စိုက်ပျိုးမြေများကျန်းမာဖို့ ဝိုင်းဝန်းစောင့်ရှောက်ကြပါစို့

‘နွယ်မြက်သစ်ပင် ဆေးဘက်ဝင်’ ‘ဥတုရာသီ တောကိုမှီ’ စေသော အဓိကအကြောင်း အရင်းအမြစ်ကို ဆန်းစစ်ကြည့်ပါက ကျန်းမာသောမြေဆီလွှာရှိမှ ဖြစ်နိုင်ပါမည်။ မြေ ဆီလွှာ ကျန်းမာရေးဟုဆိုရာတွင် ယနေ့အသုံးတွင်ကျယ်နေသောစကားလုံး ‘Living Soil’ ဖြစ်ရန်ကို ဆိုလိုပါသည်။ ‘Living Soil’ ဖြစ်ရန်ဘာတွေလိုအပ်သလဲ၊ ဘာတွေလုပ်ရမှာလဲ၊ ဘယ်လိုလုပ်ရမှာလဲ လေ့ လာအဖြေရှာရန် လိုပါသည်။ ထို့အ တူ ‘Living Soil’ နှင့်ဆန့်ကျင်ဘက် ‘Dead Soil’ မဖြစ်အောင် ဘာတွေရှောင်ရမှာလဲ၊ ဘာတွေပြုပြင်သင့်သလဲ၊ ဘယ်လိုထိန်းသိမ်းသင့်သလဲစသည့် အသိတရားဖြင့် ဆင်ခြင်နိုင်အောင် လေ့လာသိရှိထားရန်လိုပါသည်။
မြေရှင် (Living Soil) ဆိုသည်မှာ တီကောင်ကဲ့သို့မြေတွင်ပျော်ပြီး သီးနှံများအာဟာရ စုပ်ယူနိုင်အောင်ကူညီပေးသော သတ္တဝါငယ်လေးများ ရှင်သန်သောမြေ၊ မှို၊ ဘက်တီးရီးယားတို့ကဲ့သို့ အကျိုးပြုအဏုဇီဝသက်ရှိများရှင်သန်သောမြေ၊ ဩဂဲနစ်ပစ္စည်းများ(Organic Matters) ကြွယ်ဝသော၊ ရေစိမ့်ဝင်နိုင်စွမ်းကောင်းပြီးရေစီးရေလာနှင့်အစိုဓာတ်ထိန်းသိမ်းနိုင်သောမြေတို့ကို ကျန်းမာသောမြေလို့သတ်မှတ်ပါ သည်။ (Dead Soil) ဆိုသည်မှာ သစ်ဆွေးဓာတ်ကင်းမဲ့ပြီး စိုလွယ် ခြောက်လွယ် ပက်ကြားအက်လွယ် ရေစိမ့်ဝင်နိုင်စွမ်းနည်းသောမြေ၊ ဓာတုဗေဒပစ္စည်းများ (ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာ) စသည်တို့ အလွန်အကျွံသုံးစွဲပြီး ဓာတ်ကြွင်းများသော မြေ၊ ရေဆိုးရေညစ်နှင့် စက်ရုံစွန့်ပစ်ရေဝင်သော မြေများကိုသတ်မှတ်ပါသည်။
လူသားတို့နေထိုင်ရာကမ္ဘာမြေကြီးသည် သက်ရှိအားလုံး မှီခိုအားထားရာဖြစ်ပါသည်။ မြေနှင့်လွတ်ကင်းသောအစားအစာဟူသည်မရှိပါ။ ယနေ့လူသားကမ္ဘာမှာ စာနပ်ရိက္ခာဖူလုံရေးနှင့် အစားအစာဘေးကင်းရေးကို အလေးထားလုပ်ဆောင်လာနေကြပါသည်။ ထို့သို့ဘေးကင်းသော အစားအစာနှင့်စားနပ်ရိက္ခာဖူလုံရေးတို့ဖြည့်တင်းပေးနိုင်ရန်မှာ ကျန်းမာသောမြေဆီလွှာရှိရပါမည်။
ယနေ့လက်ရှိ စိုက်ပျိုးရေးကဏ္ဍ တွင်သုံးစွဲနေသော ဓာတုဆေးဝါးနှင့်ဓာတ်မြေဩဇာများသည် မြေဆီလွှာကျန်မာရေးနှင့်ဂေဟစနစ်ကို ခြိမ်း ခြောက်၍အန္တရာယ်ပေးနေပြီဖြစ်ပါသည်။ ထို့ကြောင့် ဓာတုဆေးဝါးနှင့်ဓာတ်မြေဩဇာတိုကိုစနစ်တကျသုံးစွဲ၍ ဂေဟစနစ်ကိုထိန်းသိမ်း ကာကွယ်ခြင်းဖြင့် မြေဆီလွှာကျန်း မာရေးကိုပြုပြင်ပေးရပါမည်။ မြေဆီ လွှာကျန်းမာရေးအတွက် စိုက်ပျိုးမြေများကိုသဘာဝမြေဆွေး၊ တိရစ္ဆာန် ဘေးထွက်ပစ္စည်းများနှင့်ဇီဝမြေဩဇာများကို နှစ်စဉ်အသုံးပြုရင်း စိုက်ပျိုးသွားဖို့လိုပါသည်။
ထို့အပြင် သစ်စိမ်းမြေဩဇာကဲ့သို့ မြေဆီလွှာကျန်းမာရေးကိုအထောက်အကူပြုသည့် လုပ်ငန်းများကိုလည်း အခါအားလျော်စွာလုပ်ဆောင်ပေးရန်လိုပါသည်။
မြေဆီလွှာနှင့်ဂေဟစနစ်ကို အန္တရာယ်ပေးနေသော နောက်ထပ်အကြောင်းအရာတစ်ခုမှာ ပေါင်းသတ်ဆေး အသုံးပြုခြင်းဖြစ်သည်။ လေ့လာဆန်းစစ်မှု မှတ်တမ်းများအရ ပေါင်းသတ်ဆေး သုံးစွဲသည့် စိုက်ပျိုးမြေဧရိယာ၏ ၆၃%မှာ အဏုဇီဝသက်ရှိများပါဝင်မှုကို လျော့ နည်းစေ၍ ၈၂% သည် မြေညံ့များဖြစ်လာပြီး ၈၅%မှာ မြေဆွေးဓာတ် (Organic Matter) ပါဝင်မှု လျော့ နည်းလာပါသည်။ ထို့အပြင် လူ၊ တိရစ္ဆာန်နှင့်ငါးအဆိပ်သင့်မှုမှာ ၉၈% ရှိပြီး မြစ်၊ချောင်းနှင့်မြေ အောက်ရေမှာ ပေါင်းသတ်ဆေးအဆိပ်သင့်မှု ၅၆% ရှိသည်ဟု သိရပါသည်။
ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းရာတွင်လည်း ဓါတုဆေးဝါးများကိုသာ အားကိုးမနေဘဲ ဘက်ပေါင်းစုံကာကွယ်ရေးနည်းလမ်းများကို အသုံးပြုသင့်ပါသည်။ ဓါတုဆေးများ အလွန်အကျွံသုံးစွဲလာပါက စားသုံးသူ၏ ကျန်းမာရေးကို ထိ ခိုက်စေရုံသာမက ဂေဟစနစ်နှင့်မြေဆီလွှာပျက်ဆီးခြင်း အထိ ဆိုးကျိုးများဖြစ်ပေါ်စေပါသည်။ သီးနှံပင်၊ ဂေဟစနစ်နှင့်မြေဆီလွှာတို့ သည် သဟဇာတဖြစ်မှသာ အပြန် အလှန်အကျိုး ဖြစ်ထွန်းစေပါသည်။
မြေဆီလွှာ၏ ဂုဏ်သတ္တိများကို ပြောင်းလဲမှုမြန်ဆန်စေပြီး ပျက်စီးမှုကိုဖြစ်စေသော နောက်ထပ် အ ကြောင်းအရင်းတစ်ခုမှာ ဓါတ်မြေဩ ဇာ များ အလွန်အကျွံသုံးစွဲခြင်းကြောင့် ဖြစ်ပါသည်။ ဓါတ်မြေဩ ဇာများသည် မြေဆီလွှာ၏ ဓါတ်ဂုဏ် သတ္တိသာမက ရုပ်ဂုဏ်သတ္တိပြောင်း လဲမှုများကိုလည်း ဖြစ်ပေါ်စေပါသည်။ ဓါတ်မြေဩဇာများ လျော့ချသုံးစွဲမည်ဆိုပါက မွေးမြူ ရေးလုပ် ငန်းနှင့်တွဲဖက် လုပ်ကိုင်မှသာ အဆင်ပြေမည်ဖြစ်သဖြင့် ကျွန်တော့်အနေဖြင့် ပေါင်းစည်းလယ် ယာစနစ် (Integrated Farming System) ကို အကောင်အထည်ဖော်ရန် အကြံပြုအပ်ပါသည်။ သို့မှသာ ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖြစ်ဖို့ဆိုလျှင် မြေဆီလွှာကျန်းမာ ရေးကို ဝိုင်းဝန်းထိန်းသိမ်း စောင့် ရှောက်ဖို့ လိုအပ်လှပါသည်။
ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကြောင့် ကမ္ဘာပေါ်မှာ မြေဆီ လွှာနှင့် သက်ရှိတို့ အန္တရာယ် ဖြစ်နေခဲ့တာ ကြာခဲ့ပါပြီ။ သာဓကများစွာလည်း သတင်းဓါတ်ပုံမှတ်တမ်းများမှာ တွေ့ခဲ့ကြပြီ ဖြစ်ပါသည်။ ထို့ကြောင့် ‘အပင်ကောင်းချင် မြေကိုပြင်’ ‘လူကိုကောင်းချင် စိတ်ကိုပြင်’ ဖို့ လိုပါပြီလို့ အကြံပြုရေးသားတိုက်တွန်းအပ်ပါသည်။
မျိုးမြင့်ဇော်