သဘာဝကပေး အစာနှင့်ဆေး၊ ရှဉ့်မတက်
ပရဆေးပင်များ၏ဘုရင်မ" ဟု တင်စားခေါ်ဝေါ်ကြသော ရှဉ့်မတက်ပင်ကို ကုန်းကညွတ်၊ ကညွတ်ရိုင်းပင် ဟုလည်း လူသိများကြပြီး အင်္ဂလိပ်အမည်မှာ Asparagus ဟုခေါ်ဆိုသကဲ့သို့ Asparagus Root ဟုလည်း လူသိများ၏။ အိန္ဒိယနိုင်ငံတွင်မူ ယင်းကို shatavari ဟု ခေါ်ဆိုကြ၏။ ယင်း၏ ရုက္ခဗေဒ အမည်မှာ Asparagus racemosus ဖြစ်ကာ မျိုးရင်း Liliaceae တွင် ပါဝင်၏။
ရှဥ့်မတက်ပင်သည် အိန္ဒိယတိုက်ငယ်၊ အာဖရိကနှင့် အာရှ၏ အချို့သောဒေသများ၊ အာဖရိက၊ အိန္ဒိယအပါအဝင် အာရှတောင်ပိုင်းဒေသများ၊ ဩစတေးလျမြောက်ပိုင်းဒေသများမှ စတင်ဖြစ်ထွန်း ပေါက်ဖွားလာ၏။ ၎င်းကို နီပေါလ်တွင်လည်းတွေ့ရှိပြီး အိန္ဒိယရှိ Satawar, Satamuli နှင့် Shatavari ကဲ့သို့သော ဒေသအမျိုးမျိုးတွင် အမည် အမျိုးမျိုးဖြင့် လူသိများ၏။ မြန်မာနိုင်ငံတွင်လည်း ရှဥ့်မတက်ပင်ကို နေရာအနှံ့တွင် ပေါက်ရောက်တွေ့ရှိနိုင်၏။
ရှဥ့်မတက်ပင်သည် အိန္ဒိယနှင့် ဟိမဝန္တာတောင်တန်းတစ်လျှောက်တွင် မူရင်းစတင်ပေါက်ရောက်ဖြစ်ထွန်း၏။ အပင်အမြင့်ပေ ၃ ပေမှ ၆ ပေခွဲခန့်အထိရှိပြီး ကျောက်တုံးကျောက်ဆောင်များနှင့် မြင့်မားလှသောလွင်ပြင်ဒေသများနှင့် ပင်လယ် ရေမျက်နှာပြင်အထက် ပေ ၄၃ဝဝ မှ ၄၆ဝဝ အကြားတွင် ကောင်းမွန်စွာပေါက်ရောက်ဖြစ်ထွန်း၏။ ယင်းအပင် ကို ၁၇၉၉ ခုနှစ်တွင် ရုက္ခဗေဒပညာရပ်အရ ဖော်ပြခြင်းပြုခဲ့၏။ ယင်း၏ များပြားလှစွာသော ဆေး ဖက်ဝင်အာနိသင်နှင့် ကျန်းမာရေးအသုံးဝင်ပုံတို့ကြောင့်ယနေ့ထိအောင် ထင်ရှားကျော်ကြားနေဆဲဖြစ်၏။ ယခုခေတ်တွင် စနစ်တကျမဟုတ် သော သီးနှံဆွတ်ခူးရိတ်သိမ်းခြင်း၊ သစ်တောပြုန်းတီးခြင်း၊ ဂေဟစနစ် ယိုယွင်းလာခြင်းတို့ကြောင့် ရှဉ့်မတက်ပင်သည် မျိုးသုဉ်းရန်အန္တရာယ်ရှိသော အပင်အဖြစ် သတ်မှတ်ခြင်းခံထားရ၏။
ရှဉ့်မတက်ပင်သည် မြန်မာနိုင်ငံအနှံ့ သဘာဝအလျောက် ပေါက်ရောက်သည့် နှစ်ရှည်ခံရစ်ပတ်နွယ် ပင်မျိုးဖြစ်၏။ မာကျောပြီး ဆူးရှိသော အညိုနုရောင်ပင်စည်ဖြစ်၏။ ပင်စည်လုံး သေးငယ်ပြီး ဝါခြောက်ခြောက်အရောင်ရှိ၏။ ပင်စည်တွင် ဆူးကောက်များစွာပါရှိသောကြောင့် ရှဥ့်များပင် ထိုအပင်ကို တက်နိုင်ခြင်းမရှိသည့်အတွက် ရှဉ့်မတက် ပင်ဟု တင်စားခေါ်ဆိုကြသည်ဆို၏။ အရွက်များသည် ငှက်မွေးရွက်ပေါင်းဖြစ်ပြီး ရိုးတံပေါ်တွင် ၇ ရွက်စီ စု၍ ရွက်လွှဲ ထွက်သည်။ ရွက်မြွှာများမှာ အစိမ်းရင့်ရောင်ရှိပြီး အပ်ချောင်းသဏ္ဌာန်ရှိပြီး အနည်းငယ် ကောက်ကွေးနေသည်။ ရွက်ညှာအောက်ပိုင်းတွင် ဆူးတစ်ချောင်းစီထွက်၏။ ပန်း ခိုင်မှာ နို့နှစ်ရောင်ရှိပြီး ရနံ့သင်းပျံ့မွှေးကြိုင်သော ပန်းပွင့် ကလေးများအခိုင်လိုက်ပွင့်ကြ၏။ ပန်းပွင့်ချိန်တွင် ရှဉ့်မတက်ပင်၌ အရွက်လုံးဝမရှိတော့ဘဲ ရင့်သော ရိုးတံများတွင် ပန်းများသာ ဖွေးနေအောင် လှိုင်လှိုင်ပွင့်ကြ၏။ အသီးမှာ အခွံ့ပျော့သီးဖြစ်ပြီး လုံးဝန်းသောအစေ့ နှစ်စေ့မှ ခြောက်စေ့ခန့် အထိ ပါရှိ၏။ အပင်ကို တူးဖော်ကြည့်ပါက မြေကြီးထဲတွင် ဥယောင်အမြစ်များ ရာချီပြီး ရှိနေသောကြောင့် ဥတစ်ရာ အမြစ်ဟုလည်း တင်စားခေါ်ဝေါ်ကြ၏။
ရှဥ့်မတက်ပင်တွင် ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓာတ်တို့အပြင် သတ္တုဓာတ်များအနေဖြင့် ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်ဖရပ်စ်တို့နှင့်အတူ ဇင့်ခ်၊ ကော့ပါး၊ မဂ္ဂနိစ်နှင့် ပိုတက်စီယမ်တို့ ပမာဏအချို့ ပါဝင်၏။ ဗီတာမင်များအနေဖြင့် အေ၊ ဘီဝမ်း၊ ဘီတူး၊ စီ၊ အီးတို့နှင့်အတူ ဖောလစ်အက်စစ်တို့လည်း ပါဝင်၏။ ထို့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝစွာပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်း ဓာတ်တိုးခြင်းကြောင့် ဆဲလ်များပျက်စီး ခြင်းတို့မှ ကာကွယ်ပေးနိုင်၏။ထို့အပြင် ရှဉ့်မတက်အမြစ်ပိုင်းသည် ခန္ဓာကိုယ် အတွင်းရှိ အီစထရိုဂျင် ပမာဏကို ထိန်းညှိ ပေးနိုင်သည့် phyto-estrogens နှင့် flavonoids များဖြစ်သည့် steroidal saponins များ ပါဝင်သည်။
သန့်ရှင်းလတ်ဆတ်သော ရှဉ့်မတက်ဥ ၁၀၀ ဂရမ်တွင် အစာစွမ်းအင် ၂၂ ကယ်လိုရီ၊ အစိုဓာတ် ၁၁ ဒဿမ ၀၂ ဂရမ်၊ ပြာဓာတ် ၁ ဒဿမ ၅၂ ဂရမ်၊ အမျှင်ဓာတ် ၁ ဒဿမ ၇၄ ဂရမ်၊ အဆီဓာတ် ၁ ဒဿမ ၅၆ ဂရမ်၊ ကာဘိုဟိုက်ဒရိတ် ၃ - ၅ ဂရမ်၊ ပရိုတင်း ၁-၂ ဂရမ်၊ ကယ်လ်စီယမ် ၂၆ မီလီဂရမ်နှင့် သံဓာတ် ၂ ဒဿမ ၁၇ မီလီဂရမ်တို့ အသီးသီးပါဝင်၏။
ရှဉ့်မတက်ပင်ကို အိန္ဒိယနိုင်ငံတွင် အာယုဗေဒဆေးပညာရပ်အရ ဆေးဝါးအဖြစ်အသုံးပြုရန် စိုက်ပျိုးကြ၏။ ရှဥ့်မတက်ပင်သည် ကိုယ် ခန္ဓာအတွင်းရှိ ဟော်မုန်းများကို ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်ခြင်း၊ သင့်ကိုယ်ခံအား စနစ်ကိုမြှင့်တင်ပေးနိုင်ခြင်း၊ နုပျိုကျန်းမာသည့် အသားအရေပိုင်ရှင်ဖြစ်စေခြင်းတို့အပြင် အစာမကြေဖြစ်ခြင်း၊ ဝမ်းချုပ် ခြင်း၊ လေပွခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ ရေအိတ်တည်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း၊ ဝမ်းပျက် ဝမ်းလျောဖြစ်ခြင်း၊ ချောင်း ဆိုးရင်ကျပ်နာဖြစ်ခြင်း၊ တီဘီရောဂါဖြစ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်းနှင့် ဆီးချိုရောဂါ၊ အရက်ဖြတ်ခြင်း၊ အမျိုးသမီးများ လစဉ်ဓမ္မတာစက်ဝန်း မတိုင်ခင် ခံစားရသည့် ဝေဒနာများ၊ သွေးဆင်းလွန်ခြင်း၊ အာရုံကြောရောဂါများ၊ ချောင်းဆိုး ပန်းနာရင်ကျပ်ဖြစ်ခြင်း၊ တီဘီရောဂါ အစရှိသည့် ရောဂါများအတွက် ဆေးအဖြစ် ဖော်စပ်အသုံးပြုကြ၏။
အာယုဗေဒဆေးပညာရပ်အရ ရှဉ့်မတက်ကို လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာကတည်းက ဆေးစွမ်းကောင်း တစ်လက်အဖြစ် အသုံးပြုခဲ့ကြ၏။ ရှဉ့်မတက်မှ ဆေး ပြား၊ ဆေးမှုန့်၊ ဆေးရည် အစရှိသဖြင့် ပုံသဏ္ဍာန် အမျိုးမျိုး ဖော်စပ်ထုတ်လုပ်ကြ၏။
ရှဉ့်မတက်တွင် ဆီးချိုရောဂါဖြစ်ပွားမှုကို ဟန့်တားပေးနိုင်သော အင်ဆူလင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်စွမ်းရှိ၏။
အမျိုးသမီးအများစုကြုံတွေ့ခံစားကြရသည့် သားအိမ်အတွင်း ရေအိတ်၊ အသားလုံး အစရှိသည်တို့ ဖြစ်ပွားခြင်းနှင့် ဟိုမုန်းပမာဏ မျှခြေအနေအထားတွင်မရှိခြင်းတို့ကြောင့် မိသားစုမျိုးဆက်ရရှိရန် အခက်အခဲရှိနေသူများအတွက် ရှဉ့်မတက်ကို အသုံးပြုပြီး ကုထုံးတစ်ရပ် အဖြစ် သုတေသနပြုလေ့လာရာ အောင်မြင်မှုများ ရရှိခဲ့ခြင်းကို ၂ဝ၁၈ ခုနှစ် အတွင်း အိန္ဒိယနိုင်ငံ၏ Bio-medicine and Pharmacotherapy တွင် ဖော်ပြခဲ့၏။
အမျိုးသမီးများမလွဲမသွေကြုံတွေ့ရသည့် သွေးဆုံးခြင်းကြောင့် ခံစားရတတ်သည့် ခန္ဓာကိုယ်အပေါ်ပိုင်း ချွေးထွက်လွန်ခြင်းဝေဒနာအတွက် ရှဉ့်မတက်ကို ဆေးအဖြစ်အသုံးပြုကြ၏။
ရှဥ့်မတက်ဥမှုန့်သည် အမျိုးသားရော အမျိုးသမီးများပါ မျိုးဆက်ပွားကျန်းမာရေးကို အထောက်အကူပြုကြောင်း လူသိများသည်။ အမျိုးသမီးများအတွက် ကျန်းမာသော ရာသီ စက်ဝန်းကို ပံ့ပိုးပေးခြင်းဖြင့် မျိုးပွားအင်္ဂါများကို အာဟာရဖြည့်ပေးနိုင်၏။ အမျိုးသားများအတွက် သုက်ပိုးအရေအတွက်နှင့် အရည်အသွေးကို တိုးတက်ကောင်းမွန် စေပြီး မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကို ပံ့ပိုးပေးနိုင်၏။
ရှဥ့်မတက်ဥမှုန့်ကို အစားအစာပြင်ဆင်ချက်ပြုတ်ရာတွင်ထည့်ခြင်းဖြင့်ကိုယ်ခံအားစနစ်ကို အားကောင်း စေပြီး ဖျားနာမှုများနှင့် ကူးစက် ရောဂါများကို တိုက်ဖျက်ရာတွင် သက်ရောက်မှုကောင်းရှိနိုင်၏။
အသားအရေနုပျိုကျန်းမာခြင်းအတွက် ရှဥ့်မတက်ဥသည် အရေးပါသည့် သဘာဝဆေးစွမ်းတစ်လက် ဖြစ်၏။ အရေပြားရောင်ရမ်းနာကျင်မှုကို ဆန့်ကျင်နိုင်ခြင်းအပြင် ဘက်တီးရီးယားပိုးများကို တိုက်ဖျက်နိုင်စွမ်းရှိသော ဂုဏ်သတ္တိများကြောင့် ဝက်ခြံ၊ နှင်းခူနှင့် အသားထူသောအရေပြားရောဂါများ၊ အရေပြားနီ မြန်းယားယံခြင်းကဲ့သို့သော အရေ ပြား ပြဿနာအမျိုးမျိုးကို သက်သာနိုင်စွမ်းရှိ၏။ ထို့အပြင် ရှဥ့်မတက်တွင်ပါဝင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း များကြောင့် အသားအရေကို ကြည်လင်နုပျိုစေနိုင်စွမ်းရှိ၏။
ကောင်းမွန်သောအစာခြေခြင်းသည်ခန္ဓာကိုယ်ကျန်းမာရေးအတွက် အရေးအပါဆုံးဖြစ်ပြီးလေပွ၊ လေထ၊ လေချဥ်တက်ခြင်း၊ အစာအိမ်ရောင် ရမ်းနာကျင်ခြင်းဝေဒနာများအတွက် ရှဥ့်မတက်ဥမှုန့်ကို prebiotic ဆေး (အစာခြေစနစ်အတွက် ကောင်းမွန် သော ဘက်တီးရီးယားများမွေးမြူရန်) အဖြစ် အသုံးပြုနိုင်၏။
ယနေ့ခေတ်တွင် လူကြီး၊ လူငယ်၊ လူလတ်မရွေး လုပ်ငန်းခွင်ပိုင်း၊ ပညာ ရေးပိုင်း အစရှိသည့် သက်ဆိုင်ရာနယ်ပယ် အလိုက် စိတ်ဖိစီးမှုများ၊ စိုးရိမ်ပူပန်မှုများခြင်းတို့သည် အဖြစ်များသောကျန်းမာရေးအခက်အခဲဖြစ်လာ၏။ သို့ဖြစ်ရာ ရှဥ့်မတက်ဥမှုန့်သည် ခန္ဓာကိုယ်အတွင်း စိတ်ဖိစီးမှုကိုပိုမိုကောင်းမွန်စွာ ကိုင်တွယ် ဖယ်ရှားနိုင်သည့်အပြင် တည်ငြိမ်ပြီး ဟန်ချက်ညီသော စိတ်ခံစားချက်ရရှိ
အောင် မြှင့်တင်ပေးနိုင်၏။ရှဉ့်မတက်ဥမှုန့်သည် အဆုတ်နှင့် လေလမ်းကြောင်းမှ ချွဲသလိပ်များကို ရှင်းလင်းစေသည့်အပြင် ပန်းနာရင်ကျပ်ဖြစ်ခြင်း၊ လည်ချောင်းနာခြင်း၊ ဓာတ်မတည့်ခြင်းကြောင့် အသက် ရှူလမ်းကြောင်းဆိုင်ရာ အခက်အခဲရှိသူများအတွက် အထောက်အကူကောင်း ဖြစ်စေနိုင်၏။
နို့တိုက်မိခင်များနို့ထွက်အား ကောင်းစေရန်အတွက်လည်း ရှဉ့်မတက် ဥမြစ်ကို ဆေးအဖြစ် သောက်သုံးကြ၏။
ရှဉ့်မတက်ပင်၏အညွန့်နုနှင့် အစို့ပေါက်များကို အခြားသောဟင်း ရွက်ညွန့်များကဲ့သို့ အကြော်အလှော်၊ အသုပ်၊ ဟင်းရည်သောက်၊ တို့စရာ၊ အဖြစ် ပြင်ဆင်ချက်ပြုတ်စားသုံးနိုင်၏။ရာသီချိန်ခါနှင့်အညီ သဘာ၀ တရားမှပေးသည့် လက်ဆောင်မွန် ရှဥ့်မတက်ပင်မှ ရရှိသည့် အစိတ် အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး အစာလည်းဆေး၊ ဆေးလည်းအစာအဖြစ် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ်သက်သာ စေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်း များကို ရရှိနိုင်မည်ဖြစ်၏။ ထို့အပြင် မိမိတို့နိုင်ငံ၏ ဂေဟစနစ်ကောင်းမွန် ရေး၊ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝမှုများထွန်းကားရေးတို့ကို ရိုးရာယဥ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်အညီ ထိန်း သိမ်း စေနိုင်မည် ဖြစ်၏။
ကြေးမုံငယ်