စိတ်ပျော်ရွှင်လန်းကျန်းမာဖို့ အိမ်တွင်းဥယျာဉ်စိုက်ကြစို့

စိတ်ပျော်ရွှင်လန်းကျန်းမာဖို့ အိမ်တွင်းဥယျာဉ်စိုက်ကြစို့

home garden

မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံနေထိုင်သည်နှင့်အတူ ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝပြီး ရိုးရာဓလေ့ထုံးတမ်းများကို နေ့စဉ်လူနေမှုဘဝနှင့် ယှဉ်တွဲလက်ကိုင်ထားသောနိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အလျောက် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းသည်လည်း အ‌ရေးပါသောကဏ္ဍမှပါဝင်ပြီး အဓိကအစားအစာ အရင်းအမြစ်အဖြစ်သာမက နိုင်ငံ၏ ယဉ်ကျေးမှုများနှင့် အလေ့အထများကို သိသာထင်ရှားစေပါသည်။ ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းသည် ဝါသနာအရသာမက လူမှုဘဝနေထိုင်မှုမြှင့်တင်‌ရေး၊ ကျန်းမာရေး ကောင်းမွန်ရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံနိုင်ရန် ပြီးပြည့်စုံသောနည်းလမ်းတစ်ခုပင်ဖြစ်သည်။ ဟင်းသီးဟင်းရွက်စိုက် ပျိုးခြင်းဆိုရာတွင် ဧကပေါင်းမြောက်မြားစွာ  စီးပွားဖြစ် စိုက်ပျိုးခြင်းသာမက မိမိအိမ်နောက်ဖေး ခြံဝန်းအတွင်းရှိ မြေကွက်လပ်များ၊ ဝရံတာကဲ့သို့သောနေရာလွတ်များတွင်လည်းတစ်ပိုင် တစ်နိုင်စိုက် ပျိုးခြင်းဖြင့်မိမိ၏စိတ်အေးချမ်းမှုအားရှာဖွေဖော်ထုတ်နိုင်သည်။

တိုးတက်လာသော လူနေမှုဘဝနှင့်အတူ မြင့်မားလာသော ကုန်စျေးနှုန်းများသည် ဝမ်းရေးအတွက် လှုပ်ရှားသွားလာနေသူများအပြင် အိမ်ရှင်မတိုင်း၏ မီးဖိုချောင်ကို တွန်းအားပေးလှုပ်ကိုင်လျက်ရှိသည်။ ရွှေစျေး၊ဆန် စျေး၊ ဆီစျေး သာမကကုန်စိမ်းစျေး သည်လည်းပဲ မြင့်တက်လာရာ အခြေခံ လခစားလုပ်သားများနှင့်အများ ပြည်သူတို့၏ တစ်နေ့တာဝမ်းရေးဖူလုံဖို့ရာမှာ မလွယ်လှချေ။ စျေးဖိုးမလောက်ငှသည့် ယခုအခြေအနေတွင် အိမ်‌နောက်ဖေးစျေးဆိုင်တည် ဟင်းသီးဟင်းရွက် တစ်ပိုင်တစ်နိုင်  အိမ်တွင်း ဥယျာဉ်စိုက်ပျိုးခြင်းမှာအလွန်ပင်အရေးပါလှပေသည်။ 

အိမ်တွင်းဥယျာဉ်များသည် စာရေးရိက္ခာဖူလုံ‌ရေးနှင့် မိသားစုအတွက် အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်လက်ဆက်သော သီနှံများကို စဉ်ဆက်မပြတ်ထောက်ပံ့ပေးနိုင်သော သုခဘုံသာမက အိမ်နီးချင်းများအကြား လူမှုဆက်ဆံရေးနှင့် ရင်းနှီးမှုများတိုးပွားစေသည့် နေရာ တစ်ခုပင်ဖြစ်သည်။ အိမ်တွင်းဥယျာဉ် တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းသည် မိမိနေရာ‌‌‌ဒေသရေမြေ ရာသီဉတုအပေါ်မှီငြမ်းကာ မိမိနှစ်သက်သည့်နည်းလမ်းများဖြင့် စိုက်ပျိုးနိုင်သည်။ မြေကွက်လပ်နေရာကျယ်သော ဒေသများတွင် ဘောင်များ၊ ကျင်းများဖြင့်တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ်သို့ စိုက်ပျိုးနိုင်ပြီး မြို့ပြနေရာများ၊ အထပ်မြင့်အဆောက် အဦးနေ ‌ဒေသများတွင်အိုး၊ ခွက်၊ခြင်းများ အသုံးပြုကာ ဟင်းသီးဟင်း ရွက်များအား အိမ်နောက်ဖေးစျေးဆိုင်တည်ကာ စိုက်ပျိုးနိုင်ပေသည်။  အိုး၊ ခွက်၊ ခြင်းများ အသုံးပြုကာ ဟင်းသီးဟင်းရွက်များအား စိုက်ပျိုးရာတွင် ခရမ်းချဉ်သီး၊ သခွားသီး ၊ နံနံပင် နှင့် ဆလပ်ရွက် ကဲ့သို့သောအရွက်အစိမ်းများ၊ ဟင်းသီးဟင်းရွက် များ အဓိကပါဝင်ပြီး မြေကွက်လပ်နေရာကျယ်သော ဒေသ/ နေရာများတွင် ငှက်ပျော၊ သင်္ဘော၊ သရက် ကဲ့သို့သော သီးနှံပင်များကို စိုက်ပျိုးနိုင်သည်။

မိသားစုများသည် ကိုယ်ပိုင် သီးနှံ စိုက်ပျိုးခြင်းအားဖြင့်စျေးဆိုင်များတွင်နေ့စဉ်ဝယ်ယူ အသုံးပြုနေရသော ကုန်ကျစရိတ်များ သိသိသာသာ လျှော့ချ နိုင်စေပြီးသွားလာရသောအချိန် နှင့် သယ်ယူပို့ဆောင်ခများကို  လျော့ကျစေမည်မှာ ဧကန်အမှန်ပင်ဖြစ်သည်။ ကလေးငယ်များလည်း ငယ်ရွယ်စဉ် ကတည်းကပင် စိုက်ပျိုးရေးနှင့်ရင်းနှီး ကျွမ်းဝင်ကာ ပတ်ဝန်းကျင်လေ့လာစူးစမ်းမှုများ တိုးတက် ကောင်းမွန်လာစေသည်။ ကျေးလက်ဒေသများ တွင် အိမ်တွင်းဥယျာဉ်များစိုက်ပျိုးခြင်းဖြင့်မိမိကိုယ် တိုင် စား‌ရေရိက္ခာ ဖူလုံစေရုံသာမက ပိုလျှံလာသော ထွက်ကုန်များကိုစည်သွပ်ဘူးများ၊ အအေးခံခြင်း၊ အချဉ်ဖောက်ခြင်းနည်းနှင့် ထိန်းသိမ်းပြီးတစ်နှစ်ပတ် လုံး စားသုံးနိုင်သည့်အပြင် မြန်မာ့ယဉ်ကျေး မှုအရ အိမ်နီးချင်းများအား ဝေငှခြင်းဖြင့် ခင်မင်ရင်းနှီးမှု တိုးစေနိုင်သည်။ ထို့အတူ ထွက်ကုန်များကို နီးစပ်ရာ စျေးကွက်များတွင် ရောင်း ချနိုင်ခြင်းကြောင့်လည်း တစ်ဖက်တစ်လမ်းမှအပိုဝင်ငွေရရှိပြီးအိမ်ထောင်စု စီးပွား ရေးကို သိသိသာသာ အ‌ထောက် အကူပြုစေပါသည်။ 

အိမ်တွင်းဥယျဉ်၏ ဆွဲဆောင်မှုအရှိဆုံး အကျိုးကျေးဇူးတစ်ခုမှာ လတ်ဆတ်သော သဘာဝ ထွက်ကုန်များရရှိခြင်း ဖြစ်သည်။ ဓာတုပိုးသတ် ဆေးနှင့် ဓာတ်မြေသြဇာများကို အသုံးမပြုပဲ မိမိစိတ်တိုင်းကျ ပျိုး ထောင်စိုက်ပျိုးနိုင်သောကြောင့် သန့်ရှင်းလတ်ဆတ်ကောင်းမွန်သော သီးနှံများကို စားသုံးနိုင်ကာ မိသားစု ၏ ကျန်းမာရေးကိုပိုမို ကောင်းမွန်စေနိုင်ပါသည်။ အားလပ်ချိန်များ တွင် မိသားစုနှင့်အတူ မိမိစိုက်ခင်းအား မြေဆွခြင်း၊ ပေါင်းသင်ခြင်း၊ ရေလောင်းခြင်းနှင့် စိုက်ခင်းမှထွက်ရှိလာသော သီးနှံများကို မိမိ ကိုယ်တိုင် ဆွတ်ခူးခြင်းကြောင့် ပြင်း ထန်သော ကိုယ်လက်လှုပ်ရှားမှုများ မှီဝဲရန်မလိုပဲ ကိုယ်လက်ကျန်းမာကာ စိတ်ရွှင်လန်းစေပါသည်။ 

ထို့ကြောင့် ပတ်ဝန်းကျင်၊ အလုပ်ဖိအားများမှ ရရှိလာသော စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုများ ပြေပျောက်စေနိုင်သည့် သဘာဝနှင့်ထိတွေ့ရန် အကောင်းဆုံး ရွေးချယ်မှုပင်ဖြစ်သည်။ 

ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းသည် လက်ဆတ်သောအသီးအနှံများ စားသုံးရခြင်းထက် ပိုပါသည်။ ၄င်းတို့သည် ကျန်းမာသောလူနေမှုပုံစံ၊ သဘာဝနှင့် ထိတွေ့စေရန်နက်ရှိုင်းသော  ချိတ်ဆက်မှု၊ လူမှု ဆက်ဆံရေးတိုးတက်စေသော အမူ အကျင့်ယဉ်ကျေးမှုတစ်ခုပင်ဖြစ် သည်။ မြို့ပြအသွင်ပြောင်းလဲမှု၊ ရာသီဉတုပြောင်းလဲမှု၊ စီးပွားရေးဖိအားများကြောင့် အိမ်တွင်းဉယျာဉ်များသည် တဖြည်းဖြည်းနှင့် အရေးပါ အသုံးဝင်လာသည်ဖြစ်သည်။   စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံ ဖြစ်သည့်အလျောက် ဟင်းသီးဟင်း ရွက်စိုက်ပျိုးခြင်းသည် မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အကျိုးကျေးဇူးများကို ပေးဆောင်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းများသည် ဒေသဓလေ့ ထုံးတမ်းများ၊  လူ့အရင်းအမြစ်များ နှင့်မိသားစုများကိုစိတ်ပျော်ရွှင်လန်း ကျန်းမာစေကာလူများစွာတို့၏ ဘဝ တွင်အရေးပါသော အခန်းကဏ္ဍအဖြစ်ဆက်လက် ပါဝင်နေမည်ဖြစ်ပါသည်။

ဇွန်သံသာမိုး