သဘာဝကပေး အစာနှင့်ဆေး ၊ ဖက်ဖယ်ပင်

သဘာဝကပေး အစာနှင့်ဆေး ၊ ဖက်ဖယ်ပင်

ဖက်ဖယ်ပင်

လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်စုခန့်လောက်ကတည်းက နေထိုင်စားသောက်မှု စတိုင်လ် ပြောင်းလဲလာခဲ့၏။  ဟင်းလျာများကို ချက်ပြုတ်ရာတွင်လည်း သုံးစွဲသည့် ဟင်းခတ်အမွှေးအကြိုင်အပေါ် မူတည်ပြီး အသားကင်၊ ငါးကင်၊ အသုပ်များ ပြင်ဆင်မှုများလည်း တစ်မူထူးခြားလာခဲ့၏။တိုင်းရင်းသားရိုးရာဟင်းလျာ ပြင်ဆင်ချက်ပြုတ်နည်းများလည်း ခေတ်စားလာပြီး ရုပ်သံမီဒီယာများမှတစ်ဆင့်လည်း  ဖော်ထုတ်လာကြသဖြင့် အိမ်တိုင်းတွင် အလွယ်တကူ ချက်ပြုတ်စားသုံးလာခဲ့ကြ၏။ ဖက်ဖယ်ရွက်ကို မြန်မာနိုင်ငံတွင် ကချင်၊ ချင်း၊ ရှမ်း၊ ကယားတိုင်းရင်းသားများက ဟင်းခတ်အမွှေးအကြိုင်အဖြစ် အဓိက အသုံးပြုခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုလာ ကြ၏။ 

အိမ်တိုင်း၏ စားဖိုဆောင်မှာ မရှိမဖြစ် ဟင်းခတ်အမွှေးအကြိုင်တစ်ခုအဖြစ် လူသိများကြသည့် ဖက်ဖယ်ရွက်ကို ဗီယက်နမ်နံနံပင်၊ ရေငရုတ်ကောင်းပင်ဟုလည်း ခေါ်ဆိုကြ၏။ အင်္ဂလိပ်အမည်မှာ  Viet-namese Coriander ဟု  ခေါ်ဆိုကြသကဲ့သို့ Water Pepper, Marsh Pepper နှင့် Knot Weed  ဟုလည်း ခေါ်ဆိုကြ၏။ ရုက္ခဗေဒအမည်မှာ  Persicaria hydropiper  ဟု  ခေါ်ဆိုကြသကဲ့သို့  Polygonum hydropiper  ဟုလည်း ခေါ်ဆိုကြပြီး ဝက်ကြိမ်ပင်နှင့် မျိုးရင်းတူသည့် Polygonaceae တွင်ပါဝင်၏။

ဖက်ဖယ်ပင်သည် သြစတြေးလျ၊ နယူးဇီလန်၊ သမပိုင်း အာရှ၊ ဥရောပနှင့် မြောက်အမေရိကတို့တွင် မူလစတင် ဖြစ်ထွန်းတွေ့ရှိကြ၏။ ဖက်ဖယ်ရွက်၏ စူးရှသောအနံ့အရသာကြောင့် ဟင်းလျာများချက်ပြုတ်ပြင်ဆင်ရာတွင် အနံ့အရသာနှင့် ပြည့်စုံလာစေရန် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြ၏။

ဖက်ဖယ်ပင်သည် စိုစွတ်သောနေရာများနှင့်ရေတိမ်ပိုင်းတွင် ပေါက်ရောက်၏။ ယင်းသည် တစ်နှစ်ခံပင်ပျော့မျိုးဖြစ်ပြီး အပင်အမြင့် တစ်ပေခန့်သာရှိ၏။ အရွက်များမှာ လှံသွား ပုံဖြစ်ပြီး အရွက်ညှာကင်းမဲ့၏။ ပန်းခိုင်မှာ ထိပ်ထွက် အမျိုးအစားဖြစ်ပြီး ပန်းပွင့်ကိုင်းမှာ ၁၅ စင်တီမီတာခန့် ရှိ၏။ ပန်းခိုင်က ကွေးပြီး ထိပ်ဘက်ပိုင်းတွင် ညွှတ်ကျ၏။ ပွက်ရွက်အုံတစ်ခုတွင် ပွင့်ရွက် ၅ ခုပါဝင်၏။ ဝတ်ဆံဖို ၈  ခု ပါဝင်၏။ သုံးထောင့်ပုံ အစေ့အိမ်အတွင်းတွင် အခြေထွက် အစေ့လောင်း တစ်စေ့သာ ပါဝင်၏။ အသီးအမှည့်သည် နီညိုရောင်ဘဲဥပုံ ပြားသောအစေ့ရှိ၏။ 

သန့်ရှင်းလတ်ဆတ်သော ဖက်ဖယ်ရွက် ၁၀၀ ဂရမ်တွင် အစာစွမ်းအင်တန်ဖိုး ၂၉၆.၁၈ ကယ်လိုရီပါဝင်ပြီး အစိုဓာတ် ၁၂ ဒဿမ ၂၀ ရာခိုင်နှုန်း၊ ပြာဓာတ် ၇ ဒဿမ ၆၅ ရာခိုင်နှုန်း၊ ပရိုတင်း ၁၇ ဒဿမ ၈၆ ရာခိုင်နှုန်း၊ အဆီ ၂ ဒဿမ ၁၀ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ၈ ဒဿမ ၇၃ ရာခိုင်နှုန်း၊ ကာဗိုဟိုက်ဒရိတ် ၅၁ ဒဿမ ၄၆ ရာခိုင်နှုန်း၊ သကြား ၁ ဒဿမ ၅၀ ရာခိုင်နှုန်းတို့ပါဝင်၏။ အပင်၏ကြီးထွားမှုအခြေအနေ၊ သက်တမ်းနှင့်  အပင်၏အစိတ်အပိုင်းပေါ်မူတည်၍ အာဟာရတန်ဖိုးများ ကွဲပြားနိုင်၏။ ထို့အပြင် ဖက်ဖယ်ပင်တွင် ဖလေဗာနွိုက်၊ တာပင်နွိုက်၊ ဂလိုင်ကိုဆိုက်၊ စတီးရွိုက်၊ ကရိုတီနွိုက်၊ တာနင်၊ ရနံ့မွှေးအဆီနှင့် ဖီနိုလစ်ဒြပ်ပေါင်းကဲ့သို့သော phytochemicals အမျိုးမျိုးလည်း ပါဝင်၏။

ဖက်ဖယ်ပင်၏ အလားအလာကောင်း ဆေးဖက်ဝင်ဂုဏ်သတ္တိများကြောင့် ရိုးရာတိုင်းရင်းဆေးပညာရပ်များနှင့် ဟင်းလျာများချက်ပြုတ်ပြင်ဆင်ရာတွင် အသုံးပြုကြ၏။ ရိုးရာတိုင်းရင်းဆေးပညာရပ်အရ ယင်း၏ဆေးဖက်ဝင် အာနိသင်ကြောင့် လူသိများပြီး ခေါင်းကိုက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ လိပ်ခေါင်းရောဂါနှင့် ဆီးရောဂါတို့အပါအဝင် ဝေဒနာအမျိုးမျိုးကို ကုသရာတွင် အသုံးပြု၏။  လေ့လာမှုများအရ ဖက်ဖယ်ပင်တွင် ဓာတ်တိုးခြင်းကို ဆန့်ကျင်နိုင်စွမ်း၊ ကိုယ်လက်ရောင်ရမ်းနာကျင်ခြင်းဆန့်ကျင်စွမ်းနှင့် ပိုးမွှားများကို သေစေနိုင်သော ဂုဏ်သတ္တိများရှိသည်ဆို၏။

  • ဖက်ဖယ်ပင်တွင် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများပါရှိသော ဖလေဗာနွိုက်ကဲ့သို့သော ဒြပ်ပေါင်းများပါရှိသည့်အတွက် ကိုယ်လက်ရောင်ရမ်းနာကျင်ခြင်း၊ ‌ဖောရောင်ခြင်း၊ အရေပြားရောင်ရမ်းခြင်းနှင့် ဆက်စပ်ဝေဒနာများကို လျှော့ချရာ တွင် အကျိုးပြု၏။ 

  • လေ့လာဆန်းစစ်မှုများအရ ဖက်ဖယ်ပင်တွင်  အချို့သော ကူးစက် ရောဂါများကို တိုက်ဖျက်နိုင်စွမ်းရှိပြီး အရေပြား ရောဂါများနှင့် ထိခိုက်ဒဏ်ရာများကို ကုသရာတွင် အသုံး ပြု၏။

  • သုတေသနပြုချက်အချို့အရ  ဖက်ဖယ်ပင်သည် သွေးအတွင်းရှိ ဂလူးကို့စ်ပမာဏကို ကျဆင်းစေနိုင်ခြင်း ကြောင့် ဆီးချိုရောဂါကို ဆန့်ကျင်နိုင်စွမ်းရှိသည်ဟု သိရ၏။

  • နှလုံးနှင့် ပတ်သက်သည့်ရောဂါများ၊ အသည်းကျန်းမာရေးကို အထောက်အကူပြုနိုင်စွမ်းရှိသည်ဟုလည်း သုတေသနပြုချက်များအရ ဆို၏။

  • ဖက်ဖယ်ပင်သည် မျိုးဆက်ပြန့်ပွားခြင်းဆိုင်ရာကိစ္စရပ်များအတွက် အကျိုးသက်ရောက်မှုကောင်းများ ရှိစေနိုင် သည်ဆို၏။ 

  • ဖက်ဖယ်ပင်ကို   အယ်လ်ဇိုင်းမားရောဂါ၊ ဝက်ရူးပြန်ရောဂါ၊ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးသည့်ဆေး အပါအဝင် အခြားသောရောဂါအခြေအနေအမျိုးမျိုးအတွက် အသုံးပြုနိုင်စွမ်းတို့ရှိကြောင်း သုတေသနပြုချက်များအရ ဖော်ပြထား၏။

  • ဖက်ဖယ်ပင်ကို လိပ်ခေါင်းနှင့် အခြားသွေးထွက်မှုပုံစံများ အပါအဝင် သွေးထွက်ခြင်းကို ရပ်တန့်ရန် ရှေးယခင်ကတည်းက အသုံးပြုခဲ့၏။ 

ဖက်ဖယ်ရွက်ကို  ကချင်၊ ချင်း၊ ကယား၊ ရှမ်းပြည်နယ်တို့တွင် ပေါက် ရောက်စိုက်ပျိုးလေ့ရှိကြပြီး ဟင်းလျာများ ချက်ပြုတ်ပြင်ဆင်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် ထည့်သွင်းအသုံးပြုကြ၏။ စျေးထဲ သို့မဟုတ် စူပါမားကက်မှ ဝယ်လာသော ဖက်ဖယ်ရွက်အစည်းလေးထဲမှ အရွက်လေးများကို ချက် ပြုတ်ရန် ယူထားပြီး အကိုင်းများကို ရေထည့်ထားသော ပုလင်းထဲထည့်ပြီး ၃ ရက်ခန့်စိမ်ထားလျှင် အမြစ်မွှားလေးများထွက်လာ၏။ နောက် ပိုင်းတွင် ရေစပ်စပ် ရှိသော မြေကြီးပေါ်သို့ ပြောင်းရွှေ့စိုက်ပျိုးလိုက်လျှင် အညွန့်အသစ်များဖြင့် ဝေဆာရှင်သန်နေသည့် ဖက်ဖယ်ပင်လေး ဖြစ်လာပြီး စားလိုချိန်တွင် အလွယ်တကူ ခူးဆွတ်လိုက်ရုံပင်။ တစ်ပိုင်တစ်နိုင်ဥယျာဥ်ခြံလေးလည်း ဖြစ်စေပြီး အိမ်စရိတ်ကိုလည်း သက်သာစေ၏။

  • ဖက်ဖယ်ရွက်ကို အခြားသော ဟင်းခတ်အမွှေးအကြိုင်များဖြစ်သည့် နံနံပင်၊ ရှမ်းနံနံ၊ ပင်စိမ်း၊ ကြက်သွန်မြိတ်၊ စပါးလင်၊ ငရုတ် သီးစိမ်း၊ ကြက်သွန်ဖြူ၊ ချင်းတို့နှင့် ရောစပ်ကြိတ်မွှေပြီး    နှစ်သက်ရာ ငါး၊ ပုစွန်၊ ကဏန်း၊ အသားတို့နှင့် ရောနယ်ကာ ပေါင်းခြင်း၊ ကင်ခြင်း စသဖြင့် ပြုလုပ်စားသုံးနိုင်၏။

  • ဝါတွင်းကာလ သားသတ်လွတ်စားသုံးသူများအတွက် ခရမ်းသီးမီးဖုတ်၊ ခရမ်းချဥ်သီးမီးဖုတ်တို့အထဲတွင် ဖက်ဖယ် ရွက်ပါးပါးလှီးထည့်ပြီး ကြက်သွန်နီ၊ မြေပဲထောင်း၊ ပဲပုပ်မီးကင်ထောင်းတို့နှင့်အတူ သုပ်ပေးခြင်းဖြင့် အနံ့အရသာ ပြည့်စုံကောင်းမွန်သည့် ဟင်းလျာတစ်မယ် တိုးစေ၏။

  • အချို့ကလည်း ဖက်ဖယ်ရွက်ကို ရှမ်းနံနံ၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခတ်မှုန့်တို့နှင့်အတူ ထောင်း စားတတ်ကြ၏။

  • ဆတ်သားခြောက်/ ဆိတ်သားခြောက်/ အမဲသားခြောက်တို့ကို မီးဖုတ်ပြီး ထုနွှင်ထားပေးပါ။ ထို့နောက် ပါးပါးလှီးထားသော ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီးစိမ်း၊ မထူမပါးလှီးထားသော ဖက်ဖယ်ရွက်ခပ်များများနှင့်အတူ နံနံပင်တို့ထည့်ပါ၊ ငံပြာရည်၊ သံပရာရည်ထည့်၊ ဟင်းခတ်မှုန့် အနည်းငယ်တို့ထည့်ပြီး သမအောင် ရောနယ်ပေးပါ။ သင်းပျံ့မွှေးသော အနံ့နှင့်အတူ လျှာပေါ်တွင် ပူရှိန်း ရှိန်း ချဥ်ငံစပ်အရသာလေးနှင့် ဖက်ဖယ်ရွက်အသားခြောက်ဖုတ်သုပ်လေးတစ်ပွဲ ရပါပြီ။ ကြိုက်တတ်လျှင် မြေပဲဆီ/နှမ်းဆီမွှေးလေးဆမ်းပေးပါ။ ထမင်းဖြူပူပူလေးနှင့် တွဲစားနိုင်သလို ရေ‌နွေးကြမ်းပူပူလေးနှင့် လိုက်ဖက်နေမှုကြီးပင်။

ရာသီချိန်ခါနှင့်အညီ သဘာ၀ တရားမှပေးသည့် လက်ဆောင်မွန် ဖက်ဖယ်ပင်မှ ရရှိသည့် အစိတ်အပိုင်း များကို အမြတ်တနိုးတန်ဖိုးထားပြီး ‌ဒေသအလိုက်ကွဲပြားသည့် ချက်ပြုတ် နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက်သာ စေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။ ထို့အပြင် မိမိတို့နိုင်ငံ အတွက်ဂေဟစနစ်‌ ကောင်းမွန်စေရေး၊ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝမှုများထွန်းကားရေးတို့ကို ရိုးရာယဥ်ကျေးမှုဓလေ့ထုံးတမ်း များနှင့်အညီထိန်းသိမ်းစေနိုင်မည် ဖြစ်၏။

ကြေးမုံငယ်