မြန်မာ့ရော်ဘာ တစ်ဧကအထွက်နှုန်း ပေါင် ၁,၀၀၀ အထက်သို့ မြှင့်တင်ရန် စတင်ဆောင်ရွက်

မြန်မာ့ရော်ဘာ တစ်ဧကအထွက်နှုန်း ပေါင် ၁,၀၀၀ အထက်သို့ မြှင့်တင်ရန် စတင်ဆောင်ရွက်

စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ နှစ်ရှည်သီးနှံဌာနခွဲ (ရုံးချုပ်)မှ စက်မှုကုန်ကြမ်းသီးနှံ တစ်ခုဖြစ်သော ရော်ဘာထုတ်လုပ်မှုအထွက်နှုန်းကို တစ်ဧကလျှင် ပေါင် ၁,၀၀၀ ကျော် အထိမြှင့်တင်ရန် ပန်းတိုင်အထွက်နှုန်းအဖြစ် စီမံချက်များရေးဆွဲ အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိသည်။

တစ်ဧကလျှင် ပေါင် ၁,၀၀၀ ကျော် ထွက်ရှိရေး ပန်းတိုင်သို့ရောက်ရှိအောင် ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ စုစုပေါင်းရော်ဘာထုတ်လုပ်မှုနှင့် တင်ပို့မှုကို မြှင့်တင်နိုင်မည်ဖြစ်ပြီး နိုင်ငံ၏ ပို့ကုန်ဝင်ငွေအမေရိကန်ဒေါ်လာတစ်ဘီလီယံခန့် ရရှိလာနိုင်ကြောင်း သိရသည်။

နှစ်ရှည်သီးနှံဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက "ရော်ဘာထုတ်လုပ်မှု တိုးမြှင့်နိုင်ရန် လုပ်ငန်းရှင်များနှင့် စိုက်ပျိုးသူတောင်သူများ လက်တွေ့ကျကျဆောင်ရွက်နိုင်မည့် နည်းလမ်းများကို သုတေသနပြု၍ ချမှတ်ထားပါသည်။ ကမ္ဘာ့ရော်ဘာဈေးကွက်အတွင်း ပိုမိုကြီးမားသော ရှယ်ယာများ ရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထုတ်လုပ်မှုပမာဏ မြှင့်တင်နိုင်ရန်အတွက် ရော်ဘာခြံအိုများရှိ သက်တမ်းရင့် ရော်ဘာပင် အဟောင်းများကို အစားထိုးပြီး ပြန်လည်စိုက်ပျိုးမည့်အပင်အသစ်၊ အရည်အသွေးမြင့်၊ မျိုးသန့်ရော်ဘာမျိုးများ ပြန်လည်စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကို ပိုမိုမြှင့်တင် နိုင်မည်ဖြစ်သည်။ ထိုသို့ အရည်အသွေးမြင့် မျိုးသန့်ရော်ဘာမျိုးများကို စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည် သီးနှံ ဌာနခွဲလက်အောက်ရှိ မျိုးပွားခြံများမှသာမက လိုင်စင်ရ ပုဂ္ဂလိက မျိုးစေ့ထုတ်လုပ်သူများထံမှ လည်း ရယူနိုင်ကြောင်း" ရှင်းပြခဲ့သည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ရာဘာခြံများ၏ ပျမ်းမျှထွက်နှုန်းမှာ တစ်ဧကလျှင် ၇၂၇ ဒသမ ၄၈ ပေါင် ထွက်ရှိခဲ့သည်။ ယခု ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ရော်ဘာစိုက်ဧက စုစုပေါင်း ၁ ဒသမ ၅ သန်း ကျော်ရှိပြီး ၎င်းတို့သည် အဓိကအား ဖြင့် တနင်္သာရီနှင့် ပဲခူးတိုင်းဒေသကြီးများနှင့် မွန်၊ ကရင်၊ ရှမ်းပြည်နယ်များတွင် စိုက်ပျိုးထား သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ ရော်ဘာတင်ပို့မှု၏ ၇၅ ရာခိုင် နှုန်းခန့်သည် တရုတ်နိုင်ငံသို့ တင်ပို့ပြီး အခြားတင်ပို့သည့်နိုင်ငံများမှာ မလေး ရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများ ပါဝင်ကြောင်း သိရှိရသည်။               

အေးအေးခိုင်

https://www.gnlm.com.mm/myanmar-launches-plan-to-raise-rubber-yield-above-1000-pounds-per-acre/