ဝါးအခြေခံစက်မှုလုပ်ငန်းနှင့် စားသောက်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး

ဝါးအခြေခံစက်မှုလုပ်ငန်းနှင့် စားသောက်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး

bamboo

သက်ရှိသတ္တဝါအားလုံးအတွက် ကမ္ဘာမြေကြီး၏ လက်ဆောင် ဝါးတောများသည်     လူသားအားလုံး၏ လူမှုဘဝအတွက် အရေးပါသော သဘာဝသယံဇာတဖြစ်ပါသည်။ သဘာဝ၏ လက်ဆောင် ရွှေဝါးကို လူသားတို့၏ နေ့စဉ်ဘဝတွင် အမျိုးမျိုးအသုံးပြုလျက် ရှိပါသည်။ 

ဝါးသည် မြက်မျိုးရင်း (Poaceae) ဝင် အမြဲစိမ်းနှစ်ရှည်ခံ မြက်ပင်ကြီး အမျိုးအစား ဖြစ်သည့်အပြင် လျင်မြန်လွယ်ကူစွာ ပေါက်ရောက်နိုင်သော ဂုဏ်သတ္တိရှိသည့်အတွက် အချိန်တိုအတွင်း ပေါများစွာ ရရှိနိုင်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဝါးကို  အသားပိုင်းဆိုင်ရာ ဓာတုရူပအင်အား (Chemical and Physical Properties) အရ သစ်အစားထိုးသုံးစွဲနိုင်သည့် စွမ်းအင်ရှိသည့် အကြီးအမြန်ဆုံးအပင် (Fastet Growing Woody Plants) ဟု တင်စား ခေါ်ဝေါ်ကြသည်။ 

ဝါးမျိုးများကို ကမ္ဘာ့နေရာဒေသ အနှံ့အပြားတွင် တွေ့နိုင်ပါသည်။  ကမ္ဘာပေါ်၌ ဝါးမျိုးစု ၇၅ မျိုးနှင့် ဝါးမျိုးစိတ် ၁၂၅၀ ခန့်ရှိပြီး မြန်မာနိုင်ငံ၌ ဝါးမျိုးစု ၂၁ မျိုး နှင့် ဝါးမျိုးစိတ် ၁၀၂ မျိုးရှိပါသည်။ ယင်းဝါးမျိုးစိတ်  ၁၀၂ မျိုးအနက် မျှင်ဝါး၊ ထီးရိုးဝါး၊ ခရင်ဝါး၊ ကြခတ်ဝါး၊ ကျသောင်းဝါး၊ တပင်တိုင်ဝါး၊ သိုက်ဝါး၊ သနပ်ဝါး၊ တင်းဝါး၊ကျလိုဝါး၊ ဝါးပိုး၊ ဝါးပိုး မျက်ဆန်ကျယ်၊ ဝါးကြီး၊ ဝါးနက်၊ ဝါးနွယ်၊ဝါးယား၊ ကလွေဝါးနှင့် ဝါးနီစသည့် ဝါးမျိုးစိတ် ၁၈ မျိုးသည်  စီးပွားရေးအရ အသုံးဝင်သော ဝါးမျိုးများဖြစ်ကြပါသည်။ 

ဝါးပညာရှင်များ၏ တွေ့ရှိချက်အရ ကမ္ဘာ့ဝါးမျိုးစိတ်အရေအတွက် ၏ ၈ ရာခိုင်နှုန်း ခန့်သည် နိုင်ငံအဝန်း ပျံ့နှံ့ပေါက်ရောက်လျက်ရှိပြီး  အပြည်ပြည်ဆိုင်ရာ ဝါးနှင့် ကြိမ် အဖွဲ့အစည်း (International Bamboo and Rattan Organization-INBAR) ၏ စံသတ်မှတ်ချက်များဖြစ်သည့် ကျယ်ပြန့်စွာ ပျံ့နှံ့ပေါက်ရောက်မှု၊ မျိုးပွားခြင်းနှင့် စိုက်ပျိုးရန် နည်းလမ်းရှိမှု၊ ဘက်စုံအသုံးချနိုင်မှု၊ ဈေးကွက်ဝင်မှုစသည့်  စံသတ်မှတ်ချက်များအရ မြန်မာနိုင်ငံရှိ ယင်းဝါးမျိုးစိတ် ၁၈ မျိုးကို စီးပွားရေးအသုံးဝင်သော ဝါးမျိုးစိတ်များအဖြစ် မှတ်တမ်းတင်ထားကြောင်း လေ့လာတွေ့ရှိရပါသည်။ 

ဝါးပေါက်ရောက်သည့် ဧရိယာ သဘာဝတောများတွင် ဝါးပေါက် ရောက်နိုင်သည့် ဧရိယာဧက ၆၉,၆၃၄,၇၅၀ ခန့်ရှိပြီး (Forest Resources Assessment-FRA 2005)၊ ပဲခူးရိုးမဒေသ၊ ရခိုင်ရိုးမနှင့် တနင်္သာရီဒေသများကို အဓိကစီးပွားဖြစ် ဝါးထုတ်ယူနိုင်သော ဒေသများအဖြစ် သစ်တောဦးစီးဌာနက သတ်မှတ်ထားရှိကာ ဧရိယာအားဖြင့် ၄,၄၀၇,၈၄၈ ဧကရှိသည့်အတွက် ဝါးထုတ်ယူနိုင်သည့် ဧရိယာမှာ ဝါးပေါက်ရောက်သည့် ဧရိယာစုစုပေါင်း ၏ ၆ ဒသမ ၄ ရာခိုင်နှုန်းသာ ဝါးထုတ်ယူနိုင်သည်ကို လည်းတွေ့ရှိရသည်။

မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယနိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင်  တတိယမြောက် ဝါးပေါက်ရောက်မှု အများဆုံးနိုင်ငံဖြစ်သော်လည်း ဝါးထုတ်ကုန်ပစ္စည်းများ နိုင်ငံခြား ဈေးကွက်သို့ တင်ပို့ခြင်းထက် ဝါးကုန်ကြမ်းဖြစ်သော ဝါးလုံး၊ ဝါးခြမ်းတင်ပို့မှုများသာ တွေ့ရှိနေရသဖြင့် ဝါးထုတ်ကုန်ပစ္စည်းများ နိုင်ငံခြားဈေးကွက်သို့ တင်ပို့မှုမြှင့်တင်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ဝါးထုတ်ကုန်ပစ္စည်းထုတ်လုပ်မှုကို ပိုမိုမြှင့်တင်ရန် လိုအပ်လျက်ရှိသည်။ 

မြန်မာနိုင်ငံတွင် သစ်တော၊ ဝါးတောများပေါများသော်လည်း ယနေ့အချိန်အခါတွင် လူနှင့်ဝေးရာအရပ်၌သာ သစ်ကောင်း၊ဝါးကောင်းများကို တွေ့မြင်နိုင်ပါသည်။ သစ်ဝါးများ ရှားပါးလာသည်နှင့်အမျှ သစ်ဝါးများ၏ တန်ဖိုးလည်း မြင့်တက်လျက်ရှိရာ ခေတ်မီ ဝါးထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ဖွံ့ဖြိုးတိုးတက်လာသော နည်းပညာများနှင့် ခေတ်မီ စက်ကိရိယာပစ္စည်းများအသုံးပြု၍ ပေါင်းစပ်ထုတ်လုပ်သော တီထွင်ဆန်းသစ်မှုများကို အလေးထားဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်ပါသည်။ 

ထို့အပြင် ဝါးသည် ကြီးထွားမြန်ခြင်း၊ လှပခြင်း၊ အသုံးဝင်ခြင်းတို့ကြောင့် အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများတွင် စီးပွားဖြစ်အနေဖြင့်လည်းကောင်း၊ အရိပ်ရ အပင်အဖြစ်လည်းကောင်း၊ တစ်ပိုင်တစ်နိုင်အနေဖြင့် ခြံဝန်းများအတွင်း၌ လည်းကောင်း စိုက်ပျိုးလျက်ရှိသည့်နည်းတူ  အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့်  ထိုင်းနိုင်ငံတို့တွင် ဝါးဉယျာဉ်များတည်ထောင်စိုက်ပျိုးပြီး ခေတ်မီပရိဘောဂပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိနေပြီဖြစ်သည်။

သို့ရာတွင် မြန်မာနိုင်ငံအနေဖြင့် မျှစ်နှင့်ဝါးကို လွန်ခဲ့သော နှစ်ပေါင်းများစွာက တည်းက နိုင်ငံခြားသို့တင်ပို့ခဲ့သော်လည်း ယနေ့ခေတ်တွင် ကုန်ကြမ်းရှားပါးလာမှု၊ ခေတ်မီ ထုတ်လုပ်မှုနှင့် ထုတ်ပိုးမှုပုံစံများကွားခြားမှု၊ ထုတ်ကုန်အရည်အသွေးကျဆင်းမှုများကြောင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်မှုအခြေအနေများမှာ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ တင်ပို့နိုင်မှုမရှိကြောင်း တွေ့ရှိရပါသည်။ 

ထို့ကြောင့် မြန်မာနိုင်ငံ၏ ဝါးသယံဇာတအရင်းအမြစ်များနှင့် သဘာဝဝါးတောများ ရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ် အသုံးချနိုင်ရန်၊ ဝါးကုန်ကြမ်းများကို သဘာဝတောမှအပြင် ဝါးစိုက်ခင်းများမှ စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရန်၊ ဝါးအချောထည် ထုတ်ကုန် ပစ္စည်းများ ထုတ်လုပ်မှုတိုးတက်လာစေရန်အတွက် နိုင်ငံတော်အကြီးအကဲက ဝါးစိုက်ပျိုး ထုတ်လုပ် မှုတိုးမြှင့်ရေး၊ ဝါးစိုက်ခင်းများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာရေး လမ်းညွှန် ထားပါသည်။ 

အဆိုပါလမ်းညွှန်ချက်နှင့်အညီ ဝါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးရေးကို စနစ်တကျ လုပ်ဆောင် နိုင်ပါက ပြည်ပပို့ကုန်အဖြစ် အားထားနိုင်ပြီး အလုပ်အကိုင်အခွင့် အလမ်းများ  တိုးပွားစေ မည်ဖြစ်သည်။ 

သို့ဖြစ်ရာ ဝါးပင်များ ရေရှည်တည်တံ့မှုကို စဉ်းစားပြီး နှစ်စဉ်ထွက်ရှိနိုင်မည့် ပမာဏထက်မကျော်ဘဲ ထုတ်လုပ်သွားနိုင်စေရန်အတွက် ဝါးပျိုးပင်ထူထောင်ခြင်း၊  ဝါးစိုက် ခင်းများ တိုးချဲ့ဆောင်ရွက်ခြင်းများကို  ယခုထက် ပိုမိုဆောင်ရွက်နိုင်မည်ဆိုပါက  ဝါးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်  ကုမ္ပဏီများနှင့် ဝါးစိုက်တောင်သူများက ပူးပေါင်းပါဝင်မှုဖြင့် ဝါးအခြေခံသည့် စက်မှု လုပ်ငန်းများ အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ဝါးကို  ရန်ကုန်တိုင်းဒေသကြီးတွင်  တွံတေး၊  ကော့မှူး၊ ကွမ်းခြံကုန်း၊ ဧရာဝတီတိုင်းဒေသကြီးတွင်  ကြံခင်း၊   မြန်အောင်၊   စစ်ကိုင်း တိုင်းဒေသကြီး၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများ၊ ရှမ်းပြည်နယ်နှင့်  မွန်ပြည်နယ်ရှိ ကျေးရွာများ တွင်   အဓိက စိုက်ပျိုးကြပါသည်။ 

ထို့ကြောင့် အဆိုပါဒေသများတွင် ဝါးစိုက်ပျိုးနိုင်ရန်အတွက် ဝါးပျိုးပင်များ ဖြန့်ဖြူးပေးခြင်း၊ ဝါးစိုက်ခင်းများထူးထောင်ပေးခြင်း၊ ဝါးစိုက်ပျိုးနည်း၊ ဝါးပင်ပြုစုပျိုးထောင်နည်း စသည့် သင်တန်းများပေးခြင်း၊ ဝါးစိုက်ပျိုးရန်နှိုးဆော်ခြင်း၊ ပုဂ္ဂလိကဝါးစိုက်ခင်း ထူထောင်ခြင်းကို အားပေးခြင်း၊ ဝါးစိုက်ခင်းများ ယခုထက် ပိုမိုတည်ထောင်ခြင်း၊   ဝါးအချောထည်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်မှုတိုးတက်လာစေရန်အတွက် သက်ဆိုင်ရာ ဌာနများမှ နည်းပညာများ ပံ့ပိုးပေးခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်/ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံ ခြင်း၊ ဝါးစိုက်တောင်သူအစုအဖွဲ့များက ဝါးစိုက်ခင်းများတည်ထောင်မှုတွင် ပူးပေါင်းပါဝင်ခြင်းများကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ပါက မြန်မာနိုင်ငံ၏ ဝါးအခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သည်။ 

ဝါးအခြေခံစက်မှုလုပ်ငန်းများအတွက် အသုံးပြုမည့် ဝါးမျိုးစိတ်များကို ရွေးချယ် စိုက်ပျိုးနိုင်ရန်  ဝါးကြီးမျိုးဖြစ်သည့် ကလွေဝါး၊ ဝါးပိုး၊ ကြလိုဝါး၊ ဝါးနီ၊ ဝါးပိုးမျက်ဆန်ကျယ် စသည့်ဝါးမျိုးများကို စိုက်ပျိုးရန်နှင့် စိုက်ပျိုးရာတွင်လည်း ဒေသနှင့်ကိုက်ညီပြီး ထုတ်လုပ်မှုအတွက် အမှန်တကယ် လိုအပ်မည့် ဝါးမျိုးကို ရွေးချယ်စိုက်ပျိုးရန်လည်း လိုအပ် ပါသည်။

ဝါးအခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဝါးသယံဇာတများကို ထိထိရောက်ရောက် အလေအလွင့်မရှိ အသုံးချလာနိုင်မည်ဖြစ်ပြီး ဝါးတစ်ပင်ရှိ အရင်းပိုင်း၊ အလယ်ပိုင်း၊ အပေါ်ပိုင်းအလိုက် သင့်လျော်သည့် ဝါးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ပါက ဝါးတစ်ပင်လုံး အလေအလွင့်မရှိ အသုံးချနိုင်မည်ဖြစ်သည်။ 

ဝါးအောက်ခြေအရင်းပိုင်းရှိ အဆစ်များကို ဝါးပန်းပုများထုတ်လုပ်ခြင်း၊ ဝါးမီးသွေး၊ ဝါးမီးသွေးထုတ်လုပ်ရာတွင် ဘေးထွက်ရရှိသည့် ဝါးအချဉ်ရည်မှ ဝါးဆပ်ပြာ၊ အပင်ပိုး သတ်ဆေး၊ အလှကုန်နှင့် ကျန်းမာရေးသုံးပစ္စည်း အမျိုးမျိုးထုတ်လုပ်ခြင်း၊ ဝါးအလယ်ပိုင်း အောက်ခြေကို ဝါးအထပ်သား၊ ဝါးကြမ်းခင်း၊ ဝါးပရိဘောဂများ၊ Bamboo Lumber များ ထုတ်လုပ်ခြင်း၊ ဝါးအလယ်ပိုင်းအထက်ကို ဝါးချောင်းထိုး၍ ဆောင်ရွက်ရသော ယင်းလိပ်၊ စားပွဲတင်ဖျာ၊ ထိုင်ခုံနောက်မှီအခင်းပြားများနှင့် နှီးဖြာ၍ ထုတ်လုပ်ရသော တန်ဖိုးမြှင့်ဝါး လက်မှုပစ္စည်းအမျိုးမျိုး ထုတ်လုပ်ခြင်း၊ ဝါးအပေါ်ပိုင်းကို တူ၊ သွားကြားထိုးတံ၊ အသားကင် ဝါးချောင်းများ ထုတ်လုပ်ခြင်း၊ ဝါးအကိုင်းအခက်များကို လယ်ယာသုံး ပစ္စည်း၊ တံမြက်စည်း၊ အပေါ်ရုံအင်္ကျီများထုတ်လုပ်ခြင်း၊ ဝါးအရွက်မှ ဖျော်ရည်၊ တိရစ္ဆာန်အစား အစာ၊ သဘာဝ မြေဩဇာများထုတ်လုပ်ခြင်း၊ ဝါးထုတ်ကုန် ပစ္စည်းများထုတ်လုပ်ရာမှ ထွက်ရှိလာသည့် ဝါးရွေပေါ်စများ၊ ဝါးစများ၊ ဝါးလွှစာမှုန်များကို အသုံးပြု၍ လောင်စာတောင့်၊ Bamboo Particle Board များစသည့် ဝါးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းဖြင့် ဝါးကို အလေအလွင့် မရှိ အသုံးချနိုင်သကဲ့သို့ ဝါးအခြေခံစက်မှုလုပ်ငန်းလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ် သည်။   

ဝါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးရေးကို စနစ်တကျလုပ်ဆောင်နိုင်ပါက ပြည်ပ ပို့ကုန်အဖြစ် အားထားနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း တိုးပွားစေမည်ဖြစ်ရာ ရေရှည်တည်တံ့မှုကို အလေးထားပြီး ဝါးစိုက်ခင်းများ ယခုထက် ပိုမိုဆောင်ရွက်လာနိုင်ရန်၊  ဝါးစိုက်ခင်းများ တိုးမြှင့်စိုက်ပျိုး၍ အထွက်နှုန်းပမာဏ တိုးမြင့်အောင် ထုတ်လုပ်နိုင်ရန်၊  ဝါးအခြေခံသည့် ကုန်ထုတ် လုပ်ငန်းများတိုးတက်လာစေရန် သက်ဆိုင်ရာဌာနများက နည်း ပညာများ ပံ့ပိုးပေးခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်  ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံခြင်း၊ ဝါးစိုက် တောင်သူများက ပူးပေါင်းပါဝင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ဝါးအခြေခံသည့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် ဝါးအခြေခံ စားသောက်ကုန်များ ထုတ်လုပ်လျက်ရှိပြီး အဆိုပါဝါးစား သောက်ကုန်များသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး၊ သဘာဝအရသာရှိသည့်အတွက် ပြည်တွင်းဈေးကွက်တွင် လူကြိုက်များသည်။ ဝါးမှ ထွက်ရှိသည့် စားသုံးနိုင်သော မျှစ် မျိုးစိတ်ပေါင်းများစွာရှိရာ မြန်မာပြည်တွင်သာမက အာရှဒေသများတွင်ပါ မျှစ်စားသုံးမှု မြင့်မားကြပါသည်။ 

မျှစ်တွင် ဘီတာမင်နှင့် သတ္ထုဓာတ်များ ကြွယ်ဝရာ ရေဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ကယ်လ်ဆီယံဓာတ်၊ သံဓာတ်၊ ပရိုတင်းဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်ဓာတ်နှင့် အခြားဓာတ်များအပြင် ဘီတာမင်ဘီဓာတ် (B1, B2, B3, B5, B6 နှင့် B9) ၊ ဘီတာမင်စီဓာတ်၊ ဘီတာမင်အီးဓာတ်၊သကြားဓာတ်၊ မန်ဂနိစ်၊ ပိုတက်စီယမ်နှင့် ဇင့်ဓါတ်တို့ အဓိက ပါဝင် ပါသည်။

မျှစ်ကို စားသုံးပါက ပါဝင်သော အမျှင်ဓာတ်ကြောင့် အစာကြေလွယ်ခြင်း၊ အူလမ်းကြောင်းရှင်းလင်းစေခြင်း၊ အစာအိမ်ရောဂါကို သက်သာစေခြင်း၊ ကိုယ်ခန္ဓာရှိ အဆီဓာတ်များ ဖယ်ရှားပေးခြင်း၊ ကိုယ်လက်ရောင်ရမ်းခြင်းကို သက်သာစေခြင်း၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးကျန်းမာ‌ရေးကို ကောင်းမွန်စေပါသည်။ 

မျှစ်သည် ရာစုနှစ်များစွာကတည်းက အဓိကဟင်းလျာတစ်ခုအဖြစ် စားသုံးသည်သာမက ဟင်းသီးဟင်းရွက်အဖြစ်လည်းကောင်း၊ မျှဉ်အချဉ်အဖြစ်လည်းကောင်း၊ မျှစ်သုပ်အဖြစ်လည်းကောင်း၊ ခေါက်ဆွဲပြုတ်၍ လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် စားသုံးလေ့ရှိပါသည်။ 

မျှစ်ကို အချဉ်ဖောက်ခြင်း၊ အခြောက် ခံခြင်းဖြင့် ကြာရှည်ခံအောင်ပြု လုပ်၍ တစ်နှစ် ပတ်လုံးစားသုံးနိုင်ကြစေရန် ပြုလုပ်နိုင်ပါသည်။ နိုင်ငံ တကာဈေးကွက်တွင် မျှစ်ကို စနစ် တကျပြုပြင်ထုတ်လုပ်၍ တရုတ်၊ ထိုင်း၊ နယ်သာလန်၊ အခြားအာရှနိုင်ငံများ၊အီတလီ၊ ဂျာမနီ၊ဂျပန်၊ ဂရိ၊ အမေရိကန်နှင့် ဗြိတိန်စသည့် နိုင်ငံများမှ တင်ပို့ရောင်းချလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်တွင် စုစုပေါင်းကုန် သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၅၃ ဒသမ ၁၄ သန်းရှိပါသည်။ ထူးခြားမှုအနေဖြင့် တရုတ်နိုင်ငံ၏ မျှစ်တင်ပို့ရောင်းချမှုမှာ နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ ၈၄ ရာခိုင်နှုန်းရှိပြီး အမေရိကန်ဒေါ်လာ ၂၁၅ ဒသမ ၃၀ သန်းရှိပါသည်။ 

နိုင်ငံတကာဈေးကွက်တွင် ဝါးနှင့် မျှစ်ရောင်းဝယ်ဖောက်ကားမှု မြင့်တက်လျက်ရှိသော်လည်း မြန်မာ နိုင်ငံ အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံ တကာဈေးကွက်သို့ အမြောက်အမြား တင်ပို့နိုင်ခြင်းမရှိသေးပါ။ 

ဝါးစိုက်ပျိုးသူများအနေဖြင့် အဆင့်မြင့်မျှစ်ထုတ်လုပ်ပါက အနံ့အသက် ကင်းစင် သော မျှစ်ချိုထုတ်လုပ်ခြင်းဖြင့် ကမ္ဘာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင် မည်ဖြစ်ပြီး မျှစ်ချဉ်၊ မျှစ်ခြောက်နှင့် မျှစ်စပ်ထုတ်လုပ်ပါက ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိနိုင် မည်
ဖြစ်သည်။ 

စီးပွားဖြစ် မျှစ်ထုတ်လုပ်တင်ပို့သည့် လုပ်ငန်းကို တွင်ကျယ်စွာဆောင်ရွက်ရန် အလားအလာကောင်းများရှိသော်လည်း သဘာဝသစ်တောထွက်မျှစ်များကိုသာ ဝယ်ယူ စုဆောင်း၍ ပြုပြင်ထုတ်လုပ်ရခြင်းကြောင့် မျှစ်ကုန်ကြမ်းအရည်အသွေး တသတ်မတ်တည်း မရှိခြင်း၊ ပြုပြင်ထုတ်လုပ်မှုဆိုင်ရာ နည်းပညာအခက်အခဲရှိခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံ ဆောက်အဦပြည့်စုံမှုမရှိခြင်း စသည့်အခက်အခဲများ ရှိနေခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ် နေကြောင်းသုံးသပ်ရပါသည်။ 

မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်းကျော်သည် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်ပြီး အဆိုပါလုပ် ငန်းငယ်များ ဖွံ့ဖြိုးမှုအတွက် ငွေကြေး အရင်းအနှီး၊  နည်းပညာ၊ ဈေးကွက်၊သတင်းအချက်အလက်၊ စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှုနှင့် စီးပွား ရေးဝန်းကျင်ကောင်းများဖန်တီးပေးနိုင်ရန် လိုအပ်ပါသည်။ 

အဆိုပါလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ကြသူများအတွက် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများနှင့်အညီ သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ ပုဂ္ဂလိကအစုအဖွဲ့များ၊ အသင်းအဖွဲ့များပူးပေါင်း၍ ဖြေရှင်းဆောင်ရွက်နိုင်မည် ဆိုပါက ၎င်းတို့၏ လုပ်ငန်းများ အောင်မြင်စွာ လည်ပတ်နိုင်ပြီး နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ 

သို့ဖြစ်ရာ အခြေခံစက်မှုလုပ်ငန်းများအောင်မြင်ရေး၊ စားသောက် ကုန်များ တိုးမြှင့် ထုတ်လုပ်ရေး၊ ဒေသထွက်ကုန်ထုတ်လုပ်ခြင်းမှ ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်သည်အထိ ဆက်လက်ဆောင်ရွက်နိုင်ရေးတို့အတွက် နည်းပညာ၊ စက်ကိရိယာလိုအပ်ချက်၊ ဈေးကွက် လိုအပ်ချက်၊ အရင်းအနှီးစသည်တို့ကို ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးတို့ကို အချိတ်အဆက်မိမိအကောင်အထည်ဖော်ဆောင် ရွက်နိုင်မည်ဖြစ်ပါကြောင်းတင်ပြလိုက်ရပါသည်။

ထူးထက်အောင်