စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၃၂) ၊ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များခေတ်နှင့်အညီလိုအပ်သောဘာသာရပ်နှင့်သုတေသနများ (၈)

(ယခင်အပတ်မှ အဆက်)
(ဆ) မိုးလေဝသပညာ (Meteorology/Climatology)အဆက်
စိုက်ပျိုးရေးမိုးလေဝသပညာရပ် လေ့လာရန်အတွက် စိုက်ပျိုးရေးဆိုင်ရာရူပဗေဒ (Agricultural Physics) အပြီး နောက်ဆက်စပ်ဘာသာများမှာ -
(ဆ-၂) ကမ္ဘာ့လေထုဆိုင်ရာသိပ္ပံ/မိုးလေဝသသိပ္ပံ (Atmospheric Science)
ဤဘာသာရပ်သည် မြေကြီးပတ်ဝန်းကျင်ရှိ လေထု၏ ပျော်ဝင်မှု(အထူလွှာ)၊ လေညှင်းတိုက်ခတ်မှု၊ ရာသီဥတုပြောင်းလဲမှု၊ မိုးရွာခြင်းနှင့် မိုးလေဝသထိခိုက်မှုတို့ကို သုတေသနပြုလေ့လာသော သိပ္ပံဖြစ်သည်။ ဤဘာသာရပ်ကိုလေ့လာရာတွင် မိုးကြိုတင်ခန့်မှန်းမှု၊ ရာသီဥတုပြောင်းလဲမှု၊ လေထုစနစ်များ စသည့်အရာများကို နားလည်ရန် အရေးကြီးသည်။ ကျောင်းသား/သူများက ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာနှင့် မိုးလေဝသ ဆက်စပ် ဘာသာများကို သင်ယူလေ့လာရပါမည်။
နိုင်ငံတကာတက္ကသိုလ်များမှ ကမ္ဘာ့လေထုဆိုင်ရာသိပ္ပံ (Atmos-pheric Science) ဘွဲ့ရရှိပါက ရရှိနိုင်သော အလုပ်အကိုင်များ လေနှင့်ရေအရည်အသွေး မန်နေဂျာ (Air and Water Quality Manager)၊ လေထုဆိုင်ရာသုတေသီ (Atmospheric Researcher)၊ ရာသီဥတုသိပ္ပံပညာရှင် (Climatologist)၊ ကွန်ပျူတာသိပ္ပံပညာရှင် (Computer Scientist)၊ ကမ္ဘာ့မြေကြီး သိပ္ပံပညာရှင် (Earth Scientist)၊ ရေနှင့် မိုးလေဝသဆိုင်ရာပညာရှင် (Hydrometeorologist)၊ ကိရိယာတပ်ဆင်နည်းပညာရှင် (Instrumental echnician)၊ အာမခံတောင်းခံမှု စုံစမ်းရေးမှူး (Insurance Claims Investigator)၊ မိုးလေဝသပညာရှင် (Meteorologist)၊ ရှေးဟောင်းရာသီဥတုသုတေသီ (Paleo-climatologist)၊ ဥယျာဉ်မှူး/ သဘာဝပန်းခြံထိန်းသိမ်းရေးမှူး (Park Ranger)၊ ပါမောက္ခ (Professor)၊ ရေဒါ ဘူမိရူပ ဗေဒပညာရှင် (Radar Geophysicist)၊ ဂြိုဟ်တုဒေတာ ဆန်းစစ်သူ (Satellite Data Analyst)၊ ကျောက်လွှာဖွဲ့စည်းမှုပညာရှင် (Stratigrapher)၊ မုန် တိုင်းဆိုင်ရာ ကျွမ်းကျင်သူ (Storm Specialist)၊ ငလျင်ပညာရှင် (Seismologist)၊ မိုး လေဝသ သတင်းထောက် (Weather Correspondent)၊ မိုးလေဝသခန့်မှန်းသူ (Weather Forecaster) စသည့် အလုပ်အကိုင်များသည် (Atmospheric Science) လေထုနှင့်ရာသီ ဥတုဆိုင်ရာ သိပ္ပံ ဘာသာရပ်သင်ယူခြင်းဖြင့် ရရှိနိုင်ပြီး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ သုတေသန၊ နည်းပညာနှင့် ပညာရေးနယ်ပယ်များတွင် အသက်မွေးဝမ်းကြောင်း ပြုနိုင်ပါသည်။
ဤဘာသာရပ်အတွက် ကမ္ဘာ့နာမည်ကြီးတက္ကသိုလ် ၃-ခုမှာ
(က) မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်၊ အမေရိကန်နိုင်ငံ (MIT - Massachusetts Institute of Technology, US) မြေထု၊ လေထုနှင့် ဂြိုလ်များဆိုင်ရာသိပ္ပံဌာန (Department of Earth, Atmospheric and Planetary Sciences) မှ ဤပညာ ပထမ ဘွဲ့၊ မဟာ၊ ပါရဂူဘွဲ့ (B.S./M.S./PhD in Atmospheric Science) နှင့် မိုးလေဝသပညာ ဘွဲ့ ပေးအပ်ပါသည်။ ထိပ်ဆုံးရောက်နေသော သုတေသနများမှာ ရာသီ ဥတုပြောင်းလဲမှုနှင့် မိုးလေကြိုတင်ခန့်မှန်းမှုအတွက် နိုင်ငံတကာအဆင့်မြင့်သုတေသန၊ နာရီအလိုက် မိုးလေဝသခန့်မှန်းမှုနည်းပညာ (Numerical Weather Prediction)၊ အာကာသ လေထုသိပ္ပံ (Space Weather)နှင့်ဂြိုဟ်လေထုသိပ္ပံတို့ဖြစ်ပါသည်။
(ခ) ရက်ဒင်းတက္ကသိုလ်၊ ယူကေနိုင်ငံ (University of Reading, UK) မိုးလေဝသဌာန (Department of Meteorology) မှ မိုးလေဝသနှင့်ရာသီဥတုသိပ္ပံဘွဲ့ကြို/ဘွဲ့လွန်ဘွဲ့ (B.S./M.S./Ph.D. in Meteorology/Climate Change and Risk) ပေးအပ်ပါသည်။ ဥရောပမိုးလေဝသခန့်မှန်းမှုစင်တာ (ECMWF) နှင့် ပူးပေါင်းထားသော တက္ကသိုလ် ဖြစ်သည်၊ ထိပ်ဆုံးရောက်နေသော သုတေသနများမှာ အရည်အသွေးမြင့် မိုးတိမ်နှင့် ရေငွေ့သုတေသန၊ ဂြိုလ်ထုမှ မိုးလေဝသသတင်းအချက်အလက်များ (Satellite Meteorolog) ကိုဆောင်ရွက်သည်။
(ဂ) ဗာဂန်နီဂန်သုတေသနတက္ကသိုလ်၊ နယ်သာလန်နိုင်ငံ (WUR – Wageningen University & Research, The Netherlands) သဘာဝပတ်ဝန်းကျင်သိပ္ပံအဖွဲ့ (Environmental Science Group) သင်ကြား/သုတေသနပြုမှုအောက်တွင် မဟာသိပ္ပံ - မိုးလေဝသ နှင့်လေထုအရည်အသွေး (M.S. in Meteorology and Air Quality) ဘွဲ့ပေး ပါသည်၊ ထိပ်ဆုံးရောက်နေသော သုတေသနများမှာ လေထုညစ်ညမ်း မှုအကြောင်း သုတေသန (Air Pollution & Air Quality Modeling)၊ မိုးလေဝသနှင့် စိုက်ပျိုးရေးထိတွေ့မှု သုတေသန၊ သဘာဝလေထုကို လေ့လာရန် ကွင်းသုံးကိရိယာများ (field instruments)၊ အဝေးမှအာရုံခံခြင်း (remote sensing) နှင့် ရာသီဥတုပုံစံ (climate model) များအသုံး ပြုခြင်းတို့ဖြစ်ပါသည်။
(ဆ-၃) ဇလဗေဒ (Hydrology)
Hydrology (ဇလဗေဒ) ဆိုသည်မှာ မြေမျက်နှာပြင်ပေါ်နှင့် မိုးလေထုအတွင်းရှိ ရေ၏ဖြစ် ထွန်းပေါ်ပေါက်မှု၊ ခရီးသွားလမ်းကြောင်း၊ ဖြန့်ဝေမှုနှင့် ပတ်ဝန်းကျင် အပေါ်သက်ရောက်မှုများကို လေ့လာသည့် သိပ္ပံဘာသာခွဲတစ်ခု ဖြစ်ပါသည်။ ဤဘာသာ /ပညာရပ်တွင် မြစ် ရေ၊ ချောင်းရေနှင့်မြေအောက်ရေများ ပါဝင်သည်။
ဤပညာရပ်သည် ရေသံသရာ (Water Cycle) ကိုလေ့လာသည်။ ယင်းတွင် မိုးရွာခြင်း (Precipitation)၊ ရေငွေ့ပျံခြင်း (Evaporation)၊ မျက်နှာပြင်ရေစီးဆင်းမှု (Runoff) နှင့် မြေအောက်ရေစီးဆင်းမှု (Ground-water Flow) တို့ပါဝင်သည်။ ထို့အပြင် ရေနှင့် ပတ်ဝန်းကျင်အကြား အပြန်အလှန်သက်ရောက်မှုများ၊ ဂေဟစနစ်များနှင့် လူသား လုပ်ဆောင်ချက်များအပေါ် ရေကြောင့်ဖြစ်ပေါ်သော အကျိုးသက်ရောက်မှုများကိုလည်း လေ့လာသည်။ ဇလဗေဒပညာရှင်များသည် ရေအရင်းအမြစ်များကို စီမံခန့်ခွဲရန်၊ ရေကြီး မှုနှင့် မိုးခေါင်မှုများကို ကြိုတင်ခန့်မှန်းရန်၊ ရေဆိုင်ရာ အခြေခံအဆောက်အအုံများ ဒီဇိုင်းဆွဲရန်တို့အ တွက် ဤပညာကိုအသုံးချသည်။ ဤပညာသည် ရေသိပ္ပံပညာ (Water Science) ဘာသာကြီး၏ ဘာသာရပ် အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ရေသိပ္ပံပညာသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ မိုးလေဝသပညာရှင်များ အပါအဝင် လိုအပ်နေသော ဘာသာကြီးဖြစ်ပြီး ယင်းတွင် ရေနှင့်သက်ဆိုင်သော အောက်ပါဘာသာ ရပ်များ ပါဝင်သည်-
ရေအရည်အသွေး (Water Quality): ရေ၏ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒဆိုင်ရာဂုဏ်သတ္တိများနှင့်ညစ်ညမ်းမှုများကြောင့်ယင်းတို့အပေါ်သက်ရောက်မှုများကို လေ့လာခြင်း၊
ရေအရင်းအမြစ်စီမံခန့်ခွဲမှု (Water Resources Management): လူသား နှင့်ဂေဟစနစ်ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ရေအရင်းအမြစ် များ၏ရေရှည်တည်တံ့သောဖွံ့ဖြိုးရေးနှင့် စီမံခန့်ခွဲမှုကို အဓိကထားလေ့လာ ခြင်း၊
ဇလဘူမိဗေဒ (Hydrogeology): မြေအောက်ရေ၏ ဖြစ်တည်မှု၊ ရွေ့လျား မှုနှင့် အရည်အသွေးကို လေ့လာခြင်း၊
ကုန်းတွင်းရေပြင်ဂေဟဗေဒ (Limnology): ရေကန်များနှင့် အခြားကုန်း တွင်း ရေပြင်ဂေဟစနစ်များကို လေ့လာခြင်း
သမုဒ္ဒရာသိပ္ပံ (Oceanography): သမုဒ္ဒရာများ၏ ရူပ၊ ဓာတုနှင့် ဇီဝဗေဒ ဆိုင်ရာ ဂုဏ်သတ္တိများကို လေ့လာခြင်း စသည်တို့ဖြစ်ပါသည်။
မိုးလေဝသ၊ ဇလဗေဒတို့ကို စနစ်တကျလေ့လာဖို့ စိုက်ပျိုးရေးအင်ဂျင်နီယာ (Agricultural Engineering)၊ သဘာဝပတ်ဝန်းကျင်သိပ္ပံ (Environmental Science)၊ ဘူမိဗေဒ(Geology)၊ ရေအရင်းအမြစ်အင်ဂျင် နီယာ(Water Resources Engineering) ပညာရပ်များ ပူးတွဲလေ့လာရန် လိုအပ်ပါသည်။
ရန်ကုန်တက္ကသိုလ်တွင် ပတ်ဝန်းကျင်နှင့်ရေလေ့လာရေးပညာဌာန (Department of Environment and Water Studies) ဖွင့်လှစ်ထားပြီး သိပ္ပံဘွဲ့ - ရေသိပ္ပံပညာ (BSc – Water Science)၊ မဟာသိပ္ပံ၊ ပါရဂူဘွဲ့များ ပေးအပ်လျက်ရှိနေပါသည်။ စိုက်ပျိုးမွေးမြူရေးပညာရပ်များနှင့် ပူးတွဲ သုတေသနပြုရန်လည်း လိုအပ်ပါဦးမည်။
(ဆ-၄) ပထဝီပညာ (Geography)
စိုက်ပျိုးရေးမိုးလေဝသပညာတွင် ပထဝီဝင်(အထူးသဖြင့် သဘာဝပထဝီဝင်နှင့် ရာသီဥတုပညာ)ကို လေ့လာရန် အလွန်အရေးပါသည်။ တချို့တက္ကသိုလ်များတွင် မိုးလေဝသ၊ ပထဝီဝင်နှင့် စိုက်ပျိုးမွေးမြူရေးကို ပေါင်း စပ်သင်ကြားပေးသည့် ဘာသာရပ်များ ပါရှိသည်။ မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၏ လက်ရှိ အနေအထားအရ ၁၉၆၄-ခုနှစ် နောက်ပိုင်း ဘာသာရပ်ပေါင်းစုံသင် တက္ကသိုလ်များ (Comprehensive Universities) မဟုတ်တော့သဖြင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ တက္ကသိုလ်များတွင် ပထဝီဝင်ဘာသာကို တွဲဖက်ဘာသာ (Minor Subject) အဖြစ် သင်ယူလေ့လာရန် အခက်အခဲရှိပါသည်။
ဆက်စပ်ပုံအနေဖြင့်-
ရာသီဥတုပညာ (Climatology) - ပထဝီဝင်၏ ဘာသာရပ်ခွဲဖြစ်ပြီး ရေရှည်ရာသီ ဥတုပုံစံများကို လေ့လာကာ စိုက်ပျိုးရေးအတွက် အရေးပါသည်။
သဘာဝပထဝီဝင် - မြေမျက်နှာသွင်ပြင်၊ အမြင့်၊ မြေအသုံးချမှုစနစ်များသည် ရာသီဥတုနှင့် ဒေသိယအခြေအနေများကို သက်ရောက်မှုရှိသည်။
ပထဝီအချက်အလက်နည်းပညာ (GIS) နှင့် အာကာသမှတ်တမ်းရုပ်ပုံများ - ပထဝီဝင်တွင် အသုံးပြုသောဤနည်းပညာများကို မိုးလေဝသခန့်မှန်းရေးတွင် အများဆုံး အသုံးပြု သည်။
စိုက်ပျိုးရေး မိုးလေဝသပညာ (Agrometeorology) တွင် မိုးလေဝသ အချက် အလက်များ (မိုးရေချိန်၊ အပူချိန်)နှင့် ပထဝီဆိုင်ရာအချက်များ (မြေအမျိုးအစား၊ မြေပြန့် မြေမြင့် ကွာခြားမှု) နှစ်ခုလုံးလိုအပ်မှုကို ပထဝီပညာ ဗဟုသုတများက ပံ့ပိုးပေးနိုင် ပါသည်။
(ဆ-၅) သင်္ချာပညာ (Mathematics)
ဤဘာသာသည် စာရေးသူတို့ မူလတန်းကျောင်းသား ဘဝကနေစ၍ တက္ကသိုလ်အထိ လေ့လာသင်ကြား/သင်ယူနေရသော ဘာသာဖြစ်ပါသည်။
မိုးလေဝသလေ့လာတွေ့ရှိချက်များကို စိုက်ပျိုးရေးအတွက် လက်တွေ့ ကျသော အချက် အလက်များအဖြစ် ပြောင်းလဲခြင်းသည် သင်္ချာဖြင့်အခြေခံထားသည်။ သင်္ချာသည် စိုက်ပျိုးရေးဆိုင်ရာ အသုံးချမှုများစွာအတွက် မရှိမဖြစ် လိုအပ်ကြောင်း အတိအလင်း အသိအမှတ်ပြုထားသည်။ ဥပမာ- စိုက်ပျိုးရန်အတွက် ရေပမာဏ လိုအပ်ချက်/ အကောင်းဆုံး သတ်မှတ်ခြင်း၊ မြေသြဇာ လိုအပ်ချက်ပမာဏ တိကျစွာ သတ်မှတ်ခြင်း၊ ကူးစက်ရောဂါဗေဒနှင့် မြေဆီလွှာ၊ အထွက်တိုးမှု တိုင်းတာခြင်းကဲ့သို့သော ပိုမိုရှုပ်ထွေးသော နယ်ပယ်များတွင်လည်း အသုံးပြုသည်။ သင်္ချာမော်ဒယ်များသည် ရှုပ်ထွေးသော စိုက်ပျိုးရေးပြဿနာများကို ဖြေရှင်းရန်၊ သိပ္ပံနည်းကျ နားလည်မှုနှင့် ဆုံးဖြတ်ချက်ချမှတ် ရန်အတွက် ရှုပ်ထွေးသောစနစ်များကို ပမာဏဖြင့် ဖော်ပြရန် မရှိမဖြစ်လိုအပ်သည်။
ဤပမာဏဆိုင်ရာ ချဉ်းကပ်မှုသည် စိုက်ပျိုးရေးစီမံကိန်းရေးဆွဲသူများအတွက် နည်းဗျူဟာမြောက် ရေတိုဆုံးဖြတ်ချက်များနှင့်မဟာဗျူဟာမြောက် ရေရှည်စီမံကိန်းများ (ဥပမာ၊ နေ့စဉ် ရေသွင်းချိန်ဇယားများ) ရာသီ ဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ခြင်း နှစ်ခုလုံးကို ပံ့ပိုးပေးသည်။
အနာဂတ်ရာသီဥတုအခြေအနေများကို တိကျစွာ ခန့်မှန်းနိုင်စွမ်းသည် ကြိုတင်ကာကွယ်မှုဆိုင်ရာ စိုက်ပျိုးရေးစီမံခန့်ခွဲမှုအတွက်အရေးကြီး ပြီးအဆင့်မြင့် သင်္ချာမော်ဒယ်များ အသုံးချမှုနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ခိုင်မာသော သင်္ချာမူဘောင်များမရှိပါက ရာသီဥတု အချက်အလက်များသည် ကုန်ကြမ်း လေ့လာတွေ့ရှိချက်များ စုစည်းမှု အဖြစ်သာ ကျန်ရှိနေမည်ဖြစ်ပြီး၊ ခေတ်မီစိုက်ပျိုးရေးကဏ္ဍ လိုအပ်သော "အချက်အလက်အခြေခံ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ထုတ်လုပ်မှု တိုးတက်စေခြင်းနှင့် ခံနိုင်ရည်ရှိမှု တည်ဆောက်ခြင်းတို့ကို ပံ့ပိုးပေးသည့် လက်တွေ့ကျသော ရာသီဥတုနှင့် မိုးလေဝသဆိုင်ရာ အချက်အလက်များ" အဖြစ် ပြောင်းလဲနိုင်မည် မဟုတ်သေးပါ။
စိုက်ပျိုးမွေးမြူရေး၊ သစ်တောပညာများအတွက်အရေးပါသောဇီဝစာရင်းအင်းပညာ (Biostatistics/ Bio metrics) ကိုလည်း နိုင်ငံတကာတက္ကသိုလ်များနည်းတူ အသုံးချသင်္ချာပညာနှင့်စာရင်းအင်းပညာ (Department of Applied Mathematics and Statistics) ဌာနကြီး တည်ထောင်ပြီး အထောက်အကူပြုပေးနိုင်ပါက ပိုမိုအကျိုးရှိနိုင်ပါလိမ့်မည်။
(နောက်ဆောင်းပါးများ ဆက်ပါဦးမည်)
ဒေါက်တာမျိုးကြွယ်