သဘာဝကပေး အစာနှင့်ဆေး ၊ ကြာဟင်း

ငယ်ငယ်တုန်းက အဖွားချက်ကျွေးနေကျ ရိုးရှင်းလှသည့် ဟင်းလေးတစ်မယ်... ခြံစည်းရိုးဟင်းချိုလို့ အဖွားက တင်စားပြီးခေါ်သော အာဟာရအပြည့်ရှိသည့် ဟင်းချိုလေးတစ်ခွက်၊ ကြာဟင်းနွယ်ညွန့်နှင့်အတူ ကင်းပုံ၊ သပွတ်ညွန့်၊ ဒန့်သလွန်၊ ဆူးပုပ်တို့ခပ်ကာချက်ထားသော ဟင်းချိုရည် ပူပူချိုချိုမွှေးမွှေးလေး... ထမင်းဖြူပေါ်ဆမ်းပြီး ရှောက်ရည်ညှစ်ထားသော ငပိထောင်းစပ်စပ်နဲ့ မထိတထိလေး ရောနယ်၊ သခွားသီး တို့စရာလေးကိုက်၊ အကောင်လိုက်မီးဖုတ်ထားသော ငါးနှပ်ခြောက်နှင့် အလွန်ပင် ထမင်းမြိန်ခဲ့ရပါသော ထိုကာလ... ဝမ်းချုပ်တတ်သည့် ကျွန်မတို့မောင်နှမတွေအတွက် သဘာဝအတိုင်း ဝမ်းပျော့စေသည့်အပြင် ကျန်းမာရေးနှင့်ညီညွတ်သော ဟင်းတစ်မယ် ကြာဟင်းနွယ်ညွန့် ဟင်းချိုလေးကို အမှတ်တရလွမ်းလှပါသည်။
ကြာဟင်းပင်ဟု အခေါ်များသည့် အပင်ကို နွယ်လိမ်ပင်ဟုလည်းကောင်း၊ ညံနွယ်ပင်ဟုလည်းကောင်း၊ မြောက်ကန်စွန်းပင်ဟုလည်းကောင်း ဒေသအလိုက် အမျိုးမျိုးခေါ်ဝေါ်ကြ၏။ ယင်း၏အင်္ဂလိပ်အမည်မှာ Transparent wood rose ဟု ခေါ်ဆိုကြသကဲ့သို့ Turpeth နှင့် Indian jalap ဟုလည်း ခေါ်ဆိုကြ၏။ ရုက္ခဗေဒအမည်မှာ Operculina turpethum (L.) Silva. Manso ဖြစ်ပြီး မျိုးရင်း Convolvulaceae တွင်ပါဝင်၏။ ကြာဟင်းပင်သည် အာရှတိုက်၏အပူပိုင်းရာသီဥတုရှိသည့်ဒေသများ၊ အရှေ့အာဖရိက နှင့် အိန္ဒိယသမုဒ္ဒရာဒေသတို့မှ သဘာဝအလျောက် စတင်ပေါက်ရောက်ဖြစ်ထွန်း၏။ ထိုမှသည် အရှေ့အာဖရိက၊ အိန္ဒိယ၊ သီရိလင်္ကာ၊ အရှေ့တောင်အာရှ၊ အင်ဒိုနီးရှားနှင့် ဩစတေးလျတို့တွင်လည်း တွေ့ရှိရ၏။ အထူးသဖြင့် အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ တရုတ်၊ တရုတ်(တိုင်ပေ)နှင့် မြန်မာနိုင်ငံတို့တွင် တွေ့ရှိရ၏။ ထို့အပြင် ၎င်းကို အနောက်အင်ဒီများနှင့် ပြင်သစ်ဂီယာနာ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပျံ့နှံ့ပေါက် ရောက်လာခဲ့၏။ ကြာဟင်းပင်သည် မြန်မာနိုင်ငံနေရာအနှံ့တွင်လည်း သဘာဝအလျောက် ပေါက်ရောက်တတ်၏။ အချို့သောနိုင်ငံများတွင် ယင်းအပင်ကို ပေါင်းပင်အဖြစ် သတ်မှတ်ထားကြ၏။
ကြာဟင်းပင်သည် နှစ်ရှည်ခံပင် အမျိုးအစားဖြစ်ပြီး မြေပေါ်တွင် တွားသွားပြီးပေါက်သော နွယ်ပင်ရှည်မျိုး ဖြစ်၏။ ခရမ်းညိုရောင်ပင်စည်မှာ တွန့်လိမ်လိမ်ထွက်လာပြီး သုံးထောင့်ပုံဖြစ်ကာ ထိုထောင့်များပေါ်တွင် အတောင် လေးများသဖွယ် ပါးလွှာသော နှုတ်ခမ်းသားပါရှိ၏။ အခက်အလက်များစွာထွက်ရှိပြီး ရွက်ရိုးတံတွင် အမွေးနုကလေး များဖြင့် ဖုံးအုပ်နေတတ်၏။ အရွက်များသည် ပင်စည်၏ တစ်ဖက်တည်းမှ လိမ်ထွက်၏။ ရွက်ပြားကြီး၍ နှလုံးပုံ သဏ္ဍာန်ရှိ၏။ ရွက်ရင်းတွင် ညီညာသော အဝိုက်ကြီးများရှိပြီး ရွက်ထိပ်ချွန်၏။ ရွက်ကြောထင်ရှား၍ ရွက်နားလှိုင်း အနည်းငယ်တွန့်၏။ ရွက်ပြားချော၏။ ရွက်ညှာ အလွန်ရှည်၍ အလယ်တွင် မြောင်းတိမ်ကလေးပါရှိ၏။ ပန်းပွင့်မှာ အဖြူရောင် ခေါင်းလောင်းပုံဖြစ်ပြီး ပွင့်ညှာတံ တစ်ခုတွင် အပွင့် ၁ ပွင့် မှ ၇ ပွင့် ထိ ပါရှိ၏။ ပွင့်ချပ်မှာ အစိမ်းရောင် ဖြစ်ပြီး ရှည်မျောမျော ဘဲဥပုံဖြစ်၏ ။ အတွင်း ၃ ဖတ်၊ အပြင် ၂ ဖတ်ရှိ၏။ အသီးကြီး၍ လုံးဝိုင်းပြီး အတွင်းတွင် ပြောင်ချောသည့်အစေ့ ၄ စေ့ရှိ၏။
ကြာဟင်းပင်တွင် ဆေးဖက်ဝင်ဂုဏ်သတ္တိရှိသည့်အတွက် ရှေးယခင်ကတည်းက အာယုဗေဒဆေးပညာအရ အသုံးပြုခဲ့ကြသည့်အပင်ဖြစ်၏။ ကြာဟင်းပင်တွင် သာမန်ဟင်းသီးဟင်းရွက်ပင်များကဲ့သို့ အာဟာရတန်ဖိုးကို ဖော်ပြထားခြင်းမရှိသော်လည်း ဇီဝဗေဒဆိုင်ရာဒြပ်ပေါင်းများ အမျိုးမျိုးပါဝင်၏။ ၎င်းတို့တွင် တာပီသင်း turpethin၊ အစေး resin၊ ဂလိုင်ကိုဆိုက် glycosides၊ ဆာပိုနင် saponins၊ ဖလေဗာနွိုက်flavonoids၊ စတီး ရွိုက် steroids နှင့် ကာဗိုဟိုက်ဒရိတ်တို့ ပါဝင်သည်။ ထို့အပြင် မရှိမဖြစ်လိုအပ်သော အဆီများ၊ ဂလူးကို့စ်နှင့် ဖရက်တို့စ် fructose တို့ ပါဝင်၏။
ကြာဟင်းနွယ်ညွန့်တွင် ဝမ်းပျော့စေနိုင်သည့်ဂုဏ်သတ္တိရှိသည့်အတွက် ဝမ်းချုပ်ခြင်းကို သက်သာစေသည့်အပြင် ကျင်ကြီးစွန့်သည့်စနစ်ကို ကောင်းမွန် စေရန် အထောက်အကူပြုစေနိုင်၏။
ကြာဟင်းနွယ်ညွန့်သည် ကိုယ်ခန္ဓာအတွင်းရှိ ပိုလျှံနေသောရေဓာတ်ကို စွန့်ပစ်ရန် အထောက်အကူပြုနိုင်ခြင်းကြောင့် ဖောရောင်ခြင်းကို သက်သာစေနိုင်၏။
သွေးသန့်စင်ပေးနိုင်သည့်ဂုဏ်သတ္တိရှိသည့် ကြာဟင်းနွယ်ညွန့်ကို ပုံမှန်စားပေးခြင်းဖြင့် အရေပြားရောဂါများ ခံစားရ ခြင်းမှ သက်သာစေနိုင်၏။
လေ့လာဆန်းစစ်မှုအချို့အရ အသည်းကျန်းမာလိုသူများအနေဖြင့် ကြာဟင်းနွယ်ညွန့်ကို ပုံမှန် စားသုံးပေးသင့်၏။
ကြာဟင်းနွယ်ညွန့်သည် သွေးအတွင်းရှိ သကြားဓာတ်ပမာဏကို ထိန်းထားပေးနိုင်ခြင်းကြောင့် ဆီးချိုရောဂါဖြစ်ပွားနိုင် ခြင်းကို ဟန့်တားပေးနိုင်၏။
ကြာဟင်းနွယ်ညွန့်သည် ကိုယ်တွင်းရောင်ရမ်းနာကျင်ခြင်းနှင့် ကိုက်ခဲခြင်းဝေဒနာကို သက်သာစေနိုင်စွမ်းရှိ၏။
ကြာဟင်းနွယ်ညွန့်တွင် ချောင်းဆိုးခြင်း၊ ပန်းနာရင်ကျပ်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ အအေးမိအဆုပ်ရောင်ခြင်းနှင့် တီဘီရောဂါ အစရှိသည့် ဝေဒနာများ ခံစားရခြင်းမှ သက်သာစေနိုင် စွမ်းရှိ၏။
ကြာဟင်းနွယ်ညွန့်သည် အစာအိမ်အတွင်းရှိ သန်ကောင်၊ တုပ်ကောင်များကို ဖယ်ရှားပေးနိုင်စွမ်းရှိ၏။
လေ့လာတွေ့ရှိချက်များအရ ကြာဟင်းနွယ်ညွန့်ကို စားသုံးပေးခြင်းဖြင့် ပြည်တည်နာများကို သက်သာစေနိုင်သည်ဟု ဆို၏။
ကြာဟင်းနွယ်ညွန့်တွင် ကင်ဆာရောဂါဖြစ်ရန် အလားအလာရှိသော အဖုအကျိတ်များ၊ ဆဲလ်များကွဲပြီးအသစ်ထပ်မံ ဖြစ်ပေါ်ခြင်းကို ဆန့်ကျင်နိုင်စွမ်းရှိသည်ဟု ဆို၏။
ရိုးရာဓလေ့များအရ ကြာဟင်းပင်ကို လိပ်ခေါင်းရောဂါ၊ အဖုအကျိတ်များ၊ အာရုံကြောဆိုင်ရာ ချို့ယွင်းမှုများ၊ အမျိုးသမီးများ လစဥ်ဓမ္မတာစက်ဝန်းကာလအတွင်း နာကျင်ခြင်းနှင့် ဖျားနာခြင်းတို့အတွက် အသုံးပြုကြသည်ဆို၏။
မြန်မာဆေးကျမ်းများ အလိုအရ ကြာဟင်းပင်သည် ချို၏၊ စဥ်းငယ်ခါး၏။ ဖန်၏၊ ပူသောသတ္တိရှိ၏။ လေကို ထုတ်စေတတ်၏ ။ လေနာ၊ နူနာတို့ကို ပျောက်စေ၏ ။
ကြာဟင်းပင်သည် မြန်မာနိုင်ငံအနှံ့နေရာဒေသအစုံတွင် အလေ့ကျ ပေါက်ရောက်သည့် အပင်မျိုးဖြစ်သည့်အတွက် ဒေသစုံ၊ နယ်ပယ်စုံမှ ချက်ပြုတ်နည်းစုံလင်စွာဖြင့် ပြင်ဆင်ချက်ပြုတ်စားသုံးတတ်ကြ၏။
ကြာဟင်းနွယ်နှင့် အဖူးအပွင့်လေးများကို ရေနွေးဖျောပြီး ငပိရည်ကျို၊ ငပိထောင်း၊ ငပိသုပ်၊ ခရမ်းချဥ်သီးထောင်း၊ ခရမ်းချဥ်သီးပန်ထွေဖျော်၊ ငရုတ်သီးထောင်း၊ ငပိချက် အစရှိသည်တို့နှင့် တွဲဖက်ကာ တို့စရာအဖြစ် စားသုံးတတ်ကြ၏။
ရေနွေးဖျောပြီးသားကြာဟင်းနွယ်နှင့် အဖူးအပွင့်လေးများကို နှစ်သက်သလို လှီးဖြတ်ပြီးနောက် ကြက်သွန်နီပါးပါးလှီး၊ မြေပဲလှော်၊ နှမ်းလှော်ထောင်း၊ ပဲကျက်မှုန့်၊ ငရုတ်သီးစိမ်းပါးပါးလှီး၊ ပုစွန်ခြောက်မှုန့်၊ သံပရာရည်ညှစ်ပြီး နှံ့အောင် နယ်ပြီး သုပ်စားလျှင်လည်း အလွန်ပင် ခံတွင်းမြိန်စေသည့် အသုပ်လေးတစ်ပွဲရ၏။
ကြာဟင်းနွယ်နှင့် အဖူးအပွင့်လေးများကို သန့်စင်အောင်ရေဆေးပြီးနောက် ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီးစိမ်းတို့ကို မညက်တညက်ထောင်းပြီး ဟင်းခတ်အဖြစ် နှစ်သက်ရာ ပုစွန်/ပုစွန်ခြောက်၊ ငါး/ငါးခြောက်၊ ငါးပိစိမ်းစား အနည်းငယ်၊ ဆား၊ နနွင်းမှုန့်၊ အရသာမှုန့်အနည်းငယ်ခပ်ပြီး အိုးတစ်လုံးထဲထည့်၊ အားလုံးသမအောင် ရောနယ်ပြီး အိုးအဖုံးအုပ်ပြီး တည်ပါ။ ဟင်းရွက်လေးများနွမ်းလာသောအခါ အဖုံးဖွင့် မန်ကျည်းနှစ်ပျစ်ပျစ်ဖျော်ပြီးထည့်၊ ရေနွေးအနည်းငယ် ထည့်ကာ သမအောင်မွှေပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ချဥ်ငံစပ်အရသာလေးနှင့် ထမင်းမြိန်စေမည့် ကြာဟင်းနွယ် စပ်ချဥ်ချက်လေး ရ၏။ အရံဟင်းဖြစ်သော်လည်း အသားဟင်းနှင့် မလဲနိုင်သောဟင်းလေးပါ။
ပုစွန်အစို/ပုစွန်ခြောက်/ ငါးမီးအုံး/ ငါးကျည်းကြပ်တိုက်တို့ကို ကြက်သွန်ဖြူ၊ ငရုတ်ကောင်းစေ့နိုင်နိုင် မညက်တညက် ထောင်းနှင့်အတူ ငပိစိမ်းစားခပ်ကာ ဟင်းရည်ကျအောင် တည်ထားသော ဟင်းရည်အိုးထဲသို့ သဘာဝ ပေါက်ပင် ခြံစည်းရိုးရွက်စုံဖြစ်သည့် ကြာဟင်းနွယ်ညွန့်နှင့်အတူ ကင်းပုံ၊ သပွတ်ညွန့်၊ ဒန့်သလွန်၊ ဆူးပုပ်တို့ခပ်ကာ ရွက်စုံဟင်းချို အဖြစ်လည်း ချက်သောက်နိုင်၏။ ရှောက်သီးသုပ်၊ ငပိသုပ်တို့၊ ငါးခြောက်ဖုတ်နှင့်တွဲပြီးစားလိုက်ရလျှင်ဖြင့် အဲ့ဒီနေ့ အတွက် နတ်သုဒ္ဓါပင်။
ကြာဟင်းနွယ်ညွန့်များကို နှစ်သက်ရာအရွယ်ချိုးဖြတ် သန့်စင်ပြီးနောက် ဒယ်အိုးပူပူတွင် ဆီအနည်းငယ်ထည့်၊ ဓားပြားရိုက်ထားသော ကြက်သွန်ဖြူထည့် ဆီသတ်ပြီး ကြော်စားနိုင်၏။
ရာသီချိန်ခါနှင့်အညီ သဘာ၀တရားမှပေးသည့် လက်ဆောင်မွန် ကြာဟင်းပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။ ထို့အပြင် မိမိတို့နိုင်ငံအတွက် ဂေဟစနစ် ကောင်းမွန်စေရေး၊ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝမှုများ ထိန်းသိမ်းရေးတို့ကို ရိုးရာယဥ်ကျေးမှု ဓလေ့ ထုံးတမ်းများနှင့်အညီ ထိန်းသိမ်းစေနိုင်မည် ဖြစ်၏။
ကြေးမုံငယ်