အယ်နီညိုဖြစ်စဉ်နှင့်အတူ သတိပြုရမည့် ပဲတီစိမ်းအပင်ပေါ် အညှောင့်ပေါက်ခြင်းနှင့် သီးတောင့်ကွဲခြင်း ပြဿနာများ

အယ်နီညိုဖြစ်စဉ်နှင့်အတူ သတိပြုရမည့် ပဲတီစိမ်းအပင်ပေါ် အညှောင့်ပေါက်ခြင်းနှင့် သီးတောင့်ကွဲခြင်း ပြဿနာများ

ပဲတီစိမ်း

ပို့ကုန်သီးနှံ ပဲတီစိမ်းသည် နိုင်ငံခြားဝင်ငွေအများအပြားကို ရှာဖွေပေးနေသော သီးနှံတစ်မျိုး ဖြစ်ပါသည်။  ပဲတီစိမ်းကို အဓိကအားဖြင့် မိုးရာသီနှင့်ဆောင်းရာသီတွင်စိုက်ပျိုးပြီး ရေသွင်းနိုင် သည့်ဒေသများတွင်လည်း မိုးကြိုသီးနှံအဖြစ်စိုက်ပျိုးကြသည်။ အဓိကအားဖြင့် ပဲခူး၊ စစ်ကိုင်း၊ မကွေး၊ရန်ကုန်၊မန္တလေးနှင့် ဧရာ ဝတီတိုင်းဒေသကြီးတို့တွင် စိုက်ပျိုး သည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မြန်မာ နိုင်ငံ၏ ပဲတီစိမ်း စိုက်ဧရိယာမှာ ဟက်တာ ၁ ဒသမ ၂ သိန်း ရှိသည်။ 

ပဲတီစိမ်းသီးနှံအထွက်နှုန်း ကောင်းစေရန်အတွက်တောင်သူများအနေဖြင့် မျိုးရွေးချယ်မှု မှန်ကန်ရန်လိုအပ်သကဲ့သို့ မျိုးစေ့နှုန်းထားနှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်ရန်လည်း အရေးကြီးလှပါသည်။ ထို့အပြင် ပတ်ဝန်းကျင် ရာသီဥတုအခြေအနေ ပြောင်းလဲမှုသည်လည်း ပဲတီစိမ်းသီးနှံ အထွက်နှုန်းကောင်းစေရေးတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါ သည်။ ပဲတီစိမ်းသီးနှံ၏ အထွက်နှုန်းကို လျော့ ကျစေနိုင်သော အကြောင်းအရင်းများတွင် ပိုးမွှား ရောဂါကျရောက်ခြင်းအပြင် ရာသီဥတုပြောင်းလဲမှု(ဥပမာ-အယ်လ်နီညို)ကြောင့် ဖြစ်ပေါ်လာနိုင် သည့် အပူချိန်မြင့်တက်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့် ရေဝပ်/ ရေ လွှမ်းခြင်း စသည့် အကြောင်းအရင်းများလည်း ပါဝင်နေသည်။ ထို့အပြင် မရိတ်သိမ်းမီအပင်ပေါ်တွင် အညှောင့်ပေါက်ခြင်းနှင့်သီးတောင့်ကွဲခြင်းသည်လည်း ပဲတီစိမ်းသီးနှံစိုက်ပျိုး ထုတ်လုပ်မှုကို ထိခိုက်စေနိုင်သော ပြဿနာများဖြစ်ပါသည်။

အပင်ပေါ်တွင်အညှောင့်ပေါက်ခြင်း

မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် စိုထိုင်းဆများခြင်းတို့ကြောင့် ပဲတီစိမ်းသီးနှံ ရင့်မှည့်ချိန်တွင် အပင်ပေါ်တွင်အညှောင့်ပေါက်ခြင်းကိုဖြစ်ပေါ် စေနိုင်ပြီး ၎င်းဖြစ်စဉ်ကြောင့် ပဲတီစိမ်းသီးနှံ၏ အထွက်နှုန်းကို ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိ လျော့နည်းစေနိုင်သည့်အပြင် သီးနှံ၏ အရည်အ သွေးကိုပါ  ထိခိုက်စေနိုင်ပါသည်။ ပဲတီစိမ်းသီးနှံ ရင့်မှည့်ချိန်တွင် အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်နှင့် စိုထိုင်းဆ ၈၅ ရာခိုင်နှုန်း အထက်ရှိပြီး ၎င်းကာလအတွင်း မိုးရွာသွန်းခြင်း နှင့် မိုးအုံ့ခြင်းတို့ ဆက်တိုက်ဖြစ်ပွားပါက ငါးရက်တာကာလအတွင်း အပင်ပေါ်တွင် အညှောင့် ပေါက်ခြင်းကို ဆိုးရွားစွာ ဖြစ်ပေါ်စေနိုင်သော ကြောင့် အထူးဂရုပြုဆောင်ရွက်သင့်ပါသည်။ မြန်မာနိုင်ငံတွင် အယ်လ်နီညိုကြောင့် အချို့ဒေသများတွင်မိုး ခေါင်ပြီး အချို့ဒေသများ၌ မိုး အဆက်မပြတ် ရွာသွန်းခြင်းများ ကြုံတွေ့လာနိုင်သည့်အတွက်ပဲစိုက် တောင်သူများ အနေဖြင့် အပင်ပေါ်တွင်အညှောင့်ပေါက်ခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါအချက်များကို လိုက်နာ ဆောင်ရွက်သင့်ပါ 
သည်-

  • အပင်ပေါ်တွင် အညှောင့်ပေါက်ခြင်းကို အတော်အသင့်ခံနိုင် ရည်ရှိသော ရေဆင်း (၁၄)နှင့် ရေဆင်း(၁၅)မျိုးများကို ရွေးချယ်ပါ။
  • သီးတောင့်များ (၅၀) ရာခိုင်နှုန်း အနက်ရောင်သို့ပြောင်း၍ ခြောက်သွေ့နေချိန်တွင် စတင် ရိတ်သိမ်းပါ။ 
  • သီးတောင်ရင့်မှည့်ချိန်ကာလအတွင်း မိုးရွာခြင်းနှင့် မိုးအုံ၍ စိုထိုင်းဆများခြင်း များ ကြုံတွေ့ရပါက ချက်ချင်းခူးဆွတ်၍ အခြောက်ခံကာ နေချင်းပြီး ချွေလှေ့သန့်စင်ပါ။ သီးနှံ၏အရည်အသွေးကို ထိန်းသိမ်းရန်  အစိုဓာတ်၈-၉ ရာခိုင်နှုန်းတွင် သိုလှောင်ပါ။
အပင်ပေါ်တွင်သီးတောင့်ကွဲခြင်း

ရာသီဥတုပူပြင်းခြောက်သွေ့မှုကြောင့် ပဲတီစိမ်းသီးနှံရင့်မှည့်ချိန်တွင် အပင်ပေါ်တွင် သီးတောင့်ကွဲခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး ၎င်းဖြစ်စဉ်ကြောင့် ခံနိုင်ရည်မရှိသော ပဲတီစိမ်းမျိုးများ တွင် သီးနှံ၏အထွက်နှုန်းကို ၃၄ မှ ၉၉ ရာခိုင်နှုန်းအထိ လျော့ နည်းစေနိုင်ပါသည်။ အပင်ပေါ်တွင် သီးတောင့်ကွဲခြင်းသည် သီးတောင့်ရင့်မှည့်ချိန်ကာလအတွင်း ရိတ်သိမ်းချိန် နောက်ကျခြင်း နှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသောကြောင့် အချိန်မီရိတ်သိမ်းရန်လိုအပ်ပါ သည်။  ပဲတီစိမ်း သီးနှံရင့်မှည့်ချိန်တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် အထက်နှင့် စိုထိုင်းဆ ၅၅ ရာခိုင်နှုန်း အောက်ရောက်ရှိပြီး ၎င်းကာလအတွင်း ပူပြင်းခြောက်သွေ့ပါက အပင်ပေါ်တွင် သီးတောင့် ကွဲခြင်းကို ဖြစ်ပေါ်စေနိုင်သောကြောင့် အထူးဂရုပြုဆောင်ရွက်သင့်ပါသည်။ အယ် နီညို ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသများတွင် စံချိန်သစ် တင်နိုင်သော အပူလှိုင်းဒဏ်ကို ရင်ဆိုင်ရနိုင်သည့် အတွက် ပဲစိုက်တောင်သူများ အနေ ဖြင့် ရိတ်သိမ်းချိန်တွင် အပင်ပေါ်တွင် သီးတောင့်ကွဲခြင်းမှ ကာကွယ်နိုင်ရန်အောက်ပါအချက်များကို လိုက်နာ ဆောင်ရွက်သင့်ပါသည်။

  • သီးတောင့်ကွဲခြင်းကို ခံနိုင်ရည် ရှိသော ရေဆင်း(၁၁) နှင့် အတော်အသင့်ခံနိုင်ရည်ရှိသော ရေဆင်း(၁၅)မျိုးများကို ရွေးချယ် စိုက်ပျိုးပါ။
  • ရေဆင်း(၁၄)ပဲတီစိမ်းမျိုးသည်သီးတောင့်ကွဲခြင်းကိုခံနိုင်ရည်နည်းပါးခြင်းကြောင့်  ရေဆင်း (၁၄)ပဲတီစိမ်းမျိုးကို စိုက်ပျိုးသောတောင်သူများအနေဖြင့် သီးတောင့်များ စတင် ရင့်မှည့်ချိန်မှစ၍ မျက်ခြေမပြတ်စောင့်ကြည့်ရန်လိုအပ်ပြီး ပူပြင်းခြောက်သွေ့သော ရာသီ တွင် သီးတောင့်များလေလွင့်ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ရန် သီး တောင့်များ၏ ၅၀ ရာခိုင် နှုန်း အနက်ရောင်သို့ ပြောင်းနေချိန်တွင် စတင်ရိတ်သိမ်းပါ။ 
  • ပဲတီစိမ်းသီးနှံသည် အသီး သီးခြင်းကာလကြာရှည်၍ အကြိမ် ကြိမ်ရိတ်သိမ်းရသည့်အတွက် ၇-၁၀ ရက်ကြာလျှင် နောက်တစ်သီးဆွတ်ခူးပါ။ 
  • ရေဆင်း(၁၁) နှင့် ရေဆင်း (၁၅)မျိုးများကို တစ်ကြိမ်တည်း စက်ဖြင့်ရိတ်သိမ်း မည်ဆိုပါက သီးတောင့်များ၏ ၉၀ ရာခိုင်နှုန်း အနက်ရောင်သို့ပြောင်းနေချိန်တွင် ချက်ချင်း ရိတ်သိမ်းကာ ချွေလှေ့သန့်စင်ပါ။ 

ယခုလက်ရှိ မြန်မာနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးတွင်ရင်ဆိုင်နေရသော အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကမ္ဘာ့ရာသီဥတုသည် ပုံမှန်မဟုတ်ဘဲ ဖောက်ပြန်ပြောင်းလဲလျက်ရှိပြီး အယ်လ် နီညိုဖြစ်စဉ်သည် သာမန်အားဖြင့် တစ်ကြိမ်ဖြစ်ပေါ်ပါက တစ်နှစ်ကာလအထိကြာမြင့်တတ်သဖြင့် ပဲတီစိမ်းစိုက်တောင်သူများအနေ ဖြင့် သတိဝီရိယထားကာ ဆောင်ရန်/ ရှောင်ရန် အချက်များကို လိုက် နာခြင်းဖြင့် ပဲတီစိမ်းအထွက်တိုးစေပြီး ရိတ်သိမ်းချိန်တွင် ကြုံ တွေ့ရနိုင်သည့် ပြဿနာများမှ ရှောင် လွှဲနိုင်ကြစေရန် ဆုမွန်ကောင်းတောင်း
လျက် ရေးသားလိုက်ရပါသည်။

စံပယ်ဖူး (မန္တလေး)