သဘာဝကပေး အစာနှင့်ဆေး ၊ မြေပစ်ပင်

သဘာဝကပေး အစာနှင့်ဆေး ၊ မြေပစ်ပင်

မျက်ထောင့်ပင်

မြေပစ်ပင်ကို မြေချဥ်ပင်၊ တီကျစ်ပင်၊ မျက်ထောင့်ပင်၊ ကုလားချဥ်ပေါင်ပင်ဟု ဒေသအလိုက် အမည်နာမ မျိုးစုံခေါ်ဆို တတ်ကြ၏။ ယင်း၏ အင်္ဂလိပ်အမည်မှာ Little Hogweed ဟု  ခေါ်ဆိုကြသကဲ့သို့ Red root, Verdolaga နှင့် Pursley ဟုလည်း ခေါ်ဆိုကြ၏။ ရုက္ခဗေဒအမည်မှာ Portulaca oleracea Linn ဖြစ်ပြီး ကိုးနာရီပန်းနှင့်မျိုးရင်းတူသည့် Portulacaceae တွင်ပါဝင်၏။ မြေပစ်ပင်သည် မြောက်အာဖရိကဒေသမှ သဘာဝအတိုင်း စတင် ဖြစ်ထွန်းပြီး ထိုမှ တစ်ဖန် အရှေ့အလယ်ပိုင်း၊ အိန္ဒိယ၊ မလေးရှားနှင့် သြစတြေးလျနိုင်ငံတို့အထိ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ပေါက်ရောက် ဖြစ်ထွန်းလာခဲ့၏။ မြေပစ်ပင်သည် အမေရိကတိုက်သို့ ကိုလံဘတ် မရောက်မီ ကာလ အေဒီ ၁၄၃၀ ခုနှစ်ခန့်ကတည်းက ရောက်ရှိနေခဲ့ပြီး ၁၆ ရာစုနှောင်းပိုင်းဒေသများတွင် ဥရောပနိုင်ငံများသို့ ပျံ့နှံ့ပေါက်ပွားလာခဲ့ကြ၏။ အမေရိကန် ပြည်ထောင်စုတွင် မြေပစ်ပင်ကို ပြည်ပမှ ကျူးကျော်ပေါက်ရောက်လာသည့် ပေါင်းပင် exotic weed ဟု သတ်မှတ် ယူဆထားကြ၏။

မြေပစ်ပင်သည် တစ်နှစ်ခံအပင်မျိုးဖြစ်ပြီး အပင်အမြင့် ၄၀ စင်တီမီတာ (၁၆ လက်မ) ခန့်ထိ ရှင်သန်ကြီးထွား နိုင်၏။ မြေပြင်တွင်ကပ်ပေါက်တတ်သော ပင်စည်အမျိုးအစားဖြစ်ပြီး အကိုင်းအခက်များမှာ ပြောင်ချောကာ အနီရောင် သမ်းပြီး  ဝေဝေဆာဆာဖြင့်ထွက်လာတတ်၏။ အရွက်များမှာလည်း ပြောင်ချောကာ ရွက်လွှဲထွက်ပြီး ရွက်နားများတွင် အနီရောင်အနားသပ်များရှိ၏။ အရွက်အစုအဝေး၏ အလယ်ပိုင်းတွင် ပန်းဖူးလေးများ ဖူးပြီး နံနက်ခင်း နေရောင်ဖြာချိန် နာရီအနည်းငယ်အတွင်း ပန်းလေးများ ပွင့်ကြ၏။  အဝါရောင်ပန်းပွင့်လေးများတွင် ပွင့်ဖတ် ၅ ခုပါဝင်ပြီး အပွင့်အလျား  ၆ မီလီမီတာခန့် ရှိ၏။ မိုးရွာသွန်းမှုပေါ်မူတည်ပြီး တစ်နှစ်ပတ် လုံး ပန်းပွင့်နိုင်၏။  သေးငယ်သော အစေ့များကို အစေ့အိမ် ဖြင့် ဖွဲ့စည်းထားပြီး အစေ့များ ရင့်လာသည့်အခါ အစေ့လေးများ ပွင့်ထွက်လွင့်စင်သွားတတ်၏။ မြေပစ်ပင်၏ အမြစ်မှာ ရေသောက်မြစ်အပြင် အမြစ်မွှေးများစွာရှိသည့်အတွက် ရေငတ်ဒဏ်ကိုခံနိုင်ရည်ရှိပြီး ခြောက်သွေ့ခြင်းကို ခံနိုင်ရည်ရှိသော အပင်မျိုးဖြစ်၏။

သန့်ရှင်းလတ်ဆတ်သောမြေပစ် ပင်တွင် အစာစွမ်းအင် ၂၀ ကယ်လိုရီပါဝင်ပြီး ရေဓာတ် ၉၃ ရာခိုင်နှုန်းကျော် ပါဝင်ပြီး ကာဘိုဟိုက်ဒရိတ် ၃ ရာခိုင်နှုန်း၊ ပရိုတင်း ၂ ရာခိုင်နှုန်းနှင့် အခြားသောဓာတ်များ ၂ ရာခိုင်နှုန်းတို့ပါဝင်၏။  ထို့အပြင် ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီးတို့အပါအဝင် သတ္တုဓာတ်များစွာလည်း ပါဝင်၏။ မြေပစ်ပင်တွင် ကျန်းမာရေးအတွက် အလွန်အထောက်အကူပြုစေသည့် အိုမီဂါသရီး ဖက်တီးအက်စစ်လည်း ကြွယ်ဝစွာပါဝင်သည့် အရင်းအမြစ်ကောင်းဖြစ်၏။

မြေပစ်ပင်တွင်ပါဝင်သည့် အာဟာရ ဓာတ်များနှင့် ဆေးဖက်ဝင်အာနိသင်များကြောင့် ယင်းအပင်ကို ဆေးဝါး အဖြစ်အသုံးပြုခဲ့သည့် သမိုင်းကြောင်းရှည်လျားစွာရှိခဲ့၏။ မြေပစ်ပင်တွင် ခန္ဓာကိုယ်ရောင်ရမ်းနာကျင်ခြင်းကို ဆန့်ကျင် နိုင်စွမ်း၊ ဓာတ်တိုးခြင်းကို ဆန့်ကျင်နိုင်စွမ်းနှင့် ဘက်တီးရီးယားပိုးများကို တိုက်ဖျက်နိုင်စွမ်းတို့ရှိ၏။ အိုမီဂါသရီး ဖက်တီးအက်စစ်အရင်းအမြစ်ကောင်းဖြစ်သည့် အတွက် နှလုံးနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ အဆုတ် ရောဂါများအတွက် ကျန်းမာရေးအကျိုး ကျေးဇူးကောင်းများကို ပေးစွမ်းနိုင် ၏။ ရိုးရာတိုင်းရင်းဆေးပညာရပ် အရလည်း မြေပစ်ပင်ကို အဖျားရောဂါအမျိုးမျိုး၊ ဝမ်းပျက်ဝမ်း လျော ဖြစ်ခြင်းနှင့် အသားအရေကျန်းမာ ရေးတို့အတွက် ဆေးဝါး အဖြစ် ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြ၏။

  • အိုမီဂါသရီးဖက်တီးအက်စစ်ကြွယ်ဝစွာပါဝင်သည့် မြေပစ်ပင်သည် နှလုံးရောဂါ၊ နှလုံးသွေးကြောနှင့် ဆက်စပ်ရောဂါများကို သက်သာစေနိုင်စွမ်းရှိ၏။

  • ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ခြင်းကြောင့် ကိုယ်ခန္ဓာအတွက် ဆိုးကျိုးဖြစ်စေသော ရောဂါများဝင်ရောက်ခြင်းမှ ဟန့်တားပေးနိုင်စွမ်းရှိ၏။

  • မြေပစ်ပင်သည် ထိခိုက်ဒဏ်ရာများကို လျင်မြန်စွာ သက်သာစေနိုင်စွမ်း (ဒဏ်ကြေနိုင်စွမ်း) ရှိသည့် အတွက် ကိုယ်လက်ရောင်ရမ်းနာ ကျင်ခြင်းများကို လျော့ကျစေနိုင်စွမ်းရှိ၏။

  • မြေပစ်ပင်သည် အစာအိမ် အနာများကိုကုသရာတွင် အထောက်အကူ ပြုနိုင်ချေရှိသော ulcerogenic ဂုဏ်သတ္တိ များစွာပါဝင်၏။

  • မြေပစ်ပင်တွင် ဆီးရွှင်ခြင်းနှင့် ဝမ်းပျော့စေခြင်းဂုဏ်သတ္တိများရှိသည့်အပြင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ဝမ်းချုပ်ခြင်းကို ကုသရာတွင် အထောက်အကူဖြစ်စေနိုင်၏။

  • အချို့သော သုတေသနပြုချက်များအရ မြေပစ်ပင်ကို စားသုံးခြင်းကြောင့် ဆီးချိုရောဂါအမျိုးအစား ၂ ဝေဒနာရှင်များအတွက် အကျိုးပြုနိုင်ချေရှိသော သွေးတွင်းသကြားဓာတ်ပမာဏကို လျှော့ချနိုင်သည်ဟု ဆို၏။

  • လေ့လာမှုများအရ မြေပစ်ပင်သည် ရာသီသွေးဆင်းခြင်း၊  သွေးလွန်ခြင်းကို ထိန်းညှိပေးနိုင်သည်ဆို၏။

  • ရိုးရာတိုင်းရင်းဆေးပညာရပ်အရ မြေပစ်ပင်ကို ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်းနှင့် အူလမ်းကြောင်းအတွင်းရှိ   သန်ကောင်၊ တုတ်ကောင်များကို တိုက်ဖျက်ရန် ရှေးယခင်ကတည်းက ဆေးအဖြစ် အသုံးပြုခဲ့ကြသည်ဆို၏။

မြန်မာ့ဆေးကျမ်း (အရှင်နာဂသိန်ဆေးအဘိဓာန်)အရ မြေပစ်ပင်သည် ဖန်၏၊ ခါး၏၊ သည်းခြေကို ဖြစ်စေ၏၊ ဆီးဝမ်းကိုရွှင်စေ၏၊ အဖျားဟောင်းကို ပယ်တတ်၏၊ ချောင်းဆိုး၊ ပန်းနာ၊ ရင်ကြပ်၊ လေလုံးရောဂါ၊ ဆီးသွန်နာ၊ ရောင်ရမ်းခြင်းကို ကင်းဝေးစေ၏၊ လေနာရောဂါကိုနိုင်၏၊ မျက်စိ ရောဂါ၊ အရေပြားရောဂါ၊ အနာပေါက် ရောဂါများကို ကင်းဝေးစေ၏။ ယင်းအရွက်စိမ်းကိုကြိတ်ပြီး မျက်စိနာနှင့် ဆင်ခြေထောက်ရောဂါများကိုလည်း ပျောက်ကင်းစေနိုင်သည်ဟု ဖော်ပြထား၏။

မြေပစ်ပင်သည် မြန်မာနိုင်ငံအနှံ့နေရာဒေသအစုံတွင် အလေ့ကျပေါက်ရောက်သည့် အပင်မျိုး ဖြစ်သည့် အတွက် ဒေသစုံ၊ နယ်ပယ်စုံမှ အမည်နာမျိုးစုံသလို ချက်ပြုတ်နည်း စုံလင်စွာဖြင့် ပြင်ဆင်ချက်ပြုတ်စားသုံးတတ်ကြ၏။ စာရေးသူလည်း မြေပစ်ပင်ကို လွန်ခဲ့သည့် ၁၀ နှစ်ခန့်က စျေးဝယ်သွားစဥ် တောသည်လေးများက ထိုအရွက်ကို ဆေးဖက်ဝင် ကြောင်း မိတ်ဆက်ရောင်းချပေးသဖြင့် သိခဲ့ရပြီးနောက် အင်တာနက်တွင် ရှာဖွေဖတ်ရင်း ယင်း၏ အာဟာရတန်ဖိုးနှင့် ဆေး ဖက်ဝင်ပုံကို သိရှိခဲ့သမျှကို မျှဝေလိုက်ရခြင်း ဖြစ်၏။

မြေပစ်ပင်၏ ပင်စည်၊ အရွက်နှင့် အဖူးအပွင့်တို့ကို ဟင်းသီးဟင်းရွက်အဖြစ် ရောင်းချစားသုံးတတ်ကြ၏။ အာဟာရဓာတ်ကြွယ်ဝလှသည့် မြေပစ်ပင်ကို ဥရောပနိုင်ငံများ၊ အရှေ့ အလယ်ပိုင်းဒေသ၊ အာရှနိုင်ငံများနှင့် မက္ကဆီကို အပါအဝင် နိုင်ငံအတော်များများတွင် ဟင်းသီးဟင်း ရွက်အဖြစ် စားသုံးတတ်ကြ၏။ 

  • မြေပစ်ပင်၏ ပင်စည်၊ အရွက်နှင့် အဖူးအပွင့်လေးများကို ရေနွေးဖျောပြီး ငပိရည်ကျို၊ ငပိထောင်း၊ ငပိသုပ်၊ ခရမ်းချဥ်သီးထောင်း၊ ခရမ်းချဥ်သီးပန်ထွေဖျော်၊ ငရုတ်သီးထောင်း၊ ငါးပိချက် အစရှိသည်တို့နှင့် တွဲဖက်ကာ တို့စရာအဖြစ် စားသုံးတတ်ကြ၏။  

  • ရေနွေးဖျောပြီးသား မြေပစ်ပင်စည်အရွက်နှင့် အဖူးအပွင့်လေးများကို နှစ်သက်သလို လှီးဖြတ်ပြီးနောက် အသုပ်သုပ်စားတတ်ကြ၏။ 

  • အချို့ကလည်း မြေပစ်ပင်ကို နှစ်သက်ရာအရွယ်ချိုးဖြတ် သန့်စင်ပြီးနောက် ဒယ်အိုးပူပူတွင် ဆီအနည်းငယ်ထည့်၊ ဓားပြားရိုက်ထားသော ကြက်သွန်ဖြူထည့် ဆီသတ်ပြီး ကြော်ချက် ချက်စားတတ်ကြသကဲ့သို့ ငပိစိမ်းစား၊ ပုစွန်ခြောက် ထောင်းလေးခပ်ကာ ဟင်းလှော်လေးလည်း ချက်စားတတ်ကြသေး၏။ 

  • ဂရိလူမျိုးများက  မြေပစ်ပင်အရွက်နှင့် ပင်စည်များကို ဒိန်ခဲ၊ ခရမ်းချဥ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အိုရီဂါနိုးရွက်၊ သံလွင်ဆီတို့နှင့်အတူရောပြီး စားတတ်ကြ၏။

  • မြေပစ်ပင်အရွက်မှာ ကျိချွဲချွဲဖြစ်သည့်အတွက် စွပ်ပြုတ်များ၊ ဟင်းချိုပွဲများအတွက် သင့်လျော်သည့် ဟင်းရွက် တစ်မျိုးဖြစ်စေ၏။

  • အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ဘဲ၊ ဝက်၊ နွားတို့ကိုလည်းလည်း တိရစ္ဆာန် အစာအဖြစ် ကျွေးမွေးတတ်ကြ၏။ 

ရာသီချိန်ခါနှင့်အညီ သဘာ၀တရားမှပေးသည့် လက်ဆောင်မွန် မြေပစ် ပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ‌ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ် နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။ ထို့အပြင် မိမိတို့နိုင်ငံအတွက် ဂေဟစနစ်‌ ကောင်းမွန်စေရေး၊ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝမှုများ ထိန်းသိမ်းရေးတို့ကို ရိုးရာယဥ်ကျေးမှု ဓလေ့ ထုံးတမ်းများနှင့်အညီ ထိန်းသိမ်းစေနိုင်မည် ဖြစ်၏။

ကြေးမုံငယ်