထို၊ ဗန်းမော်၊ ပြင်ဦးလွင်နှင့် အမှာရှိသော မြို့များသို့ တင်ပို့သည်။ ရှမ်းတောင်ခရမ်းချဉ်များ ၂၀ပိဿာ တစ်သေတ္တာ ၄၀၀၀၀မှ ၅၀၀၀၀ ကျပ်ဈေး ရှိသည်။ ငရုတ်စို(ရှည်)မှာ မုံရွာ၊ ချောင်းဦးမှ အဝင်နည်း သေးခြင်းကြောင့် တစ်ပိဿာ ယခင်အပတ် ၄၅၀၀မှ ၅၀၀၀ကျပ်၊ စတက်တာ ၅၅၀၀ကျပ်၊ သို့ဈေးမြင့်သွားပြီး ငရုတ်စို(လတ်)မှာ ၆၅၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ 

ဂျုံနှင့်အစေ့ထုတ်ပြောင်းဈေးကွက်

မုံရွာ၊ ဘုတလင်၊ စစ်ကိုင်း၊ ဆားတောင်၊ ရွှေဘို၊ မြင်းမူ၊ မြောင်တို့မှ ထွက်သော ဂျုံအရည်သွေးအကောင်းဆုံး တစ်အိတ် ၂၄၀၀၀၀ကျပ်၊ ကလေးဂျုံ ၂၀၀၀၀၀ကျပ်၊ အထွက်တိုးဂျုံ ၁၉၅၅၀၀၊ ပန်ဆိုင်းကြူကုတ်ဂျုံ ၁၉၅၀၀၀ ကျပ်ဖြင့် ရှမ်းဂျုံ ၂၀၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မုန့်လုပ်ငန်းသမားများမှာ ဩစတေးလျဂျုံမှုန့်ကို အဝယ်ပုံမှန်၊ အဝင်ပုံမှန်ရှိ၍ တစ်ပိဿာ ၃၈၅၀ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။ အစေ့ထုတ်ပြောင်းမှာ ဆောင်းစိုက်များ စိုက်ပျိုးထားဆဲဖြစ်ခြင်း၊ မိုးပြောင်းအဝင်နည်း၊ လက်ကျန် နည်းခြင်း၊ တိရစ္ဆာန်အစာစပ်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၇၂၀၀၀ ကျပ်မှ ၇၄၀၀၀ကျပ် သို့ဈေးမြင့်သွားသည်။

ခင်မေကြည်